မိုဆိုရွာအနီး လူ ၅၀ နီးပါးသတ်ဖြတ်ခံရမှု တစ်နှစ်ပြည့်တဲ့အထိ တရားမျှတမှုမရ
2022.12.23

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနားမှာ မနှစ်က ခရစ္စမတ်အကြိုနေ့က လူ ၅၀ နီးပါး အစုအလိုက်အပြုံအလိုက် သတ်ဖြတ်ခံရတာ တစ်နှစ်ပြည့်ပါပြီ။
ဒီဖြစ်ရပ်မှာ အသက် ၁၈ နှစ်အောက် ကလေးသုံးယောက်၊ နိုင်ငံတကအရပ်ဘက် အဖွဲ့အစည်း Save The Children ဝန်ထမ်းနှစ်ယောက် အပါအဝင် ဒေသခံ ၄၅ ယောက်နဲ့ ကရင်နီနယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးယောက် စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့တာလို့ CDM ရဲအရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီရဲတပ်ဖွဲ့ (KSP) က အတည်ပြုထားပါတယ်။
“စစ်ကောင်စီ တပ်မ ၆၆ ရဲ့ လက်အောက်ခံ၊ ခမရ (၁၀၈) ကလူတွေကို ဖမ်းမိတာ ဟုတ်တယ်"
မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေနဲ့ ခန္ဓာကိုယ်အပိုင်းစတွေကို မြေမြှုပ်သင်္ဂြိုဟ် ပေးနိုင်ခဲ့ပေမယ့် ကျုးလွန်သူတွေကိုတော့ အရေးမယူနိုင်သေးပါဘူး။
မိုဆိုရွာဖြစ်ရပ်မှာ အစ်ကိုတစ်ယောက် ဆုံးရှုံးခဲ့ရသလို၊ လက်ရှိမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အမျိုးသမီးတစ်ယောက်ကတော့ တရားမျှတမှုလိုချင်တယ်လို့ RFA ကို ပြောပါတယ်။
“တစ်နှစ်ပြည့်ရင်တော့ အလှူလုပ်ပေးမယ်လို့ တွေးထားတယ်ရှင့်။ စစ်ရှောင် (စစ်ဘေးဒုက္ခသည်စခန်း) မှာ ကလေးတွေ အာဟာရ တိုက်ကျွေးမယ်ပေါ့ အဲဒီလိုမျိုးပဲ တွေးထားတယ်။ စစ်ကောင်စီဘက်ကိုတော့ အရေးယူစေချင်တယ်။ ပြီးကျလို့ရှိရင် ပြည်သူဘက်လည်း တစ်ဘက်တစ်လမ်းကနေ ပါဝင်ပေးကြပါလို့။ ဘာလို့လဲဆိုတော့ အသက်ပေးသွားရတဲ့သူတွေလည်း အများကြီးရှိတယ်။ ကိုယ်တစ်ယောက်တည်းအတွက် လည်း မဟုတ်ဘူး၊ ကိုယ့်မိသားစုဝင် တစ်ခုတည်းအတွက်လည်း မဟုတ်တော့ အကုန်လုံးကို ကူပေးကြပါလို့”
မိုဆိုရွာ သတ်ဖြတ်မှုမှာပါဝင်တဲ့ တပ်မ ၆၆ လက်အောက်ခံ၊ ခြေမြန်တပ်ရင်း ခမရ (၁၀၈) က စစ်သားလေးယောက်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဒီနှစ် ဒီဇင်ဘာလ ၃ ရက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းမိတဲ့ တပ်ကြပ်ကြီးတစ်ယောက်နဲ့ စစ်သားသုံးယောက်ကို မိုဆိုရွာဖြစ်ရပ်မှာ ပါဝင်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေတယ်လို့ KNDF ရဲ့ အတွင်းရေးမှူး - ၂ ၊ ကိုမာဝီက ပြောပါတယ်။
“စစ်ကောင်စီ တပ်မ ၆၆ ရဲ့ လက်အောက်ခံ၊ ခမရ (၁၀၈) ကလူတွေကို ဖမ်းမိတာ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စမှာ သူတို့ပါဝင်ပတ်သက်မှု ရှိ၊ မရှိ အခုအချိန်အထိ ကျနော်တို့ Investigation Team (စုံစမ်းရေးအဖွဲ့) က စုံစမ်းစစ်ဆေးနေတုန်းပဲ ရှိသေးတယ်ပေါ့လေ။ ကျနော်တို့ကတော့ တရားမျှတမှု ရရှိအောင်၊ မတရားသတ်ဖြတ် ခံခဲ့ရတဲ့ သူတွေအတွက် ကျနော်တို့ကတော့ ဆက်လက်ဖော်ထုတ်သွားမယ်။ အဲဒီအတွက်လည်း ဆက်လက်ရပ်တည်မှာ ဖြစ်တယ်ပေါ့လေ”
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဒီဖြစ်ရပ်အတွက် ဂျာမနီနိုင်ငံမှာ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ အဖွဲ့ရဲ့ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
“ကျနော်တို့ သိရသလောက်ဆို NUG နဲ့ ဒီဘက် KSP ကနေ လုပ်နေတဲ့ ဩစတြေးလျ နိုင်ငံမှာ တရားစွဲဖို့လုပ်နေတဲ့ကိစ္စလည်း အလားအလာကောင်းတဲ့ ပုံစံတစ်ခုကို ကျနော်တို့ ရောက်နေပြီ။ အဲဒါပြောလို့ရတယ်ပေါ့နော်။ အခြားတစ်ဖက်မှာကလည်း ကျနော်တို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ကလည်း ဒီကိစ္စအပါအဝင် တခြားသော လူ့အခွင့်အရေးကိစ္စတွေနဲ့ မိုဆို case ကိုလည်း ဂျာမနီနိုင်ငံမှာ တရားစွဲဖို့ ကျနော်တို့ ပြင်ဆင်နေပြီပေါ့နော်။ နောက်ဆုံးအဆင့် ဖြစ်နေပြီပေါ့။ ပြီးရင် ကျနော်တို့ တရားဝင် Legal Apparatus (ဥပဒေအကြောင်း) အရ သွားဖို့လုပ်နေတာရှိတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မိုဆိုရွာ သတ်ဖြတ်ခံရမှုအပါအဝင် နိုင်ငံတစ်ဝန်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စစ်ကောင်စီကို နိုင်ငံတကာရာ ဇဝတ်ခုံရုံး (ICC) အပါအဝင် နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ ကြိုးစားနေ တယ်လို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက မေလ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ မိုဆိုရွာအနီး လူတွေအစုလိုက်အပြုံလိုက် သေဆုံးခဲ့တာဟာ သူတို့မှာ တာဝန်မရှိဘူးလို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချိန်က မိုဆိုကျေးရွာဘက် မောင်းနှင်လာတဲ့ မော်တော်ယာဉ် ၇ စီးကို စစ်ကောင်စီတပ်တွေက တားဆီးရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF နဲ့ KNPP အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာလို့ ငြင်းဆိုခဲ့ပါတယ်။

NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ ကျူးလွန်သူတွေဟာ ရာဇဝတ်ဘေးက ပြေးလွတ်မှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
“နိုင်ငံတကာ တရားဥပဒေအရ၊ နိုင်ငံတကာတရားရုံးတွေမှာ စွဲဆိုတဲ့ဟာက လုပ်ငန်း လုပ်ဆောင်ချက်တွေက တစ်ခါတစ်ခါမှာ ရှည်ကြာတက်ပါတယ်။ တရားဥပဒေမှာ ရာဇဝတ်ဘေးက ပြေးမလွတ်ပါဘူး။ တစ်ချိန်မဟုတ် တစ်ချိန်မှာ ရာဇဝတ်သားတွေ၊ ရက်ရက်စက်စက်ပြစ်မှုကျုးလွန်တဲ့ စစ်သားတွေ၊ အရာရှိတွေအပြင် အမိန့်ပေးတဲ့ အရာရှိကြီးတွေ၊ ထိပ်ဆုံးမှာ တာဝန်ရှိသူတွေဟာ တရားဥပဒေကနေ ပြေးမလွတ်ဘူး ဆိုတာ ဒီနေရာကနေ ပြောကြားချင်ပါတယ်”
လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက်ရဲ့ ဒီဇင်ဘာလ ၇ ရက် ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၂၈၆ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအပြင် တိုက်ပွဲတွေကြောင့် အရပ်သား နှစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ ပါတယ်။