ကရင်နီဒေသ တိုက်ပွဲပေါင်း ၂၀၀ ကျော်မှာ လေကြောင်းတိုက်ခိုက်မှု ၁၀၀ ကျော်ရှိခဲ့ကြောင်း ISP ထုတ်ပြန်

2022.05.09
ကရင်နီဒေသ တိုက်ပွဲပေါင်း ၂၀၀ ကျော်မှာ လေကြောင်းတိုက်ခိုက်မှု ၁၀၀ ကျော်ရှိခဲ့ကြောင်း ISP ထုတ်ပြန် ကရင်နီပြည်နယ် ဆောင်ဒူလာကျေးရွာမှာ ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စစ်လေယာဥ်နှင့် ကြဲခဲ့သည့်ဗုံးကို တွေ့ရစဥ်
Photo: Yo Yo

ကယား (ကရင်နီ) ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တို့ တစ်နှစ်နီးပါးအတွင်း တိုက်ပွဲပေါင်းအကြိမ်ရေ ၂၄၇ ကြိမ်ရှိပြီး စစ်ကောင်စီဘက်က လေ ကြောင်းတိုက်ခိုက်မှု ၁၂၃ ကြိမ် ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

လေကြောင်း တိုက်ခိုက်မှုထဲမှာ Helicopter Gunship တွေနဲ့ ပစ်ခတ်တာတွေ ပါဝင်သလို ဖျက်အားပြင်း ဗုံးကြီးတွေနဲ့ ကြဲချပြီး တိုက်ခိုက်တာတွေလည်း ပါဝင်တယ်လို့ ISP ရဲ့ အစီရင်ခံစာအရ ဆိုထားပါတယ်။ ဒီအထဲမှာမှ ဒီးမော့ဆိုမြို့နယ်ဟာ လေကြောင်းတိုက်ခိုက် ခံရမှု အများဆုံးခံခဲ့ရပြီး စုစုပေါင်း လေကြောင်း တိုက်ခိုက်မှု ၉၅ ကြိမ်ထက်မနည်းရှိခဲ့တယ် လို့ ဆိုပါတယ်။

"တပ်အားဖြင့် မြေပြင်မှာ စိုးမိုးမှုမရတော့ လေကြောင်း ပိုသုံးတယ်လို့ ယူဆတယ်ပေါ့နော်"

ကယားပြည်နယ်ဟာ လူဦးရေ သုံးသိန်းသာရှိပြီး တစ်နိုင်ငံလုံးမှာ လူဦးရေ အနည်းဆုံး ပြည်နယ်ဖြစ်ပါတယ်။ နယ်မြေအရလည်း ကျဉ်းတဲ့ဒေသမှာ စစ်ကောင်စီတပ်က မြေပြင် စိုးမိုးမှု မလုပ်လာနိုင်လို့ အခုလို လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာလို့ ယူဆရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဦးအောင်သူငြိမ်းက သုံးသပ်ပြောပါတယ်။

“ကျနော်ထင်တယ်။ သူက တပ်အားဖြင့် မြေပြင်မှာ စိုးမိုးမှုမရတော့ လေကြောင်း ပိုသုံး တယ်လို့ ယူဆတယ်ပေါ့နော်။ နောက်တစ်ခုကလည်း ကျနော်တို့ ကြားသိရသလောက် က အရင်ချိန်တုန်းကဆိုရင် တိုင်းမှူးတွေကို လေယာဉ်ခေါ်ခွင့်တို့က ဒီဗဟိုကပဲ၊ ဦးစီး ချုပ်ရုံးကပဲ ချုပ်ကိုင်တာလေ။ အခုချိန်က တိုင်းမှူးတို့၊ ဘာတို့က လေယာဉ်ခေါ်ခွင့် တိုက်ရိုက်ရှိပြီလို့ပြောတယ်။ အဲဒီလိုမျိုး သူတို့လုပ်လိုက်တယ်။ နောက်တစ်ခုက ကယားပြည်နယ်က နယ်မြေက တော်တော်ကျဉ်းတော့ ကာလကြာတာနဲ့အမျှ မြေပုံ ညွှန်းနဲ့ တော်တော်မှတ်မိသလိုဖြစ်လာတယ်။ အဲဒါကြောင့် လေယာဉ်တော်တော် ပိုသုံးလာတယ်လို့ကြားတယ်”

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ မေလ ၇ ရက် နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်ဆောင်လာတဲ့ကားတွေကို ဘောလခဲမြို့နဲ့ ဖရူဆိုမြို့လမ်းမပေါ်မှာ ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေး တပ် (KNDF) ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့်ရှိသူ အပါအဝင် ၂၇ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) ဒု-စစ်ဦးစီးချုပ်က အတည်ပြုပြောပါတယ်။

“တိုက်ပွဲက တစ်နာရီလောက်ဖြစ်တာပေါ့။ တိုက်ပွဲက လိုက်ရှင်းလိုက်တဲ့အချိန်တော့ တပ်ရင်းမှူးလည်း ကျသွားတာ။ ကားပေါ်မှာ သေသွားတာ၊ အဲဒါနဲ့ ကားလေးစီး မီးရှို့ပြီး ပြန်ဆုတ်လာခဲ့တယ်။ ဒီတစ်ခါ တော်လှန်ရေးက နောက်ဆုံးပဲ။ ဒီတစ်ခါတော်လှန်ရေးမှ မအောင်မြင်ရင် ဗမာပြည်ကြီးဆိုတဲ့နေရာက အာဏာရှင်က ဒီထက်ပိုဆိုးသွားမယ်။ သားစဉ်မြေးဆက် ခုနစ်ဆက်က မြောက်ကိုရီးယားလို၊ တရုတ်တို့လို ဖြစ်သွားမယ်”

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်ကနေ အခု ဧပြီလ ၃၀ ရက် အထိ ကရင်နီဒေသမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်နေရာ အခုဆိုရင် စစ်ဘေးဒုက္ခ သည်ဦးရေ ၁၉၉,၆၁၅ ဦး ရှိနေပြီး အရပ်သား သေဆုံးမှု ၁၁၂ ဦးထက်မနည်းရှိတယ်လို့ ISP Myanmar အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ ကရင်နီဒေသတစ်ခုလုံးမှာ လူဦးရေ စုစုပေါင်း ၃၉၀,၂၁၀ ဦး ရှိပါတယ်။ အဲဒီစုစုပေါင်းလူဦးရေထဲမှာ ၁၉၉,၆၁၅ ဦးက နေရပ်စွန့်ခွာ ထွက်ပြေးနေရတာကြောင့် ရာခိုင်နှုန်းအားဖြင့်ဆိုလျှင် ကရင်နီဒေသတွင်းမှာ ရှိရင်းလူဦးရေရဲ့ ၅၁ ဒသမ ၁၆ ရာခိုင်နှုန်းက စစ်ဘေးဒုက္ခသည် ဖြစ်နေတယ်လို့လည်း ဆိုထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ အချိန်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံတွေ့လာကြရတယ်လို့ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“၂၀၂၁ ခုနှစ်၊ ၅ လပိုင်း ၂၂ ရက်နေ့ကတည်းကပေါ့၊ နောက်တစ်လဆို တစ်နှစ်ပြည့်ပြီ။ အခက်အခဲကတော့ အများကြီးပဲ။ အဓိက စားရေးသောက်ရေးကအစ ခက်ခဲတယ်။ စစချင်း ပြေးတုန်းက ဘာတစ်ခုမှ အဆင်မပြေဘူး။ စားဖို့က ဆန်တော့ရှိသေးတယ်။ ဟင်းကတော့ ပိုက်ဆံရှိရင် ဝယ်စားရတယ်။ ပိုက်ဆံမရှိရင် မဝယ်စားရဘူးပေါ့။ ဒီစစ်ရှောင်စခန်းနေရာကတော့ တောတောင်ထဲမှာပဲနေရတယ်။ တဲတစ်တဲနဲ့ တစ်တဲ တဲထိုးထားရတယ်”

ပြည်နယ်မှာရှိတဲ့ ဆန်စပါးနဲ့ စားနပ်ရိက္ခာတွေလည်း လက်ကျန်လောက်သာရှိတော့ပြီး တခြား တိုင်းနဲ့ ပြည်နယ်ကနေ ဝယ်ယူဖို့ကလည်း စစ်ကောင်စီဘက်က လမ်းတွေပိတ် ဆို့ထားတဲ့အတွက် အခက်အခဲတွေရှိတယ်လို့ လူမှုအသင်းအဖွဲ့တွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီမယ့် လူမှုအသင်းအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ကလည်း ထိထိရောက်ရောက် မကူညီပေးနိုင်ကြသေးဘူးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“ဒီဧပြီလ လကုန်ပိုင်းမှာ UNHCR က ပစ္စည်းတွေ လိုက်ဝေတယ်ပေါ့နော်။ အိုးခွက်၊ ပန်းကန်တွေ၊ စောင်တွေပေါ့။ ပြဿနာက သူတို့ဝေနိုင်တဲ့ ဧရိယာက မြို့ပေါ်ပဲဖြစ်တယ်။ မြို့ပေါ်မှာရှိတဲ့ IDP တွေ လွိုင်ကော်မြို့ကိုစွန့်ပြီးတော့ ပြန်လာတဲ့ Returning ဆိုတဲ့ လူအုပ်စုတစ်စုကို ဝေနိုင်တယ်။ ဒါတောင်မှ အများအပြား မဝေနိုင်ဘူး။ လိုအပ်ချက်တွေ ရှိတဲ့အတွက်ကြောင့် မဖူလုံနိုင်ဘူး။ ဒါတောင်မှ မြို့ပေါ်မှာ အမိုးအကာတွေ ဝေတာပေါ့။ လက်တွေ့က မြို့ပေါ်ထက်စာရင် တောမှာပိုလိုအပ်ချက်ရှိနေတယ်။ အထူးသဖြင့် ဒီအမိုးအကာကိစ္စတွေပေါ့။ ဝေတော့ ဝေလိုက်တယ် နာမည်တော့ ထွက်သွားတယ်။ တကယ်လက်တွေ့က ထိရောက်မှုက လူတစ်စု လူထု ၁ ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင် မယ်လို့ထင်တယ်။ သူတို့ရဲ့ အကန့်အသတ်နဲ့၊ ပစ္စည်းအကန့်အသတ်နဲ့၊ သူတို့ဝေရမယ့် နေရာအကန့်အသတ်နဲ့ပေါ့”

demoso-bomb.jpg
စစ်လေယာဉ်နဲ့ တိုက်ခိုက်ခံရလို့ ပျက်စီးသွားသည့် ဒီးမော့ဆိုမြို့ ဆောင်ဒူလာရွာမှ ခရစ်ယာန်ဘုရားကျောင်းကို ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

အခုလို တိုက်ပွဲတွေကြောင့် တစ်နှစ်အတွင်း အရပ်သားတွေရဲ့ နေအိမ်တွေနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ အပါအဝင် ဘာသာရေး အဆောက်အအုံ ၇၁၄ လုံး ပျက်စီးခဲ့ တယ်လို့လည်း (ISP-Myanmar) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ISP Myanmar ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကရင်နီပြည်နယ်ထဲက ဖြစ်စဉ်တွေကို စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“တချို့နေရာတွေမှာ လေကြောင်းကနေ တိုက်ခိုက်မှုရှိနိုင်ပါတယ်၊ တပ်မတော်စခန်း တွေ လုံခြုံရေး စခန်းတွေကို အင်အားသုံးတိုက်ခိုက်ရာမှာ မလွဲမသွေတုံ့ပြန်ရပါတယ်၊ ဆောင်ရွက်တဲ့အခါမှာ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေအတိုင်းပဲ ဆောင်ရွက်လျက် ရှိပါတယ်”

စစ်တပ်က အာဏာသိမ်းပြီး မေလ ၂၁ ရက်နေ့ကနေ ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲတွေ စတင်လာခဲ့ချိန်ကစပြီး ဒီနှစ် ဧပြီလ ၃၀ ရက် နေ့အထိ KA/KNDF/PDF တပ်ဖွဲ့ဝင် ၁၁၆ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က ၁၀၆၅ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။