ကိုရိုနာကာလ အရေးပါတဲ့ဆေးရုံမှာ လိုအပ်ချက် အများအပြားရှိနေ
2020.04.17
ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေကို အဓိကလက်ခံပြီး ကုသတိုက်ဖျက်ရေးမှာ ရှေ့တန်းကနေပါဝင် ဆောင်ရွက်နေတဲ့ ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုတွေ၊ ကာကွယ်ရေး ပစ္စည်းလိုအပ်မှုတွေ၊ ဝန်ထမ်းတွေမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဝေဘာဂီဆေးရုံကြီးက ပါမောက္ခ ဒေါက်တာစံပယ်ဖြူက ပြောပါတယ်။
ဝေဘာဂီဆေးရုံဟာ ကိုရိုနာအတည်ပြု လူနာအယောက် ၉၀ ထိပဲ လက်ခံနိုင်တဲ့အတိုင်းအတာရှိပြီး လက်ရှိ မှာတော့ အဆောင် သုံးခုလုံးမှာ ပိုးတွေ့လူနာတွေနဲ့ ပြည့်နေပြီလို့ ဝေဘာဂီ ဆေးရုံပါမောက္ခ ဒေါက်တာ ဒေါ်စံပယ်ဖြူ က ပြောပါတယ်။
ပါမောက္ခ ဒေါက်တာစံပယ်ဖြူ အပါအဝင် ဝေဘာဂီဆေးရုံမှာ ကိုရိုနာတိုက်ဖျက်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူတချို့နဲ့ ဧပြီ ၁၇ ရက် ဒီနေ့မနက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ အွန်လိုင်းက တိုက်ရိုက်ဆွေးနွေးချက်တွေမှာ ပြောခဲ့တာဖြစ်ပါတယ်။
"အခု သုံးဆောင်လုံးမှာလူနာ ၇၁ ယောက် ပြည့်ခဲ့ပါပြီ။ ကျွန်မတို့ လူနာ ၉၀ လက်ခံနိုင်ပါတယ်။ ၉၀ ဟာ အတည် ပြုလူနာတွေ ပိုးတွေ့လူနာတွေ လက်ခံနိုင်တာဖြစ်တယ်။ အတည်ပြုလူနာကို ၂၂ ရက်နေ့မှာ စတင်ပြီးလက်ခံ ခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ လူနာတက်နှုန်းကများလာပါတယ်။ ဒါကြောင့် အခုအချိန်မှာအဆောင် ၁ ရော၊ အဆောင် ၂ ရော၊ အဆောင် ၃ ရော သုံးဆောင်လုံးမှာ သုံးကုတင်စာလောက်ပဲကျန်ခဲ့ပြီးတော့ ကုတင်အားလုံး လူနာနဲ့ ပြည့်နေပါပြီ။"
ဝေဘာဂီဆေးရုံမှာ လူနာပြည့်သွားပြီဆိုရင် တောင်ဥက္ကလာမိခင်နဲ့ ကလေးဆေးရုံနဲ့ ဖောင်ကြီးမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေထားရှိကုသနိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။
"ဝေဘာဂီ ပြည့်ပြီဆိုတာနဲ့ အစီအစဉ်တွေချပြီးသားပါ။ အစီအစဉ်အရ တောင်ဥက္ကလာမှာ ထပ်ပြီးလက်ခံကုဖို့ရှိ တယ်။ ပြီးရင် ဖောင်ကြီးမှာကုတင် နှစ်ထောင်ဝန်းကျင်လောက်အထိ ထပ်တိုးချဲ့မယ့် ဆေးရုံတစ်ခုလည်း ပြင်ဆင် နေပါတယ်။ ကိုဗစ်အတွက် သီးသန့်ပါ အစီစဉ်တွေကတော့ ရှိပြီးသားပါ။"
ဝေဘာဂီ ဆေးရုံဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ကုသရေးတွေလုပ်ခဲ့တာ သုံးလခန့် ရှိခဲ့ပါပြီ။ ဒီကာလအတွင်း ကုသမှုပိုင်းအတွက် လူအင်အားတွေလည်း လိုအပ်နေပါတယ်။
လက်ရှိမှာပါမောက္ခသမားတော် နှစ်ယောက်၊ လက်ထောက်အထူးကု ဆရာဝန် ခြောက်ယောက်၊ ဆရာဝန် အယောက် ၂၀၊ သူနာပြုဆရာမ ၃၃ ယောက်နဲ့ ဆေးရုံဝန်ထမ်း အယောက် ၄၀ နဲ့ ဆောင်ရွက်နေတယ်လို့ ဒေါက်တာဒေါ်စံပယ်ဖြူက ပြောပါတယ်။
တက်ရောက်ကုသနေရတဲ့ ပိုးတွေ့လူနာတွေထဲက အထူးကြပ်မတ် ကုသခန်း ICU ထဲမှာ ကုသမှုခံယူနေရသူက တစ်ယောက်ပဲရှိပါတယ်။ ICU ထဲမှာ လူနာ ၁၂ ယောက်စာအတွက် ကျန်းမာရေးပစ္စည်း အလုံအလောက်ရှိပေမယ့် ကျန်းမာရေးဝန်ထမ်းတော့ လိုအပ်နေပါတယ်။
ဒီလူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း အင်အားမလုံလောက်ဘူးလို့ လူနာတွေကိုအနီးကပ်ပြုစု ပေးနေတဲ့ ဝေဘာဂီဆေးရုံက သူနာပြုဆရာမဒေါ်ဖြူသီ က ပြောပါတယ်။
"ဆယ်လောက်ယောက် လုပ်ရမယ့်အလုပ်ကိုရှိတဲ့ ဝန်ထမ်း ငါးယောက်လောက်နဲ့ လုပ်ရတဲ့အခါကျတော့ ပိုပြီးပင်ပန်းတယ်။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဒီလူနာကတော့အကောင်းပဲ။ အရမ်းကြီးဆိုးနေတဲ့ လူနာလည်းမဟုတ်ဘူး ဒီဝန်ထမ်းအင်အားနဲ့ ဘာလို့မလောက်လဲဆိုတာမျိုးတွေ ပြောလို့ရတယ်။ ဒါပေမဲ့ သီးခြားခွဲထားတဲ့လူနာတွေကို ပြုစုရတဲ့အခါမှာ ပုံမှန်ရိုးရိုးလူနာတွေကို ပြုစုကုသရတဲ့ပုံစံနဲ့ လုံးဝမတူဘူး။ တကယ်လုပ်နေတဲ့လူတွေဆိုရင်တော့ နားလည်ပါတယ်။ ဝန်ထမ်းအင်အား မလောက်ဘူးပြောတာလည်း ကျန်းမာရေးဌာနတိုင်းမှာ မလုံလောက်ပါဘူး။ ကျွန်မတို့ကပိုပြီးတော့ လိုတယ်ဆိုတာကသီးခြားခွဲထားတဲ့လူနာကို ပြုစုကုသရတဲ့အခါ ရိုးရိုးလူနာ ငါးယောက်လောက်နဲ့ ညီမျှပါတယ်။"
ကျန်းမာရေးဝန်ထမ်းတွေ အလှည့်ကျနားနေနိုင်ဖို့အတွက် ပြင်ဆင်နေပြီး ဝန်ထမ်းတွေအတွက် အထူးထောက်ပံ့စရိတ် ပေးဖို့ စီစဉ်နေတဲ့အကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
"ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းလှပြီဆိုတာ သဘောပေါက်ပါတယ်။ ပင်ပန်းလာတဲ့ကျန်းမာရေးဝန်ထမ်းတွေ နည်းနည်းပါးပါးနားနိုင်ဖို့အတွက် လူလဲဖို့အတွက် ပြင်ဆင်နေပါတယ်။ နောက်တစ်ခုက ကျွန်မတို့ရဲ့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို အထူးစရိတ်ပေးဖို့အတွက်လည်း စီစဉ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျေးဇူးကို အသိအမှတ်ပြုတာဖြစ်တယ်။ တကယ်လည်း အချို့နေရာတွေမှာ အသွားအလာအနေအထိုင်အတွက် လိုအပ်နေပါတယ်။ ကျွန်မတို့ ဝန်ထမ်းတွေကို ကိုယ့်မိသားစုတွေကတောင် အိမ်ပြန်ပြီးမလာစေချင်တာတွေရှိ တယ်ဆိုတော့ အဲဒီဟာတွေအတွက်လည်းအဆင်ပြေအောင် အစီအစဉ်တွေ လုပ်ပေးပါမယ်။"
လူနာတွေရဲ့ ၃ပုံ ၁ ပုံလောက်ကတော့ သွေးတိုး၊ ဆီးချိုလို ရောဂါအခံတွေ ရှိနေသလို အဆုတ်မကောင်းတဲ့ လက္ခဏာတွေ ခံစားနေကြရပြီး လူနာ ခုနှစ်ယောက်လောက်က အနည်းငယ်စိုးရိမ်နေရပါတယ်။
ဝေဘာဂီဆေးရုံဟာ ဇန်နဝါရီလ ၃၁ ရက်မှာ သံသယလူနာကို စတင်လက်ခံကုသခဲ့ပြီး လက်ရှိမှာလူနာပေါင်း ၂၅၃ ယောက်ကို ကုသပေးနေပါတယ်။ ဒီလိုကုသရာမှာ ကျန်းမာရေး ဝန်ထမ်းအင်အား လိုအပ်ချက်တွေအပြင် ဆေး ဘက်ဆိုင်ရာ ကာကွယ်ရေးပစ္စည်းတွေလည်း လိုအပ်နေတာပါ။ လက်ရှိမှာ ရှေ့တန်းကနေ ကာကွယ်တိုက်ဖျက် နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီတဲ့အနေနဲ့ အတတ်နိုင်ဆုံးကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုအပ်နေပါတယ်။