ရေစကြိုက မီးရှို့ခံ လှေခုတ်နဲ့ ငတရော်ရွာ ဒေသခံ ၄၀၀၀ ကျော် ရပ်တည်ရေးအခက်ကြုံနေ

မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာရှိတဲ့ လှေခုတ်နဲ့ ငတရော်ရွာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှို့ခဲ့ကြတာကြောင့် နေအိမ် ၈၃၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ လက်ရှိမှာ အိုးအိမ်တွေ ဆုံးရှုံးခဲ့ကြရတဲ့ ကျေးရွာနှစ်ရွာက ဒေသခံ ၄၀၀၀ ကျော်ဟာ စားဝတ်နေရေး အခက်အခဲ တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
အင်အား ၁၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ ဩဂုတ်လ ၆ ရက်နေ့က ကျေးရွာပေါင်း ၄၀ ကျော်ရှိတဲ့ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက် လာပြီးနောက် ဩဂုတ်လ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ ငတရော်ကျေး ရွာက နေအိမ် ၆၅၀ ခန့် မီးရှို့ခံခဲ့ရတာပါ။
"ကျနော်တို့လည်း လွတ်ရာကျွတ်ရာလည်းရောက်ရော သူတို့က ရွာကို စပြီးမီးရှို့တော့တာပဲဗျ"
အခုလက်ရှိမှာတော့ မိသားစု ပိုင်ဆိုင်မှုဘာမှမရှိတော့တာကြောင့် ဘုန်းကြီးကျောင်းက ကျွေးတဲ့ ထမင်းနဲ့ပဲ အသက်ဆက်နေရတယ်လို့ မိသားစုဝင်တွေရဲ့ နေအိမ်တွေအားလုံး မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ငတရော်ကျေးရွာက အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ဘာမှကို ပါမလာဘူး။ အကုန်လုံး ထွက်ပြေးရတာ။ မိသားစု အကုန်။ လာပြီ လာပြီဆို ထွက်ပြေးရတာ ဘာတစ်ခုမှ မယူနိုင်ဘူး။ အကုန်လုံး လိုအပ်ပါတယ်ရှင်။ ဘာမှကို မရှိ တာ။ နေစရာ ဘာမှကို မရှိဘူး။ မိသားစု အကုန်လုံးလောင်တာ။ ဘုန်းကြီးကျောင်းမှာပဲ နေနေရတာ စားစရာလည်း မရှိဘူး။ ဘုန်းကြီးက ကျွေးနေလို့ စားနေရတာ။ ဘာမှကို မယူနိုင်တာ။ လက်ဆွဲပြီး ပြေးရတာပဲ ကိုယ်ကဘာမှရှိတာ မဟုတ်ဘူး။ ဈေးရောင်းနေ တာ အိမ်ကလည်း လောင်သေးတယ်။ ဆိုင်လေးလည်းရောင်းနေတာ အဲဒါလည်း လောင်သွားသေးတယ်"
အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ နောက်ထပ် ငတရော်ကျေးရွာသားတစ်ဦးကလည်း သူတို့ လတ်တ လော ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် ဝိုင်းဝန်းကူညီပေးစေချင်တယ်လို့ ပြော ပါတယ်။
"ဖြစ်စဉ်ဖြစ်ပွားကာစ ကျနော်တို့ မနက်ပိုင်းလောက်က ရွာကို လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ပစ်ဝင်လာတယ်။ ကျနော်တို့ ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်ရတာပေါ့။ ကျနော်တို့လည်း လွတ်ရာကျွတ်ရာလည်းရောက်ရော သူတို့က ရွာကို စပြီးမီးရှို့တော့ တာပဲဗျ။ လက်ရှိ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲက နေစရာ မရှိဘူး။ စားစရာ လည်း ဘာမှမရှိသလောက်ကို ဖြစ်နေပြီ။ ကျနော်တို့ ဒုက္ခရောက်နေတဲ့အချိန် အကူအညီ လိုအပ်တာပေါ့ဗျာ။ အခက်အခဲတွေ ကြားထဲကနေ ပြည်တွင်းပြည်ပ ညီအစ်ကိုတွေပေါ့ နော်။ ကျနော်တို့ကို လှူဒါန်းချင်တဲ့ သူတွေပေါ့။ ကျနော်တို့ကို လှူဒါန်းပေးကြပါလို့ မေတ္တာရပ်ခံချင်တာပါဗျ"
အိုးအိမ်တွေ ဆုံးရှုံးခဲ့ကြရတဲ့ ကျေးရွာသားတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတွေထဲ ထွက်ပြေးခိုလှုံနေကြသူတွေရှိသလို ဘုန်းကြီးကျောင်းဘေးတွေမှာ ယာယီတဲတွေနဲ့ ခိုလှုံ နေကြရသူတွေလည်းရှိတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ငတရော်ရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာ တပ်စွဲထားဆဲဖြစ်ပြီး နေ့စဉ်လိုလို စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် သူတို့ရဲ့ မူလ နေရာတွေဆီကို ပြန်မသွားရဲကြသေးဘူးလို့လည်း ငတရော်ကျေးရွာသားတွေက ပြောပါ တယ်။
မိသားစုဝင် ခုနစ်ယောက်စလုံး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတဲ့ ငတရော် ရွာက နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း စစ်အာဏာရှင်စနစ်ကို အဆုံးသတ်စေချင် ပြီလို့ ပြောပါတယ်။
"လက်ရှိအချိန်မှာတော့ ဝတ်စရာလည်းမရှိ စားစရာလည်း မရှိပေါ့နော်။ အဲလိုမျိုး ဒုက္ခ တွေနဲ့ ရင်ဆိုင်နေရပါတယ်။ တော်တော်လေးကို ခံစားရပါတယ်။ မျက်ရည်ကျရတယ် ပေါ့နော်။ တစ်ရွာလုံးကို မီးရှို့သွားတာဆိုတော့ ပြည်သူအချင်းချင်းလည်း အကုန်လုံး လည်း ဝမ်းနည်းရပါတယ်။ အမှန်အတိုင်း ပြောရရင် တော်တော်လေးကို ခံစားရတဲ့ အတွက် ကိုယ့်ဘက်ကလည်း နိုင်စေချင်ပါတယ်။ တကယ့်ကို ဒုက္ခတွေလည်း ပြည်သူ တွေ တော်တော်ရောက်နေတဲ့အတွက်ပေါ့နော်။ ဒီကာကွယ်ရေးတွေဘက်ကလည်း အားပေးပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ ကိုယ်ကလည်း ဒုက္ခရောက်နေတဲ့ အချိန်မှာ မဖြည့်ဆည်းပေးနိုင်တဲ့အတွက် ဝမ်းလည်းနည်းပါတယ်ရှင့်"
အလားတူ ရေလယ်ကျွန်းဒေသက အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ လှေခုတ်ရွာမှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃၊ ၁၅၊ ၁၆ သုံးရက်တိုင် မီးရှို့ခံခဲ့ရတာကြောင့် အိမ်ခြေ ၁၈၀ ကျော် ဆုံးရှုံးခဲ့ ရလို အသက် ၉၀ ကျော်အရွယ် အမျိုးသားနဲ့ အမျိုးသမီး တစ်ဦး မီးလောင်သေဆုံးခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်ရပ်တွေကြောင့် ဒေသခံတွေဟာ ဒီနေ့အချိန်အထိ စိတ်မကောင်းဖြစ်နေကြရတယ်လို့ လှေခုတ်ကျေးရွာသား တစ်ဦးက ပြောပါတယ်။
"သူတို့ကတော့ သက်သက်မဲ့ လိုက်ညစ်နေတာပဲလေ။ ကြွက်မနိုင် ကျီမီးနဲ့ ရှို့နေတာ ဆိုတော့။ ဒါတော့ ကျနော်တို့လည်း ပြောလို့တော့ မရဘူးပေါ့ဗျာ။ ကျနော်တို့ လှေခုတ် ရွာမှာဆိုရင် အိမ်ခြေ ၂၀၀ နဲ့ ၁၈၀ ကြား ရှို့တဲ့အထဲပါတော့ ခံစားရတယ်။ ပိုပြီးတော့ ခံစားရတာက အသက် ၉၀ ကျော် အဘွားကြီး၊ ၉၀ ကျော်အဘိုးကြီး မီးထဲပါသွားတော့ ကျနော်တို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့မိပါတယ်"
ဒေသခံတွေဟာ သာမန်လက်လုပ်လက်စားတွေဖြစ်သလို စစ်တပ်က လမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် ဒုက္ခသည်တွေအတွက် အကူအညီတွေ မရကြသေးဘူးလို့လည်း ပြောပါတယ်။
လက်တွေ့ကြုံနေရတဲ့ အခြေအနေတွေကြောင့် စစ်ကောင်စီအပေါ်မှာ ဒေသခံတွေရဲ့ မကျေနပ်မှုတွေက ပိုပြီးများလာတယ်လို့ လှေခုတ်ကျေးရွာက ကလေး လေးယောက်မိခင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ကျမတို့ကတော့ မကျေကို မကျေနပ်ဘူး။ ကျမတို့ အိမ်မရှိရှိ ယာမရှိရှိ ကျမတို့ကတော့ ဒီတိုက်ပွဲကို ပြီးသည်အထိကို တိုက်မှာ။ စားစရာမရှိလည်း တိုက်မှာပဲ။ ကျမအခု မုဆိုးမ၊ ကျမသားရော ကျမရော အဲထဲကို ဝင်တိုက်မှာ။ ရတဲ့လက်နက်ဆွဲပြီး ဝင်တိုက်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျမတို့ နေအိမ်တွေ မဲ့ကုန်ပြီ။ အကုန် လုံး ဘာမှကို စားစရာလည်း မရှိတော့ဘူး။ နေစရာလည်း မရှိတော့ဘူး။ ကျမတို့က ရတဲ့ လက်နက်နဲ့ ဆွဲပြီးတိုက်မှာ။ သူတို့ကို ဒီလို အိမ်ယာမရှိပေမယ့် ကျမတို့က ကျမတို့စိတ် ဓာတ်ကို ပျင်းပြတ်သွားလိမ့်မယ် မထင်နဲ့ ကျမတို့က ပိုပြီးလို့တောင် စိတ်ဓာတ်ပြင်းသေး တယ်။ သူတို့ကို ရတဲ့နည်းနဲ့ တိုက်မှာပဲ"

လှေခုတ်ရွာကိုလည်း စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်နေတာကြောင့် ဒေသခံ တွေဟာ ကျီးလန့်စာစား ဖြစ်နေကြရတယ်လို့လည်း ပြောပါတယ်။
လှေခုတ်ရွာနဲ့ ငတရော်ရွာဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့အထိ တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါပေမဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့တပ်တွေအနေနဲ့ ရပ်ရွာတွေ ထဲကို ဝင်ရောက်တာ မရှိသလို အရပ်သားတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့တာတွေ မလုပ်ကြောင်း အရင်က တုံ့ပြန်ပြောဆိုထားပါတယ်။
ရေလယ်ကျွန်းဒေသမှာ စစ်ကောင်တပ်က လှုပ်ရှားနေဆဲဖြစ်တာကြောင့် လယ်ယာလုပ်ငန်း တွေကိုလည်း အရင်ကလို ကောင်းကောင်းမွန်မွန် မလုပ်ကိုင်နိုင်တော့ဘူးလို့လည်း ဒေသခံ တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေကြောင့် ရေလယ်ကျွန်းဒေသမှာရှိတဲ့ ကျေးရွာ ရှစ်ရွာက ဒေသခံ ၃၀၀၀ ကျော်ခန့်ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။