မိုခါဆိုင်ကလုန်း ကယ်ဆယ်ရေး NUG နဲ့ AA ကြိုးပမ်းနေ
2023.05.12

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့မှာ အင်အား အင်မတန်ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုအဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးကနေ မြန်မာနိုင်ငံအတွင်းကို တစ်နာရီလေတိုက်နှုန်း မိုင် ၁၀၀ ကျော်နှုန်းနဲ့ ဝင်ရောက်မယ့်အနေအထား ရှိပါတယ်။
မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်နိုင်က မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အမြင့်ပေ ၇ ပေရှိတဲ့ ရေလှိုင်းတွေ ကမ်းစပ်ကို ရိုက်ခတ်နိုင်တယ်လို့ ပြောပါတယ်။
“ဝင်လာတယ်ဆိုတော့ ရိုးရိုးကျွန်တော်တို့ လှိုင်းပုတ်သလိုမျိုး ဝင်လာမှာမဟုတ်ဘူး သူကအမြင့်ပေ ၇ ပေ ရှိတဲ့ ရေထု သူ့ရဲ့နောက်ဘက်က အကျယ်ကြီးပဲ အမြင့်ပေ ၇ ပေရှိတဲ့ ပင်လယ်ရေထုကြီးက တစ်နာရီကို မိုင် ၁၀၀ ကျော်နဲ့ ဒီကမ်းခြေကိုရိုက်ပြီး ဝင်လာမယ်ဆိုတော့ ရေတွေရဲ့ ဝိတ် ဝင်လာတဲ့အရှိန်နှုန်း ဒီဟာနဲ့ အဖျက်စွမ်းအား အင်မတန်ကြီးတဲ့ အနေအထားက မုန်တိုင်းရဲ့ဗဟို မိုင် ၁၀၀ နဲ့ ၆၀ အတွင်းမှာ ဖြစ်မယ်ပေါ့။”
ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ လေပြင်းတိုက်ခတ်မှုထက် ရေပြင်းအားကြောင့် ဖြစ်ပေါ်လာမယ့် ပျက်စီးဆုံးရှုံးမှုကို ပိုခံစားရနိုင်တယ်လို့လည်း သူက ပြောပါတယ်။
မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ်ကနေ ကုန်တွင်းပိုင်းကို ရောက်ရှိသွားပြီးချိန်မှာတော့ တစ်စတစ်စ အင်အား လျော့နည်းသွားမှာဖြစ်ပြီး ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာတော့ တစ်နာရီ မိုင် ၆၀ နဲ့ ၇၀ ကြား လေပြင်းတိုက်ခိုက်မှုတွေ မိုးကြီးမှုတွေ ကြုံရနိုင်တာကြောင့် တောင်ကျချောင်းရေ များမှု၊ မြေပြိုမှု၊ တောင်ပြိုမှုတွေကြောင့် ပျက်စီးသေဆုံးမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ရှောင်ရှားကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နေတယ်လို့ RFA ကိုပြောပါတယ်။
လက်ရှိ မုန်တိုင်းအဓိကဝင်ရောက်မယ့် ရခိုင်ပြည်နယ်အတွက် ရခိုင်တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။
“NUG ရဲ့ စိုးမိုးနယ်မြေတွေ ရှိမယ်၊ အဲဒီဒေသတွေရှိတဲ့ အုပ်ချုပ်မှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်တာတွေ လုပ်တယ်။ အဓိကတိုက်ရိုက်ဝင်မှာ ရခိုင်ပြည်နယ်ဖြစ်တယ်၊ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ရင်လည်း ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ ရှိတယ်။ ရခိုင်မှာ အဲဒီအဖွဲ့အစည်းနဲ့ နောက်ပြီးတော့ လူမှုအဖွဲ့အစည်းတွေ ရှိတယ်။ ဒီလူမှုအဖွဲ့အစည်းတွေဆိုတာ ပြည်သူဘက်က ရပ်တည်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လူမှုအဖွဲ့အစည်းတွေ ရှိတယ်။ အဲဒီလူမှုအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ချိတ်ဆက်ပြီးပါပြီ အားလုံးနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ချက်တွေ ပြင်ဆင်မှုတွေ ရွှေ့ပြောင်းတာတွေ ဒါတွေကို ကျွန်တော်တို့ ရခိုင်နဲ့ ပတ်သက်လို့ရှိရင် အနုစိတ်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်။”
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ မုန်တိုင်းဒဏ်ကြောင့် ဖြစ်ပေါ်လာမယ့် အခြေအနေတွေပေါ် ကူညီပေးနိုင်ဖို့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။
“အကြမ်းဖက်က အာဏာသိမ်းပြီးတဲ့အခါမှာ နိုင်ငံကို အုပ်ချုပ်လို့ရနေတာ မဟုတ်ဘူး။ ဒါ့ကြောင့် သူတို့ မအုပ်ချုပ်နိုင်တဲ့ နယ်မြေမှာ တကယ်ဒုက္ခရောက်နေတဲ့ လူတွေကလည်း ရှိနေတာ၊ ကိုယ်ပိုင် အုပ်ချုပ်မှုတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေဆိုရင်လည်း ကိုယ်ပိုင်အုပ်ချုပ်မှုတွေနဲ့ သွားနေတယ်။ ကိုယ့်ရဲ့ပြည်ကို ကိုယ်အုပ်ချုပ်နေကြတာတွေ ရှိတယ်။ အစီအစဉ်တွေရှိတယ်။ ဒီဘက်က NUG PDF လွှမ်းမိုးတဲ့ စီမံအုပ်ချုပ်တဲ့ နေရာတွေလည်း ရှိနေပြီ အများကြီးပဲ။ ဒီလိုမျိုးအားလုံးကို တကယ်ညှိနှိုင်းပြီးတော့ လူသားချင်းစာနာတဲ့ အကူအညီကို လုံးဝဘက်မလိုက်ပဲနဲ့ မျှမျှတတနဲ့ အကုန်လုံးဆီကို ရောက်ရှိအောင် ဆောင်ရွက်ဖို့ လိုတယ်။ တကယ်ထိထိရောက်ရောက် ရောက်ရှိအောင် ကြံဆောင်ရင်နည်းလမ်း ရှိပါတယ်။ ဒီနည်းလမ်းတွေကိုလည်း ကျွန်တော်တို့က နိုင်ငံတကာတွေကို ဆွေးနွေးညှိနှိုင်းပြီး ဖြစ်ပါတယ်။”

မုန်တိုင်းဒဏ်ကို တိုက်ရိုက်ခံစားဖွယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားပြည်သူတွေ ၅ သောင်းနီးပါးကို ရခိုင့်တပ်တော် AA က ကယ်ဆယ်ရွှေ့ပြောင်းပေးနေတယ်လို့ သတင်းရပါတယ်။
AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အာရက္ခပြည်သူ့အစိုးရအနေနဲ့ မုန်တိုင်းရှောင်ပြည်သူတွေကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ အာရက္ခပြည်သူ့အစိုးရအနေနဲ့ ဒီကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့ ဆေးအဖွဲ့တွေကိုလည်းပဲ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကို အခြေခံပြီးတော့မှ ကျွန်တော်တို့ စွမ်းအား ရှိသလောက် အကောင်းဆုံးပြင်ဆင်ထားရှိပါတယ်။”
စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ် စတဲ့ ဒေသတွေမှာ စစ်ဘေးရှောင်တွေ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မုန်တိုင်းကို စိတ်မဝင်စားနိုင်ဘဲ စစ်ကောင်စီက လာရောက်ဗုံးကြဲမှာကို စိုးရိမ်နေရတယ်လို့ ပြောကြပါတယ်။
မုန်တိုင်းအန္တရာယ်ကြုံရနိုင်တဲ့ မြို့နယ်တွေထဲမှာ ဖုန်းလိုင်းဖြတ်တောက်ခံထားရတဲ့ ချင်းပြည်နယ် ကန်ပက်လက်၊ မတူပီ၊ မင်းတပ်တို့ ပါဝင်ပါတယ်။ ဒေသခံတွေဟာ မုန်တိုင်းရှိမှန်း မသိသူများတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
"လောလောဆယ်တော့ မင်းတပ်မှာ မုန်တိုင်းအတွက် ပြင်ဆင်ဖို့ လုပ်တာမျိုးတော့ သိပ်မရှိဘဲနဲ့ မုန်တိုင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကိုတောင် မသိကြတဲ့သူများပါတယ်။ အများအားဖြင့်ကတော့ ဗုံးခိုကျင်း တူးဖို့၊ စကစ လက်နက်ကြီးဒဏ်ကိုပဲ ပိုစိုးရိမ်နေကြပါတယ်။ ကျွန်တော်တို့ မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်း ဖုန်းလိုင်းတွေဖြတ်၊ အင်တာနက်လိုင်းတွေအကုန်လုံးဖြတ်ထားတဲ့အပြင် ကျွန်တော်တို့အရင်အနီးအနားက မကွေးတိုင်းမှာပါ အင်တာနက်လိုင်းတွေအကုန်လုံးဖြတ်ထားတော့ ကျွန်တော် တို့ကိုယ်တိုင်ကပါ သတင်းအချက်အလက် ရရှိနိုင်ဖို့ အင်မတန်ခက်ခဲတာတွေ့ရပါတယ်။ ရရှိတဲ့သတင်းအချက် အလက်ကိုလည်း ပြည်သူတွေကို ပြန်ဖြန့်ဝေဖို့ အသိပေးဖို့လည်း အခက်အခဲ အများကြီးရှိတာ တွေ့ရတယ် ခင်ဗျ။"

လေးပြင်းတိုက်ခိုက်တဲ့ဒဏ် ခံရနိုင်တဲ့ စစ်ကိုင်းတိုင်းမှာလည်း ပြည်သူတွေ မုန်တိုင်းဒဏ်အကာအကွယ်အတွက် ရွှေ့ပြောင်းလုပ်ဆောင်နိုင်တာမရှိဘဲ လိုအပ်တဲ့ ဆေးဝါးနဲ့ တစ်ကိုယ်ရေ သုံးစွဲမယ့် ပစ္စည်းတွေလောက်ပဲ ဆောင်ထားနိုင်တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် ၂၅ မုံရွာ PDF ခေါင်းဆောင် ကိုသံမဏိက ပြောပါတယ်။
“ကျွန်တော်တို့ ဒီဘက်မှာပြင်ဆင် ထားနိုင်တာဆိုရင်တော့ စားနပ်ရိက္ခာရယ် နောက်ပြီးတော့ ဆေးဝါးပစ္စည်းရယ် အဝတ်အထည်ရယ်ပေါ့ ဆောင်ဘာညာပေါ့ ဒီပစ္စည်းလေးတွေလောက်ပဲ ကျွန်တော်တို့ ထုပ်ပိုးထားနိုင်မယ် ထင်တယ် ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဒီလောက်ပဲ ထုပ်ပိုးထားနိုင်တယ်။ ဒီဒဏ်ကို ကာကွယ်နိုင်တဲ့ အကာအရံ ကောင်းကောင်းပေါ့။ ဒါမျိုးကို ကျွန်တော်တို့ ချက်ချင်းမလုပ်နိုင်ဘူးပေါ့ လေတော်တော်များများ ပြင်းလာခဲ့ရင် ကျွန်တော်တို့ဘက်က မီးလောင်ပြီးသား ကျေးရွာတွေပေါ့။ မီးရှို့ခံရတဲ့ကျေးရွာတွေဆိုရင် ဒီကွင်းပြင်ကြီးမှာပဲ ပြန်ပြီးတော့ မီးကြွင်းမီးကျန် သွပ်မိုးတို့ တိုင်တို့နဲ့ပဲ ပြန်တည်ဆောက်ရတာဆိုတော့ တော်တော် ဒုက္ခရောက်နိုင်တယ်။”
စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မိုခါမုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ မိုင် ၁၃၀ နီးပါးနဲ့ ဝင်ရောက်နိုင်တဲ့တွက် ကမ်းရိုးတန်းအနီး နေထိုင်သူတွေ ဘေးလွတ်ရာ အချိန်မီရွှေ့ပြောင်းဖို့ သတိပေးထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က နာဂစ် မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံမှာ လူဦးရေ ၁ သိန်းခွဲနီးပါး သေဆုံးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ အခုတိုက်ခိုက်မယ့် မိုခါဆိုင်ကလုန်းမုန်တိုင်းဟာလည်း နာဂစ်မုန်တိုင်း နီးပါး အင်အားပြင်းထန်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းသတိပေးထားကြပါတယ်။