ဗလီ ၆၀ ကျော် ပြန်ဖွင့်ခွင့်ရရေး အစိုးရကို တောင်းဆို


2019.10.14
jama-mosque-622.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ ဂျမားဗလီကို တွေ့ရစဉ်
Photo: ROMEO GACAD / AFP

ဘာသာရေးပဋိပက္ခတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းခံထားရတဲ့ ဗလီ ၆၄ လုံးကို အမြန်ဆုံး ပြန်ဖွင့်ခွင့်ပေးဖို့ နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ သက်ဆိုင်ရာဌာနတွေကို အောက်တိုဘာလ ၁၀ ရက်နေ့တုန်းက စာရေးသားပေးပို့တောင်းဆိုထားတယ်လို့ ပိတ်သိမ်းဖျက်ဆီးခံ ဗလီများ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်မြင့်က ဒီကနေ့ ပြောပါတယ်။

ဗလီတွေ၊ ဘာသာရေးစာသင်ကျောင်းတွေ ပြန်ဖွင့်ခွင့်ရရှိရေးကို တစ်မြို့နယ်ချင်းစီ တောင်းဆိုခဲ့ပေမယ့် အကြောင်း မထူးတာကြောင့် အခုလို စုပေါင်းတောင်းဆိုတာဖြစ်တယ်၊ ဖွင့်ခွင့်ပေးမယ်လို့ မျှော်လင့်တယ်လို့ ဦးမောင်မောင်မြင့်က RFA ကို ပြောပါတယ်။

တစ်ရက်စောဖွင့်ရင်လည်း  တစ်ရက် စောပြီးတော့ ကျနော်တို့အတွက်ကော၊ တိုင်းပြည်အတွက်ကော အားလုံးအတွက်  အကျိုးရှိမယ့်ကိစ္စပါ

"ကျနော်တို့က အရင်တုန်းကလည်း ဒီဟာတွေဖွင့်လှစ်ပေးဖို့ တောက်လျောက်ပဲ  ကြိုးစားနေခဲ့တာပါ၊ ဒေသ အလိုက်ပဲ ကြိုးစားလို့လေ၊ ဒါကတော့ သာသနိက  အဆောက်အအုံတွေ၊ ဘာသာရေးဝတ်ပြုဆောင်တွေ ဖြစ်တဲ့အတွက် တစ်ရက် စောဖွင့်ရင်လည်း  တစ်ရက်စောပြီးတော့ ကျနော်တို့အတွက် ကော၊ တိုင်းပြည်အတွက်ကော အားလုံးအတွက်  အကျိုးရှိမယ့် ကိစ္စပါ"

သာသာနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို RFA က ဒီကနေ့ ဆက်သွယ် မေးမြန်းရာမှာတော့ သူအနေနဲ့ ဒီကိစ္စကို မသိရသေးဘူးလို့ ပြောပါတယ်။

"ကျနော်မသိသေးတာ၊ ကျနော်ခရီးထွက်နေလို့ မသိသေးတာ"

၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးကတည်းက လက်ရှိအစိုးရအထိ အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းခံရတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုရာ ဗလီတွေ၊ ဘာသာရေးစာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ရရေးအတွက် အစ္စလာဘာသာဝင် တချို့ ဦးဆောင်ပြီး စာရင်း ကောက်ယူနေတာပါ။

စာရင်းကောက်ယူနေတဲ့ ကော်မတီမှာ ရန်ကုန်နဲ့ မြို့ကြီးတချို့က အစ္စလာမ် ခေါင်းဆောင်တွေ ပါဝင်ပါတယ်။

တစ်နိုင်ငံလုံးက ပိတ်သိမ်းဖျက်စီးခံ ဗလီနဲ့ဘာသာရေးကျောင်း ၁၄၀ ကျော် စာရင်းရရှိထားပြီး အဲဒီအထဲက ယခင်က တရားဝင်ရပ်တည်ခဲ့တယ်ဆိုတဲ့ အထောက်အထားနဲ့ အချက်အလက် ပိုမိုခိုင်လုံတဲ့ ၆၄ လုံး စာရင်းကို အရင် တင်ပြတောင်းဆိုတာလို့ ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။

ပိတ်သိမ်းခံဗလီတွေစာရင်းကို ဆက်လက် ကောက်ခံနေတယ်လို့ ဆိုပါတယ်။

ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ  ဦးအေးလွင်က ဒီလို တောင်းဆိုမှုကို ကြိုဆိုလိုက်ပါတယ်။

ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးအေးလွင် "ဝတ်ပြုဖို့အတွက်နေရာက အင်မတန်လိုနေပါတယ်၊ ဒါကိုလည်း အစိုးရအဆက်ဆက်က  သိတယ်၊ သိလို့မြို့သစ်တွေမှာဆိုလို့ရှိရင် အသစ်သာ ဆောက်လုပ်ခွင့်မပေးတာ  ယာယီဝတ်ပြုဆောင်တွေကို လူနေအခန်းတွေမှာ သူတို့က  ခွင့်ပြုထားတယ်၊ ရှိပြီးသား ပိတ်နေတဲ့ ဗလီတွေကို  ပြန်ဖွင့်ခွင့်ပေးလိုက်မယ်ဆိုရင်ကို တော်တော်လေးကို အဆင်ပြေမယ့်သဘော  ရှိတဲ့အတွက်ကြောင့် ဒါဟာမစောပါဘူး၊ သူတို့လုပ်သင့်တာကြာပြီလို့တောင်  ကျနော်ပြောချင်ပါတယ်"

၁၉၆၂ ခုနှစ်ကတည်းက   ဗလီဝတ်ကျောင်း အသစ် ဆောက်လုပ်ခွင့် မရသလို ရှိပြီးသား  ဗလီတွေလည်း အကြောင်းကြောင်း အမျိုးမျိုးကြောင့် ပိတ်သိမ်းခံနေရတာကြောင့်  အစ္စလာမ် ဘာသာဝင်တွေမှာ ဝတ်ပြုဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

မြဝတီမင်းကြီးဆရာတော် အရှင်အရိယာဝံသာဘိဝံသက ဘာသာရေးနှိပ်ကွပ်တာမျိုးတွေ မဖြစ်သင့်ကြောင်း၊  အထောက်အထား ခိုင်လုံတဲ့ ဗလီတွေဆို ဖွင့်လှစ်ခွင့်ပေးသင့်တယ်လို့ မိန့်ပါတယ်။

"စီစစ်ပြီးတော့ ပေးသင့်ရင် ပေးတာကောင်းတာပေါ့ဗျာ၊ တချို့ဟာတွေက စစ်စစ်လို့ တစ်စုံတရာပေါ့လေ မသင့်တော်တာတို့ ဥပဒေနဲ့မညီတာတို့ တစ်ခုခုရှိခဲ့ရင်တော့လည်း ဒါကကျတော့လည်း ပြန်ပြီးတော့ စဉ်းစားရမှာပေါ့။ ညီညွတ်အောင်လုပ်ဖို့တို့ ဘာတို့ စသဖြင့်ပေါ့၊ ဘာသာရေး ကောင်းကောင်းမွန်မွန် လုပ်ကိုင်နေတာကို လွတ်လပ်ခွင့်မပေးဘဲ လုပ်တာတော့ မကောင်းဘူးပေါ့"

အာဏာရပါတီ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ရဲ့  မူဝါဒက လွတ်လပ်စွာကိုးကွယ်ခွင့်ကို အားပေးတာကြောင့် ဗလီတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စိစစ်ခွင့်ပြုလိမ့်မယ်လို့ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိူးညွှန့်က  ပြောပါတယ်။

"ဒီဗလီတွေပြန်ဖွင့်ဆိုတာက ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ် ရဲ့  ဗလီများကို သွားရောက်လှူဒါန်းပြီးမှ ပေါ်ပေါက်လာတာပါ၊ အဲတော့ ကျနော်တို့က  ဗလီများကို ပိတ်သိမ်းရခြင်းရဲ့ တစ်ခုချင်းရဲ့အကြောင်းအရာကို ကျနော်တို့  စီစစ်ပြီးတော့မှ သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေက  စဉ်းစား ဆုံးဖြတ်မှာ ဖြစ်ပါတယ်၊ ကျနေ်ာတို့မူကတော့ ဘာသာတရား တိုင်း ကျနော်တို့  နိုင်ငံသားတိုင်းဟာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်ဆိုတာ  ကျနော်တို့မူပါ"

ပြီးခဲ့တဲ့လတုန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံရာမှာ အစ္စလာမ် ခေါင်းဆောင်တချို့က ဗလီတွေပြန်ဖွင့်ပေးနိုင်ရေးအတွက် အကူအညီ တောင်းရာကနေ ဒီလို တောင်းဆိုမှုက ပိုပြီး လူသိထင်ရှား ဖြစ်လာတာပါ။

တပ်ချုပ်ရဲ့ တုံ့ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပိတ်သိမ်းခံရတဲ့ ဗလီတွေ ပြန်ဖွင့်ခွင့်ကိစ္စဟာ တပ်မတော်နဲ့ မဆိုင်ဘဲ အစိုးရနဲ့သာဆိုင်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို စက်တင်ဘာလမှာ ပြောဆိုထားပါတယ်။

လက်ရှိရရှိထားတဲ့စာရင်းတွေအရ ပဲခူး၊ မန္တလေးနဲ့ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးတွေမှာ ပိတ်သိမ်းခံရတာ၊ ဖျက်ဆီးခံရတာကို အများဆုံးတွေ့ရပါတယ်။

ရခိုင်ပြည်နယ်က တိုက်ခိုက်ဖျက်ဆီးခံရတဲ့၊ ပိတ်သိမ်းခံရတဲ့ ဗလီစာရင်းကိုတော့ အဲဒီဒေသမှာ နေထိုင်သူ အများအပြား ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးသွားပြီး ရွာအများအပြား မီးရှို့ဖျက်ဆီးခံထားရတာကြောင့် ဆက်သွယ် ကောက်ယူဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

၁၉၉၇ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်ကလွဲပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဗလီ ၁၀၀၀ နီးပါး ရှိကြောင်း ပိတ်သိမ်းဖျက်ဆီးခံ ဗလီများ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေး ကော်မတီထံက သိရပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။