မွတ်စလင်ဝတ်ပြုဆောင် ပိတ်ပင်သူ သုံးဦးကို ရဲအမှုဖွင့်


2019.05.17
michael-kyawmyint-622.jpg တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံမှာ ၂၀၁၉၊ ဧပြီ ၇ ရက်နေ့က ပြုလုပ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲမှာ စာရေးဆရာ ထင်လင်းဦးနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကို လာရောက်ကန့်ကွက်တဲ့ မိုက်ကယ်ကျော်မြင့်ကို တွေ့ရစဉ်
Photo: Thant Zin Oo/ RFA

ရန်ကုန်တိုင်းအစိုးရတရားဝင်ခွင့်ပြုထားတဲ့ တောင်ဒဂုံမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ ဝတ်ပြုဆုတောင်းပွဲနေရာကို တားဆီးပိတ်ပင်တဲ့အဖွဲ့က ဦးဆောင်သူ ဦးမိုက်ကယ်ကျော်မြင့်နဲ့ အခြားသူ ၂ ဦးကို ပုဒ်မ ၅၀၅ (ခ) နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးက အမှုဖွင့်လိုက်ပြီလို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

မေလ ၁၄ ရက် နဲ့ ၁၅ ရက်နေ့ညက တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက်၊ ၆၄ ရပ်ကွက် နဲ့ ၁ဝ၆ ရပ်ကွက်တွေက အစ္စလာမ်ယာယီဝတ်ပြုနေရာ သုံးခုကို မိုက်ကယ်ကျော်မြင့် ဦးဆောင်ပြီး သံဃာတချို့နဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ စုစုပေါင်း ၁ဝဝ ကျော်က ဝင်ရောက်တားဆီးပိတ်ပင်ခဲ့တာပါ။

ဦးမိုက်ကယ်ကျော်မြင့်ကတော့ သူ့ကိုအမှုဖွင့်တာနဲ့ ပတ်သက်ပြီး တရားရုံးမှာ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

လောလောဆယ် အပိတ်ခံလိုက်ရတဲ့ ယာယီဝတ်ပြုနေရာ ၃ နေရာစလုံး ပြန်လည်ဖွင့်ခွင့်ရခဲ့ပြီး ပုံမှန်အတိုင်း ဝတ်ပြုနေကြပြီလို့  ၆၄ ရပ်ကွက် ဝတ်ပြုဆောင်တာဝန်ခံ ဟာဂျီဦးတင်စိုးက ပြောပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ကာလအတွင်း တောင်ဒဂုံမြို့နယ်မှာ စုပေါင်းဝတ်ပြုခွင့်အတွက် ၂၆ ရပ်ကွက်က ဦးမောင်မောင်ပိုင် အဆောက်အဦး၊ ၆၄ ရပ်ကွက်က ဟာဂျီဦးတင်စိုးပိုင် အဆောက်အဦး နဲ့ ၁ဝ၆ ရပ်ကွက်က ဦးရန်အောင်ပိုင်တဲ့ အဆောက်အဦးတို့ကို မေလ ၆ ရက်နေ့ကနေ ဇွန်လ ၇ ရက်နေ့အထိ ယာယီဝတ်ပြုဆုတောင်းဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက တရားဝင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ အရ နိုင်ငံတော်အစိုးရကိုဖြစ်စေ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရင် ၂ နှစ်အထိ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် ဒါမှမဟုတ် ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်တယ်လို့ ဥပဒေမှာပြဌာန်းထားပါတယ်။

အပြည်အစုံကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။