ကရင်နဲ့ မွန်တပ်တွေကြားက ပြဿနာ

ဦးတင်အောင်ခိုင်
2019.10.24
knu-622.jpg KNU တပ်သားအချို့ကို တွေ့ရစဉ်
Photo: RFA

ကရင်အမျိုးသားအစည်းအရုံးနဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့တွေရဲ့ အငြင်းပွားမှုဟာ ဘုရားသုံးဆူနယ်ထဲက ဗလဲထွန်ဖိုက်ရွာနဲ့ ထီးဝါးဒို့ရွာက နယ်မြေအငြင်းပွားမှုပဲ ဖြစ်ပါတယ်။ အငြင်းပွားမှုကို တွေ့ဆုံဖြေရှင်းတာမျိုးတွေ လုပ်နေစဉ်မှာပဲ အောက်တိုဘာ ၁၇ ရက်၊ ၂၁ရက် နဲ့ ၂၄ရက်နေ့တွေမှာ  အပြန်အလှန် ဝင်ရောက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

နယ်မြေအငြင်းပွားတဲ့ဒေသဟာ ဘုရားသုံးဆူနယ်မှာ ဖြစ်တာမို့  မွန်ပြည်သစ်ပါတီကလည်း သူ့နယ်လို့ ပြောဆိုထားပြီး KNU ကတော့ အရင်ကတည်းက သူတို့ တပ်မဟာ ၆ နယ် ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ငြင်းခုန်မှုတွေ အသံထွက်လာတာက မွန်ပြည်သစ်ပါတီ NCA ကို လက်မှတ်ထိုးပြီးချိန်မှာမှပါ။

ဘာကြောင့်လည်းဆိုတော့ KNU အဖွဲ့ဟာ NCA ကို အရင်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ဖြစ်တာကြောင့် အခုအငြင်းပွားနေတဲ့နယ်ကို အရင်ဝင်ထွက်သွားချိန်မှာ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တရားဝင်အဖွဲ့အနေနဲ့ သွားလာတာမျိုးရှိနေပြီး မွန်ပြည်သစ်ပါတီအနေနဲ့ကတော့ လက်မှတ် မထိုးရသေးတော့ တရားမဝင်အဖွဲ့အနေနဲ့ ဘာမှတုံ့ပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် ခုချိန်မှာတော့ မွန်ပြည်သစ်ပါတီလည်း NCA လက်မှတ်ရေးထိုးပြီးချိန် ပြဿနာပေါ်လာတာဖြစ်ပါတယ်။  ခုလိုပြဿနာဟာ NCA  စာချုပ်ပါ တပ်နေရာချထားရေးအပိုင်းနဲ့ ပတ်သက်နေပေမယ့် ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ NCA စာချုပ်မှာ အားနည်းချက်ရှိနေပါတယ်။

“ NCA မှာပါတဲ့ တပ်နေရာချထားရေးဆိုတာက တပ်မတော်နဲ့ NCA ထိုးတဲ့သူတွေကြားက သဘောတူညီချက်ပေါ့။ NCA ထိုးထားတဲ့သူတွေ အချင်းချင်း သဘောတူညီချက်မပါဘူး။ နောက်တချက်က အထူးသဖြင့် တပ်မတော်နဲ့ NCA ထိုးတဲ့သူတွေကြားမှာ သဘောတူတာက NCA ထက် နှစ်ဦးနှစ်ဖက် ပြည်ထောင်စုအဆင့်တို့ ပြည်နယ်အဆင့်တို့ လက်မှတ်ထိုးတုန်းက ဘယ်ဟာက အပစ်ရပ်နယ်မြေ ဘယ်ဟာက ထိန်းချုပ်နယ်မြေ ဆိုတာကို ထည့်ထားတာ။ အဲ့ဒီတုန်းက ထည့်ထားမှ တပ်မတော်ဘက်က အသိအမှတ်ပြုတာ။ အဲ့သလိုဖြစ်တော့ သုံးပွင့်ဆိုင်လိုဖြစ်နေလို့ NCA ထိုးတဲ့အချင်းချင်းလည်း ထပ်ပြီး လက်မှတ်ထိုးရမလိုဖြစ်နေတော့ နည်းနည်းလေးတော့ ရှုပ်ထွေးတယ်” လို့ NCA စာချုပ်အတွက် ဆွေးနွေးမှုတွေ စတင်ချိန်ကတည်းကပါဝင်တဲ့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်ဥက္ကာ က ပြောပါတယ်။

တပ်နေရာချထားရေးအနေနဲ့ စာချုပ်ပါအချက်အလက်တွေအရ ရှုပ်ထွေးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒီလိုပြဿနာမျိုး NCA လက်မှတ်ထိုးထားတဲ့  KNU နဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ ပြဿနာတက်နေသလို လက်မှတ်ရေးထိုးထားတဲ့  PNLO ပအို့ဝ်အဖွဲ့နဲ့ RCSS ရှမ်းတပ်ဖွဲ့တွေကြားမှာလည်း အလားတူပြဿနာမျိုးရှိနေပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်ရေး ငြိမ်းချမ်းရေးဗဟိုကို တင်ပြဆွေးနွေးတာတွေရှိပေမယ့် အစိုးရဘက်အပိုင်းက ကြားဝင်နိုင်ခြင်းမရှိပါဘူး။

“ ဒါပေမယ့် NCA က မလွမ်းခြုံနိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းရန် ဆိုတာပါတယ်” လို့ ခွန်ဥက္ကာက ပြောပါတယ်။ လက်ရှိမှာတော့ အချင်းချင်းညှိနှိုင်းယူကြဖို့သာ ရှိပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ KNU တို့လည်း အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပြီးဖြစ်ပါတယ်။ ပြဿနာပြေလည်သွားတာတော့ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။