မြောက်ဦးမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာမှာ ဩဂုတ်လ ၂၈ ရက်နေ့ မနေ့က ညနေပိုင်းက စစ်ကောင်စီ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးတစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ငါးနှစ်အရွယ် မောင်မြတ်သူလင်း၊ အသက် ၆၅ နှစ်အရွယ် ဒေါ်အေးယဉ်နုနဲ့ အသက် ၄၂ နှစ်အရွယ် ဦးလှအောင်သိန်းတို့ ဖြစ်ပါတယ်။
အဲဒီအထဲက မောင်မြတ်သူလင်းကတော့ ကျေးရွာထဲ လက်နက်ကြီးကျရောက်သံ ထွက်ပေါ် လာချိန်မှာ မိခင်က သားကိုခေါ်ပြီး ထွက်ပြေးရာမှာ လက်နက်ကြီးအစထိမှန်ပြီး သေဆုံး ခဲ့တာလို့ မောင်မြတ်သူလင်းရဲ့ အဘိုး ဖြစ်သူ ဦးလှထွန်းကျော်က RFA ကို ပြောပါတယ်။
“အမေနဲ့သား ဖက်ပြီးတော့ ပြေးကြတဲ့အခါ ကလေးမှာ လက်နက်ကျည်စ နှာခေါင်းက ဝင်ပြီး ခေါင်းက ဖောက်ထွက်သွားတယ်။ အမေမှာက ညာဘက်လက်မှာတစ်ချက်၊ ပေါင်မှာတစ်ချက် ဒဏ်ရာရတယ်။ အမေရော၊ သားပါ သတိမရဘဲ လဲကျနေတာ။ အဲဒီမှာ ဆေးရုံကို စက်လှေနဲ့ လာတဲ့အခါ လမ်းမှာပဲ ကလေးက အသက် သေသွားတာ။ အခုတော့ သင်္ဂြိုဟ်ဖို့လုပ်နေပြီ။ ကျနော့် မြေးလေးကိုတော့ အုတ်ဂူတစ်ခု လုပ်ပေးဖို့ ပြင်ထားတယ်။ သူ့အဖေကလည်း မလေးရှားမှာဆိုတော့ သူပြန်လာတဲ့အခါမှာ မြင်ရအောင်လို့ လုပ်နေပါတယ်။ အမေကတော့ အခု ဆေးရုံမှာ ခွဲစိတ်ခန်းဝင်ဖို့ လုပ်နေတယ်”
မောင်မြတ်သူလင်းရဲ့ မိခင်ဟာလည်း ဒဏ်ရာပြင်းထန်တာကြောင့် မြောက်ဦးမြို့ဆေးရုံမှာ ဒီနေ့ခွဲစိတ်ကုသဖို့ ပြင်ဆင်နေပြီး သူစိတ်ထိခိုက်သွားမှာကို စိုးရိမ်တဲ့အတွက် ကလေး သေဆုံး သွားတာကိုတောင် ပြောမပြရဲဘူး ဖြစ်နေတယ်လို့ လည်း သူက ပြောပါတယ်။
ဒဏ်ရာရသူ ခုနစ်ဦးစလုံးဟာ မြောက်ဦး ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ကင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှသာထွန်းက RFA ကို ပြောပါတယ်။
“မနေ့ကဖြစ်တာက ညနေ ၅နာရီလောက်မှာ လက်နက်ကြီးနှစ်လုံးကျတယ်။ ကလေး တစ်ယောက်နဲ့ မိန်းမကြီး တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ ကလေးက လမ်းမှာသေတာ။ ပြီးတော့ မြောက်ဦးမြို့နယ် ချောင်းသစ် ကျေးရွာက ဒီမှာ လယ်လုပ်၊ ပျိုးစိုက်အငှား လုပ်နေတဲ့ သူတစ်ယောက်မှာလည်း ဒဏ်ရာရတယ်။ သူကလည်း မနေ့ ည ၈ နာရီလောက်မှာ သေဆုံး သွားတယ်။ ဒဏ်ရာရတဲ့သူတွေက အခုဆေးရုံမှာကတော့ ခုနစ်ယောက်ရှိပါတယ်။ နောက်နောင်လည်း အပြစ်မရှိတဲ့ ပြည်သူတွေကို ဒီလို မဖြစ်စေချင်ဘူး။ နောက်ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်”
ကင်းဆိပ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ် ခံရတာကြောင့် ကျေးရွာသားတွေအားလုံး မြောက်ဦးမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင် နေကြရတယ် လို့လည်း ဆိုပါတယ်။
မြောက်ဦးမြို့ရဲ့ မြောက်ဘက် စစ်တွေ - ရန်ကုန်ကားလမ်းအနီးမှာရှိတဲ့ လက္ကာကျေးရွာ အနီးမှာ စစ်ကောင်စီတပ် နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ မနေ့ နေ့လယ်က တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး မြောက်ဦးမြို့ မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ရဲ့ ခမရ (၃၇၇)၊ ခမရ (၅၄၀) တို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အခုဟာက အဲဒီရွာကို ဦးတည်ပြီးတော့ပစ်တာ။ ဒါဟာ လူမဆန်တဲ့ လုပ်ရပ်"
မနေ့က လက်နက်ကြီးကြောင့် အရပ်သားတွေထိခိုက်ခဲ့ရတဲ့ ကင်းဆိပ်ရွာဟာ မြောက်ဦးမြို့ ရဲ့ အနောက်ဘက် မြို့နဲ့ ကပ်လျက်မှာရှိတဲ့ရွာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ဆိုရင် ရှစ်မိုင်ခန့် ဝေးပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ မြို့ရဲ့ မြောက်ဘက်မှာ စစ်ကောင်စီ တပ်ကို အေအေ အဖွဲ့က တိုက်ခိုက်တာကို လက်စားချေတဲ့အနေနဲ့ ကင်းဆိပ် ကျေးရွာမှာရှိတဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) ရဲ့ နယ်မြေရုံးကို ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
“ပြည်သူလူထုကို အကြောက်သိမ်းသွင်းတာပေါ့နော်။ မင်းတို့ သူတို့နဲ့ ဆက်ဆံရင် ဒီလို ပုံစံမျိုး ခံရမယ်။ မင်းတို့ နောက် မဆက်ဆံနဲ့ ငါတို့မလုပ်ရဲတာ ဘာမှမရှိဘူး။ အာဏာတောင် သိမ်းပြထားတာဗျာ။ ဒါလေးကတော့ သူတို့အတွက် မဆန်းပါဘူး။ အဲဒီလိုမျိုး ခြိမ်းခြောက် ပြီးတော့ ပြည်သူတွေကိုလုပ်ကြတယ်လို့ပဲ မြင်ပါတယ်။ ကျနော်တို့ သိရတာကတော့ မြောက်ဦးမြို့နယ် ULA နယ်မြေရုံးကတော့ အဲဒီမှာ ရှိတယ်လို့ သိရတယ်။ အဲဒီရုံးကို တမင်တကာ လှမ်းပစ်တာဗျ။ လက်နက်ကြီးကလည်း အဲဒီရုံးနားမှာပဲကျတယ်လို့ သိရတယ်”
အဲဒီကင်းဆိပ်ကျေးရွာဟာ ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ရွာထဲကို ဝင်ရောက် စစ်ဆေးခဲ့တာကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် (AA ) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ ဒီပစ်ခတ်မှုဟာ အပြစ်မဲ့ ပြည်သူတွေကို ဦးတည်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြောပါတယ်။
“အစိုးရယန္တရားရှိလို့ရှိရင် အုပ်ချုပ်ရေးရုံးတို့၊ တရားစီရင်ရေးရုံးတို့ကတော့ရှိမှာပဲ။ အဲဒါရှိလို့ ပစ်တယ်ဆိုတာက လုံးဝလက်ခံနိုင်တဲ့ အကြောင်းပြချက်မဟုတ်ဘူး။ အပြစ်မဲ့ ပြည်သူတွေကို ဦးတည်တဲ့ ရာဇဝတ်မှုပဲဖြစ်တယ်။ တကယ်အုပ်ချုပ်ရေးရုံးကို ပစ်တယ် ဆိုလို့ရှိရင် အရပ်သား ပြည်သူတွေမရှိတဲ့ နေရာမျိုး၊ တခြားတပ်စခန်းရှိတဲ့ နေရာမျိုး အဲဒီလိုမျိုးဆိုလို့ရှိရင်တော့ လက်နက်ကိုင်အချင်းချင်း ဦးတည်ပြီး ပစ်တယ်ဆိုတာက ပြဿနာမရှိဘူး။ အခုဟာက အဲဒီရွာကို ဦးတည်ပြီးတော့ပစ်တာ။ ဒါဟာ လူမဆန်တဲ့ လုပ်ရပ်၊ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်တယ်”
စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ရက္ခိုင့်တပ်တော် (AA) က လိုအပ်သလို လက်တုံ့ပြန်သွားမယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
မနေ့က လက္ကာရွာအနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ရက္ခိုင့်တပ်တော် (AA) ရှိတဲ့နေရာကို စစ်ကောင်စီတပ်က ဝင်ရောက်လာရာကနေ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲ ကြီးကြီးမားမား ဖြစ်တာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၄ နာရီ ၁၅ မိနစ်ကနေ ၅ နာရီခွဲအတွင်း စစ်ကောင်စီ တပ်က လက်နက်ကြီး အချက် ၃၀ ခန့် ပစ်ခတ်ခဲ့ပြီး အဲဒီအထဲက တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကင်းဆိပ်ရွာမှာ လက်နက်ကြီး ငါးချက် ကျရောက်ပေါက်ကွဲခဲ့သလို ထမ္မရာဇ်ရပ်ကွက်က ဘုန်းကြီးကျောင်း တစ်ကျောင်းကိုလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
မနေ့ကတိုက်ပွဲနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကင်းဆိပ်ရွာက အရပ်သားတွေ ထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကို သိရဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က မေးမြန်း ခဲ့ရာမှာ ဒီကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ မသိရှိရ သေးဘူးလို့ ပြောပါတယ်။
မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ မနေ့က ကင်းဆိပ်ရွာ ဖြစ်စဉ်ဟာ စစ်ကောင်စီက ရခိုင်ပြည်သူတွေ AA ကို မထောက်ခံအောင် လုပ်ဆောင်တဲ့ လုပ်ရပ်လို့ မြင်ကြောင်းပြောပါတယ်။

“ရည်ရွယ်ချက်တွေလွဲနေလို့ ပစ်မှတ်တွေလွဲတာ။ အရပ်သားတွေကို လက်နက်နဲ့ပစ်မယ်။ ဖမ်းမယ်၊ ဆီးမယ် အဲဒီလိုဆိုရင် AA ကို အရပ်သားတွေ မထောက်ခံတော့ဘူး။ အဲဒီလို အတွေးအခေါ် လွဲနေလို့ ပစ်မှတ်တွေလွဲသွား တာပေါ့။ မနေ့က ဖြစ်တဲ့ကိစ္စမှာ ဘာမှမဆိုင်တဲ့ ပစ်မှတ်ကို သွားပစ်တယ်။ ဆယ်မိုင်လောက်မှာ တိုက်ပွဲဖြစ်တာ ကို မြောက်ဦးမြို့နားက ကင်းဆိပ်ရွာကိုပစ်တယ်။ ဒါက တမင်ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ ကျနော်တို့ အားလုံး နားလည်နိုင်တာပေါ့နော်။ သူတို့အရင်က ပြောခဲ့တဲ့စကားပေါ့ဗျာ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ပြောခဲ့တယ်။ ငါ ဘာမဆို လုပ်ရဲတယ်ပေါ့နော်။ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ပြောတယ်။ ဖြစ်လာရင် ငါတို့ကို အဆိုးမဆိုနဲ့ အဲဒီစကားကို ပုံဖော်နေတယ်လို့ ကျနော်သုံးသပ်ချင်တယ်"
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနေပြီး တိုက်ပွဲတွေမကျယ်ပြန့်အောင် ဆွေးနွေးအဖြေရှာဖို့ လိုအပ်တယ်လို့လည်း ဦးဖေသန်းက ထောက်ပြပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက နေ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။
အဲဒီနောက် တိုက်ပွဲတွေ ရပ်စဲနေတဲ့အချိန် ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေကို AA ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ အစားထိုးဖို့ ကြိုးစားလာခဲ့ပါတယ်။
ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ် စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တချို့က ရက္ခိုင့်တပ်တော် (AA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ရုံးတွေကို ပြီးခဲ့တဲ့ မေလက စလို့ စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ တာတွေ၊ စစ်ဆေးတာတွေ၊ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီး တာတွေကြောင့်လည်း အခုလို တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ပြင်းထန် လာတာ ဖြစ်တယ်လို့လည်း ရခိုင်အရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။