ရခိုင်မှာ ပိတ်သိမ်း၊ ဖျက်ဆီးခံဗလီနဲ့ ဘာသာရေးစာသင်ကျောင်း ၉၀၀ ဝန်းကျင်ရှိ

ကျော်လွင်ဦး
2019.11.14
mosque-sittwe-622 စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ ၂၀၁၂ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ပျက်စီးသွားတဲ့ ဗလီတစ်လုံးကိုတွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

၂၀၁၂ အဓိကရုဏ်းနောက်ပိုင်း  ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာရေးစာသင်ကျောင်းတွေနဲ့ ဗလီတွေ ဖျက်ဆီးခံရတာတွေ၊ ပိတ်သိမ်းခံရတဲ့ အရေအတွက် ၉၀၀ ဝန်းကျင် ရရှိတယ်ထားတယ်လို့ အပိတ်ခံဗလီတွေ ပြန်ဖွင့်ရေးကြိုးပမ်းနေတဲ့အဖွဲ့က ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ အပိတ်ခံထားရတဲ့ အစ္စလာမ်ဘာသာရေးဝတ်ပြု ဗလီတွေ၊ ဘာသာရေး စာသင်ကျောင်းတွေကို ပိတ်သိမ်းဖျက်ဆီးခံ ဗလီတွေပြန်ဖွင့်လှစ်ခွင့်ရရှိရေးကော်မတီက စာရင်းပြုစုနေပြီးတော့၊ အချက်အလက်တိကျတဲ့ ဗလီအလုံး ၆၀ ကျော်ကို ပြန်ဖွင့်ခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို ပေးပို့ထားတယ်လို့ သိရပါတယ်။  

လက်ရှိမှာရခိုင်ပြည်နယ်မှာ ၂၀၁၂ ပဋိပက္ခတွေကြောင့် ဖျက်ဆီးပိတ်သိမ်းခံရတဲ့ ဗလီနဲ့ဘာသာရေး စာသင်ကျောင်း ၉၀၀ စာရင်း ရရှိထားတယ်လို့ ပိတ်သိမ်းဖျက်ဆီးခံပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်မြင့် က ပြောပါတယ်။

“ရခိုင်ကတော့ ကျနော်တို့ စာရင်းရထားတာ ၉၀၀ ရှိတယ်ဗျ၊ ဗလီကျောင်းက ၂၀၀ ကျော်၊ အာရဗီစာသင်တဲ့ အထက်တန်းကျောင်းက ၂၀၀ ကျော်၊ ရပ်ကွက်တွေမှာ ကလေးတွေကို အခြေခံသင်ပေးတဲ့ကျောင်းက ၅၀၀ ကျော်ရှိတယ်၊ အဲဒါတွေက ဖျက်ဆီးပိတ်သိမ်းခံရတာတွေ”

အစ္စလာမ်ဘာသာသာဝင်တွေနေထိုင်တဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၃ ခုကို အခြေခံပြုစုထားတာဖြစ်ကြောင်း၊ ဗလီနဲ့ ဘာသာရေး စာသင်ကျောင်းတွေဟာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်ကြားထဲမှာ  ဖျက်ဆီးခံရတာဖြစ်ကြောင်း၊  စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာ အများဆုံးဖြစ်တယ်လို့ ကော်မတီ အဖွဲ့ဝင် ဦးမောင်မောင်မြင့်က ပြောပါတယ်။

NLD က ခန့်အပ်ထားတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်ကို မေးမြန်းတဲ့အခါ ပိတ်သိမ်းခံဗလီနဲ့ ဖျက်ဆီးခံစာရင်းကို သူ့အနေနဲ့ လက်ထဲမှာ စာရင်းဇယားမရှိတာကြောင့် မသိရှိဘူးလို့ ဆိုပါတယ်။

“ဗလီစာရင်းတွေ ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်တော့ မသိဘူး၊ အဲဒါအစိုးရအဖွဲ့ မေးကြည့်မှသိမယ်၊ လောလောဆယ်တော့ ကျနော် ဖြေလို့မရသေးဘူး”

၂၀၁၇ တပ်မတော်ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရခိုင်မြောက်ပိုင်းက အထူးသဖြင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် သုံးမြို့နယ် ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရပါတယ်။ ကုလသမဂ္ဂက တပ်မတော် စစ်ဆင်ရေးကို လူမျိုးတုံး သတ်ဖြတ်မှုမြောက်ကြောင်း ပြောဆိုထားပြီးတော့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာကို Genocide ကျူးလွန်မှုအတွက် တရားစွဲဆိုမှုကို စတင်လိုက်ခံလိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရကတော့ ICJ တရားစွဲတင်မှုကို လက်မခံနိုင်ကြောင်း အကြိမ်ကြိမ် တုံ့ပြန်ပြောဆိုထားပါတယ်။

ကျန်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦးနဲ့ မြေပုံမြို့နယ်တွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာ တစ်သိန်းနီး ပါးလောက်ဟာလည်း ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတယ်လို့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။

စစ်တွေမြို့မှာနေထိုင်တဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်း ခေါင်းဆောင် ဦးကျော်လှအောင်က  ၂၀၁၂ ပဋိပက္ခတုန်းက ဗလီ အလုံးရေ ၄၀ နဲ့ ၅၀ ကြား ဖျက်ဆီးခံရတယ်လို့ ပြန်ပြောင်းပြောပြပါတယ်။

“ဘာသာရေးကျောင်းတွေ မီးရှို့လိုက်ပါတယ်၊ ဗလီတွေက ဖျက်ဆီးလိုက်ပါတယ်၊ အဲလိုပဲ လုံးဝဖျက်ဆီးလိုက် တာတွေရှိတယ်၊ ဘူဒိုဇာနဲ့ ဖျက်ဆီးလိုက်တာတွေရှိတယ်၊ စစ်တွေမှာ၊ စစ်တွေမှာက ဗလီ ၄၀၊ ၅၀ လောက် ဖျက်ဆီးခံလိုက်တယ်၊ အထက်တန်းကျောင်းက သုံးကျောင်းလောက် ဖျက်ဆီးလိုက်တယ် မီးရှို့လိုက်တယ်”

သောင်းနဲ့ချီတဲ့ မွတ်စလင်တွေကို ဦးသိန်းစိန် အစိုးရက ရခိုင်နဲ့ မွတ်စလင် အသိုင်းအဝိုင်းကြား ပဋိပက္ခ ဆက်လက်မဖြစ်ပွားရေး အကြောင်းပြချက်နဲ့ စစ်တွေမြို့ပြင်မှာ ပြောင်းရွှေ့နေရာ ချထားခဲ့ပါတယ်။

သံဆူးကြိုးတွေနဲ့ ကာရံထားတဲ့  စစ်တွေမြို့ပြင်က ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေဟာ ခွင့်ပြုချက်မရှိဘဲ အပြင်ကိုသွားလာခွင့်မရှိကြောင်း၊ ဗလီအဆောက်အအုံ သီးသန့်မရှိဘဲ တဲထိုးတဲ့နေရာမှာ အာရုံပြုပြီး ဆုတောင်းရကြောင်းနဲ့ ကလေးတွေကို ဘာသာရေး စာပေသင်ကြားပေးတာရှိတယ်လို့ ဦးကျော်လှအောင်က စခန်းရဲ့အခြေအနေတွေကို ရှင်းပြပါတယ်။

ပေးပို့ထားတဲ့ ဗလီ အလုံး ၆၀ စာရင်းအပြင်၊ နောက်ထပ် အတည်ပြုလို့ရထားတဲ့ ဗလီအလုံး ၇၀ စာရင်းကိုလည်း နိုဝင်ဘာနောက်ဆုံးအပတ်လောက်မှာ ပေးပို့သွားဖို့ရှိတယ်လို့ ကော်မတီအဖွဲ့ဝင်က ပြောပါတယ်။

ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဗလီစာရင်းနဲ့ ပိတ်သိမ်းခံဗလီကိစ္စတွေကို မသိဘူးလို့ ဆိုပါတယ်။

“ကျနော် မသိရသေးဘူးဗျ၊ ကျနော် အစည်းအဝေးရောက်နေလို့လေ၊ ရုံးပိတ်ထားတယ်လေ၊ ဒီနေ့ရုံးဖွင့်တော့ အစည်းအဝေးသွားပြီး ခုမှပြန်နေတာ”

အမျိုးသားရေးတတ်ကြွလှုပ်ရှားတဲ့ တပ်မတော် ထောက်ခံသူ အုပ်စုဖြစ်တဲ့ မြန်မာအမျိုးရေး ကွန်ရက်အဖွဲ့ဝင်၊ ကိုနောင်တော်လေးက ဗလီတွေပြန်ဖွင့်လှစ်ရေး လှုပ်ရှားတာကို ကန့်ကွက်စရာမရှိကြောင်း ပြောပါတယ်။

“အမျိုးသားရေးနဲ့ ပတ်သက်ပြီ ဆိုတာကတည်းက အကြမ်းဖက်မှုကို တားဆီးချင်တဲ့ဆန္ဒပဲရှိတယ်၊ အကြမ်းဖက်မှုကို မလိုလားတာပဲရှိတယ်၊ အဲဒါကြောင့် ဒီလိုမျိုး သူတို့ဘက်ကလည်း အခွင့်ရေးရခိုက် သူတို့လိုလားချက်တွေကို တောင်းဆိုမှာပဲ”

အစိုးရခေတ်အဆက်ဆက်မှာ ပိတ်ထားခဲ့တဲ့ ဗလီတွေကို အခုလို ပြန်ဖွင့်ခွင့်ပေးဖို့တောင်းဆိုတာကို အစိုးရဘက်က ပြန်ဖွင့်ဖို့လိုက်လျောမယ်လို့ မယုံသေးဘူးလို့ လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်းက ဝေဖန်ပါတယ်။

“ဒါကြီးက စပိတ်ကတည်းကိုက မတရားသူများဘာသာကို ဝိုင်းပိတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် မလုပ်ကောင်း တာကို လုပ်ခဲ့တာဖြစ်တယ်၊ ဒါကိုပြန်ဖွင့်ခွင့်ပေးဖို့ တောင်းတဲ့ကိစ္စကလည်း တောင်းပိုင်ခွင့်ရှိတဲ့ကိစ္စကို တောင်းတာဖြစ်တယ်၊ ဖွင့်ပေးဖို့လည်း တာဝန်ရှိတယ်၊ သို့သော် တာဝန်ရှိသူတွေမှာ တကယ်ရော စိတ်စေတနာ ရှိရဲ့လားဆိုတဲ့ မေးခွန်း ကျနော့်မှာ အကြီးကြီးရှိတယ်၊ ကျနော့်အနေနဲ့ အခုထိမယုံရဲသေးဘူးပေါ့၊ ပြန်ဖွင့်ခွင့်ပေး မယ်ဆိုတာကို မယုံရဲသေးပါဘူး”

ကမ္ဘာမှာ အဆိုးဝါးဆုံး ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုနိုင်ငံ ၁၆ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်တယ်လို့ USCIRF နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်စောင့်ကြည့်ရေး အမေရိကန်ကော်မရှင်ရဲ့ ၂၀၁၉ ခုနှစ် မေလထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။