ပုလဲမြို့နယ်မှာ တစ်ပတ်အတွင်း အိမ် ၁၄၀၀ ကျော် မီးရှို့ခံရ

2022.02.10
ပုလဲမြို့နယ်မှာ တစ်ပတ်အတွင်း အိမ် ၁၄၀၀ ကျော် မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက လှော်ကားရွာ နေအိမ်တွေ မီးလောင်ခဲ့တာကို ၂၀၂၂ ဖေဖော်ဝါရီ ၅ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ တစ်ပတ်အတွင်း ရွာငါးရွာက အိမ် ၁၄၀၀ ကျော် မီးရှို့ခံခဲ့ရပြီး လူပေါင်း ခုနစ်ထောင်ဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ညပိုင်းကနေ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းအထိ မွေ့တုံရွာက အိမ် ၂၇၀ နဲ့ ပန်းရွာက အိမ် ၂၀၀ ခန့် မီးရှို့ခံခဲ့ရသလို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာလည်း လှော်ကားရွာက အိမ် ၅၀၀ နီးပါးနဲ့ ကိုင်းတွင်းရွာက အိမ် ၂၀၀ ခန့် မီးရှို့ခံခဲ့ရတာပါ။

"မွေ့တုံရွာမှာ ရွာလုံးကျွတ်နီးပါးလောက် သူတို့စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အကြောင်းမဲ့မီးရှို့သွားတယ်"

အဲဒီအိမ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ သူတို့လက်အောက်ခံ ပျူစောထီးအဖွဲ့တွေက မီးရှို့ခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလဲမြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာဘယ်နှစ်ရွာလဲဆိုတော့ မွေ့တုံ၊ ပန်းရွာ၊ ကိုင်းတွင်း၊ လှော်ကားကြီး၊ မင်းတိုင်ပင် ကတော့ ဟိုလိုမျိုးမရှို့လိုက်ကြဘူး။ ဖျက်ဆီးပြီးတော့ ယူကြတာပဲရှိတယ်။ ဒါပေမဲ့ ခန့်မှန်းခြေ ဟိုဘက်က ၂၀၀ ဆိုတော့ကာ ၁၀၀၀ ကျော်သွားပြီ။ လှော်ကားကြီးက အိမ်ခြေ ၅၀၀ လည်းပြောတယ်။ ကိုင်းတွင်းက ၂၀၀၊ မွေ့တုံနဲ့ ပန်းရွာနဲ့က ၂၀၀ ခန့်စီပေါ့။ ခန့်မှန်းခြေ ၁၀၀၀ ကျော်လောက်တော့ရှိပြီ”

တချို့ရွာတွေက တမင်မီးရှို့ခံရတာဖြစ်ပေမယ့် တချို့ရွာတွေကတော့ စစ်ကောင်စီတပ် သားတွေ ပစ်ခတ်တဲ့ ဗုံးသီးတွေကြောင့် အိမ်တွေ မီးလောင်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပျူစောထီးအဖွဲ့တွေရှိတဲ့ ဇီးဖြူကုန်းရွာနဲ့ အင်မထီးရွာတွေကို ဇန်နဝါရီ ၂၈ ရက်နဲ့ ၃၀ ရက်နေ့ညပိုင်းတွေက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF ငါးဖွဲ့ ပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အင်မထီးရွာက အိမ် ၂၀၀ ခန့်ကို PDF အဖွဲ့တွေက မီးရှို့ခဲ့ ကြတယ်လို့ ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပုလဲပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ပြောခွင့်ရသူကတော့ သူတို့လက်ချက် မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

“အင်မထီးရွာမှာ ပျူစောထီး သင်တန်းဖွင့်တယ်။ အဲဒီရက်တုန်းက ဒေသခံ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေက ဝိုင်းတိုက်တယ်။ ညှပ်ပူးညှပ်ပိတ်တိုက်တော့ အတွင်းထဲက စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ရွာကိုမီးရှို့လိုက်တယ်။ နောက်ပြီးတော့ ဇန်နဝါရီ ၃၁ ရက်ည ဖေဖော်ဝါရီ ၁ ရက်မနက်အထမှာ မွေ့တုံရွာမှာ ရွာလုံးကျွတ်နီးပါး လောက် သူတို့စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အကြောင်းမဲ့မီးရှို့သွားတယ်။ အဲဒီကနေမှ ၁၂ နာရီခွဲလောက်မှာ ပန်းရွာကို ရောက်လာတယ်။ ရောက်လာပြီး ပန်းရွာမှာလည်း ဆက် လက်မီးရှို့သွားတယ်။ နောက်ပြီးတော့ ၄ ရက်နေ့ညမှာ ကိုင်းတွင်းကျေးရွာနဲ့ လှော်ကား ကျေးရွာမှာလည်း ထပ်ရှို့သွားတယ် အဲဒီအဖွဲ့ပါပဲ”

စစ်ကောင်စီရဲ့ ပျူစောထီး ဌာနေပြည်သူ့စစ်သင်တန်းတွေကို ဒေသခံ ကာကွယ်ရေးအဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်ကလည်း အတိုက်ခံခဲ့ရတဲ့ ရွာတွေနဲ့ ဆက်စပ်တဲ့ရွာတွေကို PDF အဖွဲ့တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝင်ရောက်တိုက် ခိုက်ပြီး မီးရှို့ခဲ့ကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတာကြောင့် ပုလဲမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါအဝင် မဟာမိတ်အဖွဲ့ ၁၃ ဖွဲ့နဲ့ နေ့စဉ် နှစ်ဖက်တိုက်ပွဲ တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ၁၀ ရက်အတွင်း စစ်ကိုင်း တိုင်း မြင်းမူ၊ ပုလဲ၊ ဝက်လက်နဲ့ ကနီမြို့နယ်ထဲက ရွာတွေကို စစ်တပ်က အင်အားအလုံး အရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ရာမှာ ရွာသား ၃၈ ယောက် အသတ်ခံခဲ့ရပါတယ်။ အဲဒီအထဲမှာ ပုလဲမြို့နယ်က ငါးဦးလည်း ပါဝင်တယ်တယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အလားတူပဲ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်ရွာကို စစ်ကောင်စီ တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၆၀ အရွယ် ဦးဖိုးထူး အပါအဝင် ရွာသား သုံးယောက် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ ပြည်သူတွေဟာ အသက်အိုးအိမ် မလုံခြုံတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေ ရတယ်လို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ ကိုင်းတွင်းရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့က ရှောင်နေတာ ကြာပါပြီ၊ အင်မထီး တိုက်ပွဲဖြစ်ကတည်းက၊ လာတယ်လာ တယ်ဆိုတော့ ပြေးခဲ့ရတော့တာပဲ လူလွတ်ပြီးရောဆိုပြီး၊ အခုဟာက ရွာတွေကလည်း မလုံခြုံတော့ဘူး တောတွေထဲပဲ နေတော့တာ၊ လူတွေကလည်း အိပ်ရေးတွေလည်း ပျက် လှပြီ၊ ကျနော်တို့ဘဝတွေက ဘယ်လိုမှ မလုံခြုံတော့ဘူးဗျာ”

ကိုင်းတွင်းရွာ အပါအဝင် နွယ်ရှောက်၊ ကန်ပေါက်၊ တနယ်၊ မွေ့တုံ၊ ပန်းရွာ၊ ညောင်ကုန်း၊ ဖိုကုန်း၊ အင်ကြင်းစု၊ လက်ပုကန် စတဲ့ ရွာပေါင်း ၁ဝ ရွာလောက်က ဒေသခံ တစ်သောင်း ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သူက ဆိုပါတယ်။

မီးရှို့ခံရတဲ့ရွာတွေ အပါအဝင် အနီးအနားပတ်ဝန်းကျင်က ရွာတွေမှာ ဒီနေ့အချိန်အထိ လူတစ်ယောက်မှ မရှိကြတော့ဘဲ တောတောင်တွေထဲမှာ ပုန်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

ပုလဲမြို့နယ်ဟာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းရဲ့ ဇာတိဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ အားကောင်းတဲ့ မြို့လည်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်က သူတို့ကို ထောက်ခံတဲ့ တချို့ ရွာတွေမှာ ပျူစောထီးတွေကို စစ်သင်တန်းတွေပေးပြီး လက်နက်တပ်ဆင်ဖို့ စီစဉ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကို မထောက်ခံတဲ့ ရွာတွေကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကြောင်းထိုးတာ၊ ပစ်ခတ်ဖမ်းဆီးတာနဲ့ မီးရှို့တာတွေ လုပ်နေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေကြရတာလို့လည်း ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ မွေ့တုံရွာကနေ ထွက်ပြေး လာသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာတွေကတော့ မနေ့ညတုန်းက အကုန်လုံး ပြေးကြတယ်ဗျ။ ရွာကို မပြန်နိုင်ကြသေး ဘူးခင်ဗျ။ ဆယ်ရွာ၊ ကိုးရွာကတော့ အခုအချိန်အထိ အကုန်လုံးရှောင်နေရတာ။ ရွာ တွေမှာ ကာကွယ်ရေးပဲ ရှိတော့တာ။ ကာကွယ်ရေး လေးငါးဆယ်ယောက်လောက်ပဲ ကျန်ခဲ့တော့တာ။ မြို့ပေါ်ကတော့ အခုက အကုန်လုံး ခြောက်ကပ်နေတယ်တဲ့။ စစ် သားတွေ အကုန်လုံးက အခု ပခုက္ကူဘက်ကို အကုန်လုံး ပြန်သွားကြတယ်။ လူတင် မဟုတ်ဘူး ပစ္စည်းတိုက်တဲ့ ကားတွေပါ ပြန်သွားတာဗျ”

အိမ်ခြေ ၂၈၀ ဝန်းကျင်ရှိတဲ့ မွေ့တုံရွာမှာ ၂၇၀ ခန့် မီးလောင်သွားတာကြောင့် အနည်းဆုံး ၁၀ အိမ် လောက်သာ ကျန်ခဲ့တာပါ။

mwaetone-village.jpg
(စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မွေ့တုံရွာက နေအိမ်တွေ မီးလောင်ခဲ့တာကို ၂၀၂၂၊ ဇန်နဝါရီ ၃၁ ရက်နေ့က တွေ့ရစဉ်) Photo: CJ

စစ်ကောင်စီပိုင် မြဝတီမီဒီယာကနေ အင်မထီးရွာကို PDF တွေကမီးရှို့တာလို့ ကြေညာခဲ့ ပေမယ့် မွေ့တုံရွာ၊ ပန်းရွာ၊ လှော်ကားရွာနဲ့ ကိုင်းတွင်းရွာတွေ မီးရှို့ခံရတဲ့ ကိစ္စတွေကိုတော့ သတင်းထုတ်ပြန်ကြေညာတာ မရှိပါဘူး။

အဲဒီရွာတွေကို မီးရှို့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပြီး ဒီညနေပိုင်းအထိ တော့ အကြောင်းမပြန်သေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်အထိ တိုင်းနဲ့ပြည် နယ် ၉ ခုက မြို့နယ် ကျေးရွာ ၁၂၆ ခုမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံရတဲ့ နေအိမ်အလုံး ပေါင်း ၃၃၇၉ လုံးရှိပြီး စစ်ကိုင်းတိုင်းက နေအိမ် ၁၄ဝဝ ကျော်နဲ့ အများဆုံးလို့ မြန်မာ့နိုင်ငံ ရေးနဲ့ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသနပြုနေတဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီအထဲမှာ နောက်ထပ်ထပ်မံမီးရှို့ခံရတဲ့ လှော်ကားရွာနဲ့ ကိုင်းတွင်းရွာပါ ထပ်ပေါင်းရင်း စစ်ကိုင်းတိုင်းဟာ နေအိမ်အလုံးပေါင်း ၂၀၀၀ ကျော်နဲ့ အများဆုံးမီးရှို့ခံရတဲ့တိုင်းဖြစ်ပြီး အဲဒီအထဲမှာမှ ပုလဲမြို့က အများဆုံးဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။