မွန်ပြည်နယ်က ပရဟိတအဖွဲ့တွေ အခက်အခဲမျိုးစုံ ကြုံနေရ
2022.12.06
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့ခုခံတော်လှန်စစ်နဲ့ စစ်ကောင်စီရဲ့ နှိမ်နင်းချေမှုန်းစစ်ကြားမှာ အရပ်သားတွေလည်း အသက်ဆုံးရှုံးရသလို၊ ပုံစံမျိုးစုံနဲ့ဒဏ်ရာရနေကြပါတယ်။
အဲဒီလို ဒဏ်ရာရတဲ့ပြည်သူတွေကို အသက်ဘေးကလွတ်အောင်ကယ်ဖို့ လူမှုရေးအသင်းတွေကကြိုးစားနေကြပေမယ့် အတားအဆီး အခက်အခဲ မျိုးစုံနဲ့ရင်ဆိုင်နေရတယ်လို့ ပရဟိတအသင်းတွေကပြောကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သား သုံးယောက်သေဆုံးသွားသလို၊ ဒဏ်ရာရတဲ့သူ ၁၀ ယောက် အထိ ရှိခဲ့ပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း မော်လမြိုင်မြို့ပေါ်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ခဲ့တဲ့ ပစ်ခတ် တိုက်ခိုက်မှုကြားမှာ ထိခိုက်အနာတရ ဖြစ်ရတဲ့သူတွေကို ကူညီခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီဖြစ်ရပ်မှာ စစ်ကောင်စီတပ်က အင်အားရာနဲ့ချီပြီး ရပ်ကွက်ထဲ ဝင်ပစ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြတာပါ။
အဲဒီတိုက်ပွဲမှာ PDF တပ်ဖွဲ့ဘက်က ငါးယောက် အဖမ်းခံရတယ်လို့ လူမှုရေးအသင်း ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းက ပြောပါတယ်။
မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေအတွက် နောက်ထပ်ကြီးမားတဲ့ စိန်ခေါ်ချက်တစ်ရပ်ကတော့ မြို့နယ်တော်တော်များများမှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်တွေကြောင့်လို့လည်း ဦးဘိုဘိုဝင်းက ပြောပါတယ်။
ဒီလိုအခြေအနေတွေမှာ ပရဟိတလုပ်ဆောင်နေတဲ့သူဟာ ပြီးခဲ့တဲ့ ကိုဗစ်ကာလမှာ ရုန်းကန်ရင်ဆိုင်ခဲ့ရတဲ့အခြေအနေထက် အများကြီးခက်ခဲနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပြပါတယ်။
မွန်ပြည်နယ်ဟာ မြန်မာပြည်အထက်ပိုင်းလောက် စစ်ပွဲအပြင်းအထန်ဖြစ်တာ မရှိပေမယ့် စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား မကြာခဏဆိုသလို တိုက်ပွဲငယ်တွေ ဖြစ်နေသလို၊ အရပ်သားသေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။