မင်းပြားမြို့မဈေး မီးလောင်ခဲ့တာကြောင့် ဆိုင်ခန်း ၁၀၀ ကျော် ပျက်စီး

RFA Burmese
2024.04.14
မင်းပြားမြို့မဈေး မီးလောင်ခဲ့တာကြောင့် ဆိုင်ခန်း ၁၀၀ ကျော် ပျက်စီး မီးလောင်ခဲ့သည့် မင်းပြား မြို့မဈေးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Kyaw Hla Sein

ရက္ခိုင့်တပ်တော် (AA) က သိမ်းယူထားတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့က မြို့မဈေး ဧပြီ ၁၃ ရက်နေ့ည ၁၀ နာရီကျော်ကနေ ဒီနေ့မနက် ၁၀ နာရီခန့်အထိ မီးလောင်ခဲ့တာကြောင့် ဆိုင်ခန်းတစ်ရာကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စုစုပေါင်းက ဆိုင်ခန်းတစ်ရာလောက်တော့ လောင်သွားပါတယ်"

အသားငါးနဲ့ ကုန်စိမ်းတန်းကနေ စတင်မီးလောင်ခဲ့တာလို့ မင်းပြား ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဓိက လောင်တာက အသီးအရွက်တွေ ရောင်းတဲ့နေရာနဲ့ အသားငါးတွေ ရောင်းတဲ့နေရာ။ စပြီးတော့ အဲဒီဘက်က လောင်တာ။ အလှကုန်တို့၊ အ၀တ်ဆိုင်တို့ ဘာတို့ကတော့ သိပ်အများကြီး မလောင်ဘူး။ စုစုပေါင်းက ဆိုင်ခန်းတစ်ရာလောက်တော့ လောင်သွားပါတယ်"

မင်းပြားမီးသတ်ဌာနအပြင် (AA) တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ဆိုင်ခန်းပိုင်ရှင်အများစုက တန်ဖိုးကြီးပစ္စည်းတွေကို ကြိုတင်သိမ်းထားတာကြောင့် ပစ္စည်းတွေတော့ ဆုံးရှုံးမှုမရှိဘူးလို့ ဆိုပါတယ်။

မင်းပြားမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာကတည်းက တိုက်ပွဲပြင်းထန်လာပြီးနောက် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသလို မြို့မဈေးကိုလည်း ဒီနေ့အချိန်အထိ ပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအများစု အခုနှစ်မတ်လလောက်မှ မြို့ထဲကိုပြန်လာကြသလို လျှပ်စစ်မီးလည်းပြတ်နေတာကြောင့် ဝါယာရှော့ကြောင့် မဟုတ်ဘဲ ရှို့မီးဖြစ်နိုင်တယ်လို့ မီးငြိမ်းသတ်ရာမှာ ပါဝင်ခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဈေးထဲမှာတော့ လူကမရှိတော့ဘူး။ ကျွန်တော်ထင်တာကတော့ ရှို့မီးလို့ပဲ ထင်တာပေါ့။ ဘာလို့ဆို ဈေးထဲမှာ လူမှမရှိတာကို။ မြို့ထဲမှာလည်း လူမရှိဘူး။ မီးသတ်ကားသုံးစီး သုံးတယ်ဗျ။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန် ၁၀ ခွဲလောက်ရှိပြီ။ ရောက်သွားတော့ မီးတွေကတအားပြင်းနေတော့ အတွင်းပိုင်းကို မရောက်ဘူး။ အနောက်ဘက်ကနေ ပတ်ပြီးဝင်ရတယ်“

မီးလောင်ခဲ့သည့် မင်းပြား မြို့မဈေးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Kyaw Hla Sein)
မီးလောင်ခဲ့သည့် မင်းပြား မြို့မဈေးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Kyaw Hla Sein)

မြို့မဈေးမီးလောင်တာနဲ့ပတ်သက်ပြီး အတိကျသိရဖို့ (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။

ရခိုင်မြောက်ပိုင်း မင်းပြား အပါအဝင်မြို့တချို့ကို (AA) က သိမ်းယူခဲ့ပြီနောက် မြို့ပေါ်နဲ့ စစ်ဘေးဒုက္ခသည်တွေ ရှိနေတဲ့နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်နေသလို ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း ပိတ်ဆို့ထားတာပါ။

RFA က ပြုစုထားတဲ့စာရင်းအရ မတ်လ ၁ ရက်ကနေ ၁၈ ရက်နေ့အတွင်း (AA) က သိမ်းယူထားတဲ့ မြို့တွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၇၃ ဦး သေဆုံးပြီး၊ ၁၀၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။