မိုချာဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်နိုင်
2023.05.08

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မေလ ၉ ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်လာနိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ မေလ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်တွေအရ သိရပါတယ်။
မေလ ၁၀ ရက်နေ့မှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းကို မိုချာ ဆိုင်ကလုန်းမုန်တိုင်း (Cyclone Mocha) လို့ အိမ်နီးချင်းနိုင်ငံတွေက အမည်ပေးထားပါတယ်။
အဲဒီမုန်တိုင်းဟာ မြန်မာနိုင်ငံထဲကို မေလ ၁၃ နဲ့ ၁၄ ရက်လောက်မှာ လမ်းကြောင်းနှစ်ခုနဲ့ ဝင်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းရကြောင်း ဒီနေ့ထုတ်သတင်းစာတွေမှာ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
ပထမလမ်းကြောင်းဟာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်ကြားကို ဝင်ရောက်နိုင်ပြီး ဒုတိယလမ်းကြောင်းကတော့ ဧရာဝတီတိုင်း၊ ဖျာပုံနဲ့ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ဘက်ကို ဝင်ရောက်လာနိုင် တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံက ခန့်မှန်းချက်မှာလည်း မိုချာမုန်တိုင်းဟာ အိန္ဒိယအရှေ့ဘက်ကမ်းရော ဘင်္ဂလားဒေ့ရှ်ကိုပါ ဝင်နိုင်ခြေမရှိဘဲ၊ မြန်မာနိုင်ငံကို မေလ ၁၃ ရက် ညနေကနေ ၁၄ ရက် နေ့လယ်ထိ ဝင်နိုင်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
"ကျွန်တော်တို့ဒေသကလည်း ဒါကိုအတွေ့အကြုံရှိတယ်။ မကြာမကြာ ဒီဒဏ်ကို ခံနေရတာ။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ကြိုတင်ပြီး ပြင်ဆင်ထားတာရှိတာပေါ့"
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာတော့ ဒေသခံတွေဟာ မုန်တိုင်းအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြင်ဆင်ထားကြတယ်လို့ ဒေသခံ ကိုကျော်ကျော်ခိုင်က RFA ကို ပြောပါတယ်။
"ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့ဗျာ။ ကျွန်တော်တို့ဒေသကလည်း ဒါကိုအတွေ့အကြုံရှိတယ်။ မကြာမကြာ ဒီဒဏ်ကို ခံနေရတာ။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ကြိုတင်ပြီး ပြင်ဆင်ထားတာရှိတာပေါ့။ နေအိမ်တွေကို ခိုင်ခိုင်မာမာ အဆင်ပြေအောင် စီမံရတာတွေရှိတယ်"
ပေါက်တောနဲ့ မြေပုံမြို့နယ်တွေဟာ ၂၀၁၀ ခုနှစ်က ဂီရိ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို အကြီးအကျယ် ကြုံခဲ့ကြရတာကြောင့် အခုဖြစ်ပေါ်လာနိုင်တဲ့မုန်တိုင်းအတွက် စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ဒေသခံတွေဟာ ဒီနေ့အထိ သူတို့ရဲ့ ရပ်ရွာမှာပဲ သတိနဲ့ ဆက်လက်နေထိုင်နေကြဆဲဖြစ်ပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့တာ မရှိကြသေးဘူးလို့လည်း ကိုကျော်ကျော်ခိုင်က ပြောပါတယ်။
ပေါက်တောမြို့နယ်က ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီးကတော့ မုန်တိုင်းမဝင်ရောက်ခင်ကတည်းက ဒေသခံတွေကို အာဏာပိုင်တွေအနေနဲ့ ဘေးလွတ်ရာ ပြောင်းပေးဖို့ လိုတယ်လို့ RFA ကို ပြောပါတယ်။
"အခုလောလောဆယ်တော့ ကျွန်တော်တို့သိရလောက် အာဏာပိုင်တွေက သူတို့ အစည်းအဝေးတွေလုပ်တာတော့ ရှိတယ်။ မုန်တိုင်းနဲ့ပတ်သက်ပြီး လူတွေ ပြောင်းရွှေ့ရမယ့် အနေအထားတွေ၊ မြေနိမ့်ပိုင်းက ပြည်သူတွေကို ရွှေ့ပြောင်းမယ့် အခြေအနေတွေကို လက်တွေ့ကျကျလုပ်တာတော့ ကျွန်တော် မတွေ့ရသေးဘူးခင်ဗျာ။ အရေးပေါ် အခြေအနေ နဖူးတွေ့၊ ဒူးတွေ့ မုန်တိုင်းတိုက်နေတဲ့ကာလအတွင်း ရွှေ့ပြောင်းရင် ပြည်သူတွေ ပိုပြီးတော့ ထိခိုက်နိုင်တယ်။ မုန်တိုင်းမတိုက်ခင် ပြည်သူတွေကို ရွှေ့ထားတာ ပိုကောင်းမယ်၊ ပိုသင့်တော်မယ်လို့ ယူဆပါတယ်"
မုန်တိုင်းလာရာလမ်းကြောင်းခန့်မှန်းချက်တွေအရ ပေါက်တောမြို့နယ် တောင်ဘက်အခြမ်း က မုန်တိုင်းဒဏ် ပိုခံရမယ့်အခြေအနေရှိပြီး ဘေးဒဏ်ခံအဆောက်အအုံတွေလည်း လုံလုံလောက်လောက်မရှိဘူးလို့ သူက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ကဒုံကျေးရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ မုန်တိုင်းသတင်းကို သိထားပေမယ့် ရွှေ့ပြောင်းတာတွေမလုပ်သေးဘဲ ရာသီဥတု အခြေအနေကို ဆက်လက်စောင့်ကြည့်နေတယ်လို့ RFA ကို ပြောပါတယ်။
"တချို့တွေက ရှောင်ကြမယ်ဆိုပြီးတော့ ပြောနေကြတယ်။ ဒါပေမဲ့ ကဒုံရွာအနေနဲ့ ကြည့်ရင်တော့ ရှောင်ကြတာ မတွေ့သေးဘူး။ ဖြစ်လာရင်ရှောင်မယ်ဆိုပြီး စီစဉ်ထားတဲ့သူတွေတော့ ရှိတယ်။ တော်တော်များများကတော့ အခြေအနေကို ကြည့်နေကြတော့ပေါ့။ ပင်လယ်ပိုင်းကဆိုတော့ ရာသီဥတု အခြေအနေအရ မကောင်းတော့ဘူး၊ မုန်တိုင်း အရိပ်အခြေတွေရှိလာပြီဆိုရင်တော့ ပြေးရမှာပေါ့"
မုန်တိုင်းဖြစ်လာနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒေသအာဏာပိုင်တွေက ကျေးရွာတချို့ကို အသိပေးတာတွေရှိတယ်လို့လည်း သူကပြောပါတယ်။
နောက်ထပ် ဘိုကလေးမြို့ခံ ဦးစောကတော့ ပင်လယ်ကမ်းစပ်နဲ့နီးတဲ့ ဘိုကလေးမြို့နယ် ထဲက ရွာတွေမှာ မုန်တိုင်းအတွက် ပြင်ဆင်တာတွေမရှိသေးဘူးလို့ ပြောပါတယ်။
"ဒေသခံတွေက ပြင်ဆင်တာသိပ်မရှိကြသေးဘူး။ သူတို့ကလည်း နေရပ်မစွန့်ခွာ နိုင်တာတွေရယ်၊ ရွှေ့ပြောင်းသွားလာဖို့ကလည်း မလွယ်ဘူး။ အဲအခြေအနေတွေလည်း ပါမယ်ပေါ့။ နောက်တစ်ခုက ငွေကြေးပိုင်းလည်း ပါတယ်။ တကယ်လို့ မြို့ပေါ်ကို တက်လာမယ်ဆိုရင်တောင် ကုန်ကျစရိတ်တွေက အများကြီးဖြစ်နေတာကိုး၊ အဲဒါကြောင့်လည်းဖြစ်နိုင်တယ်"
မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကတော့ ဒီနေ့ မွန်းလွဲပိုင်းတွေ့ရှိချက်အရ မေလ ၁၂ ရက်နေ့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
"၈ ရက်နေ့ ၁၂ နာရီလောက်မှာ စပြီးတော့ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပြီ ဆိုပြီးတော့ ပြနေပြီ။ ၁၀ ရက်နေ့ မနက် ၆ နာရီလောက်မှာတော့ မုန်တိုင်းငယ်ဖြစ်မယ်။ ၁၀ ရက်နေ့ ညကိုးနာရီမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်မယ်။ ၁၂ ရက်ညနေ ၅ နာရီလောက်ဆိုရင် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်မယ်။ သူက မြောက်၊ အရှေ့မြောက်ယွန်းယွန်း။ မြောက်ဘက်ဆိုပေမယ့် အရှေ့ဘက်ကို နည်းနည်းလေး ယိုင်တယ်။ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း စစ်တွေရဲ့ အထက်နားလေးပေါ့နော်၊ မြောက်ဘက်ကပ်ရပ်ပေါ့။ အဲဒီကနေပြီးတော့ ကုန်းတွင်းကို ဝင်မယ်။ အဲဒါက ၁၃ ရက်နေ့ မနက် ကိုးနာရီလောက်ကို မုန်တိုင်းဗဟိုဖြတ်မယ်ဆိုပြီး လောလောဆယ် တွေ့ထားတယ်”
မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ မုန်တိုင်းကြောင့် ဒီရေမြင့်တက်လာနိုင်လို့ ဒေသခံတွေ ဘေးကင်းလုံခြုံရေးအစီအမံတွေ လုပ်ထားသင့်သလို ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းမှာလည်း လေပြင်းတိုက်တဲ့ အခြေအနေတွေ ကြုံလာနိုင်တယ်လို့ သူက ပြောပါတယ်။
မုန်တိုင်းဗဟိုချက်မှာ တစ်နာရီလေတိုက်နှုန်း မိုင် ၁၀၀ ကျော်နဲ့ တိုက်ခတ်နိုင်တဲ့အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလက လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းက တစ်နာရီကို မိုင် ၁၂၀ ကျော်နှုန်းနဲ့ တိုက်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ ဖြစ်လာနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သက်လို့ သတိထား စောင့်ကြည့်နေသလို ကူညီကယ်ဆယ်ရေးအတွက်လည်း အဆင်သင့်ပြင်ဆင်ထားတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မုန်တိုင်းဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်စိတ်ကြောင့် ရန်ကုန်မြို့မှာ ဆန်ဝယ်ယူ စုဆောင်း နေကြတဲ့အတွက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်လက်လီဈေးကွက်ထဲမှာ ဆန်ဈေး ကျပ်ထောင်ဂဏန်း မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ အရန်ဆန်နဲ့ လိုအပ်တာတွေ ပြင်ဆင်ထားတဲ့ အတွက် ဆန်စပါးဝယ်ယူ စုဆောင်းတာတွေမလုပ်ကြဖို့၊ ဈေးနှုန်းအမှန်နဲ့ဝယ်လို့ မရရင် အသင်းချုပ်နဲ့ ကုန်စည်ဒိုင်တွေကိုဆက်သွယ်ဖို့ မေလ ၇ ရက် ညပိုင်းမှာ သတင်းထုတ်ပြန် ထားပါတယ်။