အမှောင်ချခံနေရတဲ့ မြန်မာသတင်းလောက
စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးသွားပါတယ်။ စစ်ကောင်စီဟာ သတင်းသမားတွေကို ရာဇဝတ်သားတွေလို ပစ်မှတ်ထားပြီး ရိုက်နှက်ဖမ်းဆီးတာတွေ၊ တရားစွဲတာတွေ လုပ်ဆောင်နေပါတယ်၊ သတင်းသမားတွေအတွက် သတင်းရယူနိုင်ဖို့ အခက်အခဲတွေအများအပြားရှိနေပြီး အင်တာနက်ကိုလည်း ဖြတ်တောက်ထားလို့ သတင်းစီးဆင်းမှုဟာ ရပ်ဆိုင်းလုနီးပါးဖြစ်နေပါတယ်။
ပြည်တွင်းသတင်းဌာနတစ်ခုက အကြီးတန်းအယ်ဒီတာတစ်ဦးက ...
"လုံးဝအပြင်ထွက်လို့မရတဲ့ သတင်းထောက်တွေ ရှိလာတယ်။ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ ရှိလာတယ်။ ပိတ်ပင်ခံရတဲ့ သတင်းထောက်တွေရှိလာတယ်။ ကျွန်တော်တို့ကို သတင်းပေးမယ့် ပြည်သူလူထုတွေရဲ့ အင်တာနက်ဖြတ်တောက်မှုတွေ၊ ဖုန်းလိုင်းက ခေါ်ဆိုမရအောင် နှောင့်နှေးအောင် လုပ်ထားတဲ့ဟာတွေ ဖုန်းကို သယ်ဆောင်သွားလို့မရတဲ့ ပြဿနာတွေနဲ့ သတင်းရယူဖို့ အရမ်းကို ခက်ခဲလာတဲ့အခါကျတော့ သတင်းတစ်ပုဒ်ကိုရရှိဖို့က စက္ကန့်မဆိုင်း နာရီမဆိုင်း ဆိုတာမျိုး လုံးဝ လုပ်လို့မရဘူး။ အချက်အလက်တွေ ရှာဖွေတဲ့နေရာမှာလည်း အရမ်းကိုခက်ခဲလာတယ်။ အဲ့ဒါရဲ့ နောက်ဆက်တွဲက သတင်းအတုတွေ ဖြစ်လာသလို သတင်းအတုမဟုတ်ပေမယ့် ကိုယ့်ကြားတဲ့ဟာကို အဆင်ပြေသလို တင်တဲ့အတွက် အချက်အလက်အမှားတွေအပေါ်မှာ လိုက်ပြီးစိစစ်ရတာလည်း ခက်ခဲလာတဲ့အတွက် တခါတလေကျရင် တစ်ချို့ မီဒီယာတွေမှာတောင် သတင်းတစ်ခုနဲ့တစ်ခုမတူဘဲ လွဲမှားလာတဲ့အထိကို ဖြစ်လာတယ် စီးဆင်းမှုနှုန်းကတော့ လုံးဝထိုးရပ်လုနီးနီးပဲ ပြောရမယ်ဆိုရင် ရပ်ဆိုင်းလုနီးနီးကိုဖြစ်နေတာ" လို့ပြောပါတယ်။
မန္တလေးအခြေစိုက် ရုပ်သံသတင်းထောက်ကလည်း ....
"မီဒီယာတွေရဲ့ လက်ရှိသတင်းယူရတဲ့အခက်အခဲကတော့ အကုန်လုံးလဲသိတဲ့အတိုင်းပဲပေါ့နော် မီဒီယာတွေမှာ ဦးတည်ချက်ထားပြီးဖမ်းလာတာတွေ အရင်တုန်းကဆိုရင် နိုင်ငံခြားသတင်းထောက်ဆိုရင် ထုတ်ခွင့်ပေးတယ် အခုတော့ ပြည်တွင်းရော၊ ပြည်ပရော ဖမ်းလာတယ် ပြည်တွင်းကမီဒီယာတွေကို ထုတ်ဝေခွင့်ပိတ်လိုက်တယ် လက်ရှိမီဒီယာလွတ်လပ်ခွင့်ကတော့ လုံးဝမရှိသလောက်ပဲလို့ ပြောရမှာပေါ့နော်" လို့ ပြောပါတယ်။
ပြည်တွင်းမီဒီယာအများစုဟာ ထုတ်ဝေခွင့် ၊ ထုတ်လွှင့်ခွင့်တွေ ရပ်ဆိုင်းခံခဲ့ရပြီး စစ်ကောင်စီအလိုကျ ရေးသားထုတ်လွှင့်တဲ့ သတင်းမီဒီယာတချို့ပဲ လုပ်ငန်းလည်ပတ်ခွင့် ရနေပါတယ်၊ သတင်းရိုက်ကူးနိုင်ဖို့ ကင်မရာတွေ အသုံးပြုဖို့ မလွယ်ကူတဲ့အပြင် တယ်လီဖုန်းနဲ့တောင် ရိုက်ကူးနိုင်ဖို့ အဆင်မပြေတဲ့ အခြေအနေမှာရှိနေပါတယ်၊
ရန်ကုန်အခြေစိုက် ဓာတ်ပုံသတင်းထောက်ကလည်း ....
"ကျွန်တော်က ဓာတ်ပုံသတင်းထောက်ပေါ့ အခု Field ထဲကို သွားပြီးဓါတ်ပုံရိုက်တဲ့အခါမှာ လွယ်အိတ်သေချာဖွင့်စစ်တယ်။ Memory Card တွေထုတ်ခိုင်းတယ် တစ်ချို့သတင်းထောက်တွေကျတော့ Freelances တွေဖြစ်တဲ့အတွက် ကားတွေဘာတွေ မငှါးနိုင်ဘူးပေါ့ဗျာ လိုင်းကားတွေ YBS တွေ စီးပြီးတော့ သတင်းသွားယူနေရတဲ့ သတင်းထောက်တွေရှိတယ်ခင်ဗျ အခု YBS တွေပါ တားပြီးစစ်နေတာတွေရှိတယ်ဗျ မြို့နယ်အလိုက်ကိုဖြစ်နေတာဗျ သူတို့က သေသေချာချာလည်း လိုက်စုံစမ်းလို့ မရဘူး ဘယ်နေရာမှာစစ်တယ်ဆိုတာလည်း မသိရဘူးဗျ ရှောင်တခင်ကားရပ်ပြီး စစ်တဲ့နေရာတွေလည်းရှိတယ်ဗျ" လို့ ပြောပါတယ်။
မန္တလေးအခြေစိုက် ရုပ်သံသတင်းထောက်က ....
"မန္တလေးရဲ့အခြေအနေက ပြည်သူတွေအခုမှ ဖုန်းကိုင်ရတာကို ကြောက်တဲ့ အနေအထားကို ရောက်တာ မီဒီယာတွေက ဒီမှာ ကိုင်ခွင့်မရတာ တော်တော်ကြာပြီ။ သူတို့ အာဏာသိမ်းပြီး ၂ ပတ်လောက်အကြာမှာပေါ့နော်။ ဒီမှာကိုင်ရင် သီးသန့်လိုက်ရိုက်သလိုမျိုး Press ဦးထုပ်နဲ့ကို သီးသန့် လိုက်ရိုက်သလိုမျိုး အခြေအနေတွေက အရမ်းကြုံရတယ်။ အခုက မြေပြင်ကို ကွင်းဆင်းနေတဲ့ သတင်းထောက်တွေကို ပိုပြီး ဦးတည်ပြီး ဖမ်းလာတာ တွေ့ရတယ်။ သတင်းထောက်တွေအနေနဲ့ အရမ်းအန္တရာယ်များတဲ့ အခြေအနေတစ်ခုလို့ ပြောလို့ရတာပေါ့။ ဖုန်းနဲ့ရိုက်တဲ့အခြေအနေမှာ တီဗွီလိုင်းတွေအတွက်ဆိုရင်တော့ ဒီ Resolution တွေက အခက်အခဲဖြစ်တယ် မီဒီယာတွေအနေနဲ့ လွတ်လွတ်လပ်လပ် သတင်းယူခွင့်မရဘူး အဝေးကနေ ခိုးယူရတဲ့အခြေအနေမှာ ဖုန်းနဲ့အရမ်းလှမ်းရိုက်တဲ့အခြေအနေမှာ ဘယ်လိုမှ ရုပ်ကဒ်တွေက အဆင်မပြေနိုင်ဘူး အဲ့လိုအခက်အခဲတွေလည်းရှိတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကိုင်အဖွဲ့တွေက လမ်းသွားလမ်းလာတွေ ခရီးသွားတွေ တစ်ယောက်ချင်းစီကို စစ်ဆေးပြီး ဖုန်းမပါတာ၊ ခလုတ်ဖုန်းကိုင်တာတွေကို ရိုက်နှက်ဖမ်းဆီးတာ၊ ဒဏ်ငွေဆိုပြီး တောင်းတာတွေလုပ်နေပါတယ်။ ဖုန်းကိုစစ်ဆေးတဲ့အခါမှာ သူတို့သဘောမကျတဲ့ ဓါတ်ပုံ၊ ဗီဒီယို၊ ဆိုရှယ်မီဒီယာ စတာတွေ တစ်ခုခုတွေ့ရင် ရိုက်နှက်ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲနေတာအပြင် တချို့နေရာတွေမှာ စစ်ဆေးစရာ အချက်အလက်ရှာမတွေ့ပေမယ့် မော်ဒယ်မြင့်ဖုန်းတွေကို ပြန်မပေးတာတွေကြောင့် သတင်းသမားတွေသာမက ပြည်သူတွေကပါ စမတ်ဖုန်းကိုင်ဆောင်သွားလာရမှာကို ကြောက်ရွံ့နေကြပါတယ်၊
မန္တလေးအခြေစိုက် ရုပ်သံသတင်းထောက်တဦးက ....
"ပထမဆုံးစဖမ်းတဲ့အခါမှာတော့ ဖုန်းမပါရင်ပိုက်ဆံတောင်းတာတွေက မန္တလေးက စသလိုမျိုးတောင် ဖြစ်သွားတယ်။ အဲ့လိုမျိုး တောင်းတာတွေ ရှိတယ်။ အဲ့လိုမျိုးဖြစ်နေတာတွေက ညီမပတ်ဝန်းကျင်မှာကော အစစ်ခံရတဲ့သူတွေ တွေ့ရတယ် တစ်နေ့ကတောင်မှ ညီမတို့ ကိုယ်တိုင် လမ်းမှာတွေ့ခဲ့တယ်။ ဒါပေမယ့် ညီမတို့က ရှောင်နိုင်ခဲ့တယ်ပေါ့။ အဲ့လိုမျိုးအခြေအနေတော့ ရှိတယ်ရှင့်။ ဖုန်းယူစစ်တယ်ဆိုတာက ပြည်သူတွေတင်မဟုတ်ဘူး မီဒီယာ တွေကော အကုန်လုံးကိုစစ်တဲ့အတွက် မီဒီယာတွေဆိုရင် ဖုန်းထဲမှာ ဒီပုံတွေက ရှိကိုရှိတာပဲဆိုတော့ အပြင်ထွက်တဲ့အခါမှာ မီဒီယာတွေအတွက်က ပိုပြီးအခက်အခဲဖြစ်တာပေါ့"လို့ ပြောပါတယ်။
ရန်ကုန်အခြေစိုက် ဓာတ်ပုံသတင်းထောက်တဦးကလည်း ....
"ပြည်သူတွေကော သတင်းယူရတဲ့ အပိုင်းတွေကော တော်တော်ခက်တယ်ဗျ တစ်ချို့ကျတော့ ပိုက်ဆံတောင်းတဲ့အပိုင်းတွေလည်း ရှိတယ်။ ဖုန်းမပါရင် ပိုက်ဆံပေးခဲ့ဆိုပြီး ကျွန်တော်တစ်ခါကြုံရဖူးတယ်ခင်ဗျ။ ကျွန်တော်ကိုယ်တိုင်ကို ကြုံရတယ်ဗျ ဖုန်းနဲ့ရိုက်တာကျတော့ ဗီဒီယိုအတွက်ပဲ အဆင်ပြေလောက်မယ်။ ဓာတ်ပုံအတွက်က ကင်မရာနဲ့ရိုက်မှ အဆင်ပြေတယ်။ ကျွန်တော်တို့ကတော့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး တိုက်ပွဲဝင်နေပါတယ်။ ဒီမိုကရေစီ တိုက်ပွဲအတွက်ကို ပြည်သူတွေဘက်ကလည်း ပူးပေါင်းစေချင်တယ်" လို့ ပြောပါတယ်။
လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတဲ့အခါ စမတ်ဖုန်းမကိုင်ဆောင်ထားဘူးဆိုရင်လည်း ဘာကြောင့် တယ်လီဖုန်း သယ်မလာတာလဲဆိုပြီး ဒဏ်ငွေဘယ်လောက်၊ ခလုတ်ဖုန်းကိုင်ရင် ဒဏ်ငွေဘယ်လောက် ဆိုပြီး ဒဏ်ရိုက်တာတွေ ရှိနေပါတယ်။ ဒီလိုဒဏ်ရိုက်တာတွေ လုပ်နေတဲ့အကြောင်းကိုလည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ ရပ်ကွက်တွေထဲထိ ရဲနဲ့စစ်တပ်က သတိပေးဆော်ဩတာတွေ လုပ်နေပါတယ်။
ပြည်တွင်းသတင်းဌာနတစ်ခုက အကြီးတန်းအယ်ဒီတာတစ်ဦးက ...
"ဖုန်းဆိုတာတောင်မှ ဖုန်းအကောင်းစား ကိုင်သွားလို့ မရတဲ့ခေတ်ကို ရောက်နေတာ လက်ထဲမှာဖုန်းရှိရင် အဖမ်းခံရမယ့် အနေအထားဖြစ်နေပြီ ဘာလို့လဲဆိုတော့ အချက်အလက်စစ်မယ် Facebook စစ်မယ်ဆိုတော့ ကျွန်တော်တို့မီဒီယာသမားဆိုတာက သတင်းအချက်အလက်တွေနဲ့ ကင်းလွတ်နေတဲ့ အခြေအနေ မဟုတ်တဲ့အခါကျတော့ ဖမ်းဆီးခံရမယ့် အနေအထား ဖြစ်နေတဲ့အခါကျတော့ အပြင်သွားရင်တောင် အထောက်အကူပစ္စည်းမပါဘဲ သွားနေရတဲ့အနေအထား ဖြစ်နေတယ် အခုက ကင်မရာကိုင်လို့ရတဲ့ခေတ်လည်း မဟုတ်တော့ဘူး အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတဲ့ အနေအထားမျိုးဖြစ်နေတယ် ရုပ်ပိုင်းဆိုင်ရာလည်း လုံခြုံမှုမရှိဘူး" လို့ ပြောပါတယ်။
သတင်းသမားတွေအနေနဲ့လည်း သတင်းရယူနိုင်ဖို့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးရတာဖြစ်လို့ အခုလိုစစ်ဆေးအရေးယူ နေတာတွေဟာ ခိုင်မာမှန်ကန်တဲ့ သတင်းရယူဖို့ အခက်အခဲတွေကြုံနေပါတယ်၊ အချိန်နဲ့တပြေးညီ သတင်းမှန်တွေရရှိဖို့ ဆောင်ရွက်နေတဲ့ သတင်းဌာနတွေ သတင်းရယူထုတ်လွှင့်ခွင့် အားနည်းလာတာနဲ့အမျှ သတင်းအတုတွေ၊ သတင်းမှားတွေ ပြည်သူတွေကြားမှာ ပိုပြီးပျံ့နှံ့လာပါတယ်။
ပြည်တွင်းသတင်းဌာနတစ်ခုက အကြီးတန်းအယ်ဒီတာတစ်ဦးက ....
"အခုက အနယ်နယ်အရပ်ရပ်က သတင်းတွေကိုရဖို့ ကြိုးစားတဲ့အခါမှာ ပြည်သူလူထုနဲ့ပတ်သက်ပြီးတော့ အခက်အခဲက သူတို့ရဲ့ယုံကြည်မှုပေါ့နော် မီဒီယာသမားဆိုပြီး ယုံယုံကြည်ကြည်နဲ့ ဖွင့်ပြောတာမျိုး လုပ်ဖို့ဆိုတာက ခဲယဉ်းလာတဲ့အခါကျတော့ သူတို့ကို ပြောဆိုပိုင်ခွင့်ကို ဖိနှိပ်တဲ့ နည်းလမ်းပေါင်းစုံကို စစ်တပ်က သုံးတဲ့အခါကျတော့ အကြောက်တရားကြောင့် မဖြေတာတို့ သတင်းရယူဖို့အခက်အခဲကတော့ နည်းလမ်းပေါင်းစုံနဲ့ ပိုပြီးခက်ခဲလာတယ်လို့ ပြောလို့ရမှာပေါ့" လို့ ဆိုပါတယ်။
ရန်ကုန်အခြေစိုက် ဓာတ်ပုံသတင်းထောက်တယောက်က .....
"ပြည်သူတွေဘက်ကလည်း ကင်မရာမြင်ရင် ကြောက်နေရတဲ့အခြေအနေဖြစ်နေတယ်ဗျ။ ဖိနှိပ်ခံရတာ အရမ်းများလာတော့လေ အရင်တုန်းကဆိုရင် ရုပ်သံမှတ်တမ်း ယူရတာ ဓာတ်ပုံမှတ်တမ်းယူရတာ တော်တော်လေးလွယ်ကူတယ် ပြည်သူဘက်ကလည်း ပူးပေါင်းတယ်။ ဒီနောက်ပိုင်းကျတော့ တစ်ယောက်နဲ့တစ်ယောက်က ယုံကြည်မှုလေးတွေ လျော့နည်းလာတယ်လို့ထင်တယ်ဗျ ရပ်ကွက်တွေထဲ ဝင်တဲ့အခါ ဒလံဆိုပြီး အစစ်ခံရတာတွေ ရှိတယ်။ ပြည်သူအချင်းချင်းကလည်း ကင်မရာကိုင်ရင် ထောက်လှမ်းရေးလား ဘာလား အဲ့လိုအမြင်လေးတွေရှိတယ် အဲ့ဒီအမြင်လေးတွေကို ပြည်သူတွေဘက်လည်း တစ်ယောက်နဲ့တစ်ယောက် ထုတ်ဖော်ပေးရင်းနဲ့ သတင်းလိုက်နေတဲ့ သတင်းသမားတွေကို ပူးပေါင်းစေချင်တယ် အဲ့ဒါမှ သတင်းစီးဆင်းမှုလေးပိုမြန်မယ်လို့ ကျွန်တော်ထင်တယ်ဗျ"လို့ ဆိုပါတယ်။
သတင်းလွတ်လပ်ခွင့် ဆုံးရှုံးတာဟာ လူ့အခွင့်အရေးဆုံးရှုံးမှုပါ။ စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်၊ ဟန့်တား၊ ဖမ်းဆီးမှုတွေ ကြားကပဲ သတင်းမှန်ရရှိဖို့ ဆောင်ရွက်နေသူတွေအတွက် ဒီစိန်ခေါ်မှုတွေ ဘယ်လောက်ကြာမယ်ဆိုတာဟာလည်း မခန့်မှန်း နိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းလောကသား ၇ဝလောက်အဖမ်းခံခဲ့ရပြီး တချို့ပြန်လွတ်လာပါတယ်။ လောလောဆယ် အဖမ်းခံထားရတဲ့ သတင်းလောကသား ၄၀လောက်ရှိနေပါတယ်။