စစ်ကောင်စီအောက်က မွန်ပြည်နယ် ဇာတ်သဘင်လောက

(မိယဉ်စနိုင်း)
2022.10.29
စစ်ကောင်စီအောက်က မွန်ပြည်နယ် ဇာတ်သဘင်လောက အကလေ့ကျင့်နေကြသည့် ဇာတ်အဖွဲ့သားများ။
Photo : RFA

မြန်မာပြည်မှာ ကိုဗစ်ကပ်ရောဂါစဖြစ်ကတည်းက လူစုလူဝေးလုပ်လို့မရတဲ့အတွက် ဇာတ်ပွဲတွေ ရပ်နားထားခဲ့ရာကနေ၊ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း လူတွေရဲ့ဘဝမလုံခြုံတော့တဲ့အတွက် ဇာတ်သဘင်လုပ်ငန်းတွေအရင်လို ပြန်ပြီးမလည်ပတ်နိုင်တော့တာကြာပါပြီ။

အခုဆိုရင် ဇာတ်သဘင်သည်တွေ အလုပ်လက်မဲ့ဖြစ်နေတာနှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိလာခဲ့ပါပြီ။ လုံခြုံမှုမရှိတဲ့အခြေအနေမှာပဲ မွန်ပြည်နယ်မှာ လာမယ့်ပွင့်လင်းရာသီမှာ ဇာတ်သဘင်လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီထုတ်ထားတဲ့ ညမထွက်ရအမိန့် ၁၄၄ က မွန်ပြည်နယ်ရဲ့ နေရာတော်တော်များများမှာ ပြန်လည်ရုပ်သိမ်းထားတာမရှိပါဘူး။ ဒီအချက်ကလည်း ဇာတ်အဖွဲ့သားတွေရဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်ချက်တစ်ရပ် ဖြစ်နေပါတယ်။

ဇာတ်မင်းသမီး ဆူးထိပ်ထား က လုံခြုံရေးကို စိုးရိမ်ပေမယ့် စားဝတ်နေရေးအတွက် ဇာတ်ကရမှာပဲလို့ ပြောပါတယ်။
“ ညမထွက်ရအမိန့်တော့ ထုတ်ထားတယ် ဒါပေမဲ့ သမီးတို့ကျတော့ ဒီဇာတ်ကမှ ဝမ်းစာ စားလို့ရမှာလေ။ ဇာတ်ဆရာတွေကလည်း သူတို့ အဆင်ပြေတယ်ဆိုတော့ ကိုယ်တွေကတော့ ညမထွက်ရအမိန့်ရှိလည်း ကနေတာပဲ။ ဒီလိုပဲ ဝမ်းစာအတွက် ရှာစားနေရတာပေါ့နော်။ စိုးရိမ်စိတ်ကတော့ ရှိတာပေါ့။ ကိုယ်တွေက ဒီအလုပ်လုပ်မှ ပိုက်ဆံရမှာကိုး။ ပိုက်ဆံရမှ မိသားစု အဆင်ပြေမှာလေ။ ဇာတ်ဆရာက သူ ကမယ်ဆို လိုက်ကရမှာပဲလေ။ ကိုယ်က ပိုက်ဆံလည်းယူထား၊ တာဝန်လည်းယူထားတော့ ကရမှာပေါ့။ လုံခြုံလည်းလုပ်၊ မလုံခြုံလည်း လုပ်ပဲ”

ဇာတ်သဘင်တွေဟာ ညလုံးပေါက်မိုးလင်းတဲ့အထိ ကပြဖျော်ဖြေရတဲ့အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့်ပွင့်လင်းရာသီမှာ ဇာတ်ပွဲလာငှားရင်တော့ ကျေးရွာဒေသခံတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှု အပေါ်မူတည်ပြီး အချိန်အပိုင်းအခြားနဲ့ ကပြဖို့ စီစဉ်ထားတယ်လို့ မော်လမြိုင်သဘင်အစည်းအရုံး ဥက္ကဌ ဦးဆန်းလင်းက ပြောပါတယ်။

မွန်ပြည်နယ်က ဇာတ်အဖွဲ့တွေအတွက် ဗဟိုအဆင့်ဇာတ်သဘင်အစည်းအရုံးကနေ ငွေ သိန်း ၇ဝ ထုတ်ချေးပေးခဲ့ပြီး အဲဒီချေးငွေပြန်ဆပ်နိုင်ဖို့အတွက် လုပ်ငန်းပြန်လည်ပတ်ဖို့လိုအပ်နေပါတယ်။

ဒီနှစ် မွန်ပြည်နယ်ကဇာတ်သဘင်တွေဟာ သဘင်အစည်းအရုံးမှာအဖွဲ့ဝင်အဖြစ် နာမည်စာရင်း တင်ရပါတယ်။ ဒီလို ခွင့်ပြုချက်တင်ရတာကလည်း လုံခြုံရေးကြောင့်လို့ မော်လမြိုင်သဘင်အစည်းအရုံး ဥက္ကဌ ဦးဆန်းလင်းက ပြောပါတယ်။

“ ကျွန်တော်တို့သဘင်အစည်းအရုံးမှာ ပါမစ်ဝင်ပြီးသားလူ စာချုပ်ချုပ်ပြီးသားဇာတ်တွေပေါ့နော်။ ကိုယ်ငှားမယ်ဆို ကိုယ်မေးပေါ့နော်။ သဘင်အစည်းအရုံးမှာစာချုပ်ချုပ်ပြီးပြီလား၊ အစည်းအရုံးဝင်ပြီးပြီလားပေါ့။ အဲ့လိုမေးပြီးတော့ အစည်းအရုံးဝင်ထားတဲ့လက်မှတ်ရှိသူတွေကိုပဲ ငှားဖို့ တိုက်တွန်းတယ်။ ဘာလို့လဲဆို အစည်းအရုံးမဝင်ထားရင် ပြဿနာတစ်စုံတစ်ခုဖြစ်လာရင် အစည်းအရုံးက မသိနေဘူးဆိုရင် ငှားတဲ့ ကန်ထရိုက်တွေကို အဲဒါလေး အကူအညီတောင်းချင်ပါတယ်။ အဲ့လိုမျိုးမှ ငှားရင် ပြဿနာမတက်ဘူးပေါ့။ အဲဒါကူညီဖို့ တောင်းဆိုပါတယ် “

မွန်ပြည်နယ်မှာ မြန်မာဇာတ်သဘင် ၃၅ ဖွဲနဲ့ မွန်ဇာတ်သဘင် ၄ ဖွဲ့ရှိပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်ဝန်းကျင် ဇာတ်သဘင်လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ်လည်ပတ်နေချိန်က မြန်မာဇာတ်သဘင်ရဲ့ဝင်ငွေနှုန်းထားဟာ တစ်ညကပြဖျော်ဖြေမှုအတွက် ကျပ် ၁၅ သိန်း ရရှိသလို မွန်ဇာတ်သဘင်မှာဆိုရင် ကျပ်သိန်း ၄ဝ အထိ ရရှိကြပါတယ်။

လက်ရှိမှာတော့ ကထိန်အလှူပွဲတွေလိုနေရာမှာပဲ ကပြဖျော်ဖြေရတာကြောင့် ဇာတ်အဖွဲ့တစ်ဖွဲ့ရဲ့ ဝင်ငွေဟာ ကျပ် ငါးသိန်းကျော်လောက်သာရရှိပါတယ်။

ဇာတ်မင်းသား ကိုအောင်ထောက “သူတို့ရပ်ရွာ အေးချမ်းနေရင် သူတို့ငှားမယ်ပေါ့၊ အခုက ဒေသအခြေအနေကို ကြည့်နေကြတယ်၊ အရင်လို ကြိုငှားတာမရှိတော့ဘူး၊ ဒီနှစ်နှစ်၊ သုံးနှစ်ထဲမှာ အခက်အခဲတွေအများကြီးဖြစ်တယ်၊ တခြားမှာ လုပ်ဖို့ကလည်း မလုပ်တတ်တာ ပါတယ်၊ မလုပ်နိုင်တာတွေလည်းရှိတယ်၊ တချို့ဇာတ်သဘင်သည်တွေက ပြည်ပကို ရောက်သွားကြတယ်၊ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်တယ်ပေါ့" လို့ ပြောပါတယ်။

စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ချင်း၊ ကရင် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာ၊ အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခံနေရတာ၊ လူနေအိမ်တွေ မီးရှို့ခံနေရတာ၊ စစ်ဘေးဒုက္ခသည်တွေ ပိုများလာတာ စတဲ့ ပြည်တွင်းစစ်ရဲ့ဒဏ်တွေ ခံစားနေရသလို မွန်ပြည်နယ်မှာလည်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲအသေးစားတွေ မကြာခဏရှိနေပါတယ်။

နယ်မြေလုံခြုံရေးကင်းမဲ့နေတဲ့ အခုလိုအခြေအနေမှာ ပွဲလမ်းသဘင်တွေ လူစုလူဝေးတွေ၊ အလှူ မင်္ဂလာအခမ်းအနားတွေ ပြုလုပ်ပြီး ဇာတ်သဘင်တွေငှားရမ်းဖို့ဆိုတာ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေပါတယ်။

လက်ရှိမှာတော့ ဇာတ်အဖွဲ့သားတွေဟာ ရွှေ့ပြောင်းလုပ်ငန်းအနေနဲ့ ပြည်ပကို ထွက်ခွာသွားကြတာ၊ ဈေးရောင်း၊ စက်ချုပ်၊ ကုန်ထမ်းစတဲ့ ကျပန်းအလုပ်တွေကိုလုပ်ကိုင်ရင်း စားဝတ်နေရေးပြဿနာ ဖြေရှင်းနေရတာတွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။