စစ်တွေနဲ့ မောင်တောခရိုင်မှာ ဒီရေ ၁၈ ပေအထိမြင့်တက်နိုင်မယ်လို့ မိုးဇလသတိပေး

RFA Burmese
2023.05.13
စစ်တွေနဲ့ မောင်တောခရိုင်မှာ ဒီရေ ၁၈ ပေအထိမြင့်တက်နိုင်မယ်လို့ မိုးဇလသတိပေး စစ်တွေမြို့ ကမ်းခြေတစ်နေရာအား ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မေလ ၁၃ ရက်ဒီနေ့ကနေ နောက် ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကို ဖြတ်ကျော်ဝင်ရောက်မယ့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေခရိုင်နဲ့ မောင်တောခရိုင်မှာရှိတဲ့ မြစ်ဝ၊ မြစ်လက်တက်တွေမှာ အမြင့်ဆုံး ၁၈ ပေအထိ ဒီရေ တက်လာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်ပိုင်းမှာ သတိပေးပါတယ်။

စစ်တွေ၊ မောင်တောခရိုင်တွေအပြင် ကျောက်ဖြူခရိုင်ထဲက မြစ်ဝ၊ မြစ်လက်တက်တွေ မှာလည်း မုန်တိုင်းဒီရေ ၁၀ ပေကနေ ၁၄ ပေ အထိမြင့်တက်လာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

"မုန်တိုင်းတိုက်နေတာ ဖြစ်တဲ့အတွက် ရေတက်မှုနှုန်းက မြန်ဆန်ပါတယ်”

ဒီရေ မြင့်တက်မှုများလာရင် ရေလွှမ်းမိုးနိုင်တဲ့ဧရိယာ ပိုကျယ်ပြန့်လာနိုင်သလို ရေတက်မှုလည်း မြန်လာတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက RFA ကို ပြောပါတယ်။

“မုန်တိုင်းဒီရေက မုန်တိုင်းကမ်းမဖြတ်ခင်မှာဖြစ်တာ။ လေဖိအားကျဆင်းလာတာနဲ့အမျှ လေတိုက်နှုန်း ပြင်းထန်မှုပေါ်မူတည်ပြီးတော့ မုန်တိုင်းဒီရေကို ကျွန်တော်တို့က တွက်ရတာ။ တဖြည်းဖြည်းနဲ့ မုန်တိုင်းဒီရေက မြင့်လာတဲ့သဘောရှိတယ်။ မုန်တိုင်းဒီရေ မြင့်တက်မှုများလာရင် ရေလွှမ်းမိုးတဲ့ နေရာတွေ၊ ဧရိယာတွေ ကျယ်ပြန့်လာတာပေါ့။ မုန်တိုင်းဒီရေဟာ ရိုးရိုးပင်လယ်ရေတက်သလိုမျိုး မဟုတ်ပါဘူး။ လေတိုက်နှုန်း၊ လေပြင်းနဲ့အတူပါလာတဲ့ ပင်လယ်ထဲကရေတွေဖြစ်တဲ့အတွက် ရေတက်မှုကလည်း မြန်ဆန်ပါတယ်။ ဆူနာမီလိုတော့ ဝုန်းဒိုင်းကြီးတော့ တက်လာတာမျိုး မဟုတ်ဘူး။ သို့သော် လေပြင်းတိုက်နေတာ။ မုန်တိုင်းတိုက်နေတာ ဖြစ်တဲ့အတွက် ရေတက်မှုနှုန်းက မြန်ဆန်ပါတယ်”

ဒါကြောင့် မြေနိမ့်ပိုင်းမှာနေထိုင်သူတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင် စတဲ့မြို့နယ်ခုနစ်ခုမှာ ဘေးအန္တရာယ်ကျရောက်နိုင်မှု အများဆုံးရှိတာကြောင့် အနီရောင်အဆင့်သတ်မှတ်ထားတယ်လို့ မေလ ၁၂ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပင်လယ်ကမ်းရိုးတန်းနဲ့ ၁၀ မိုင်ခန့်သာဝေးတဲ့ ပေါက်တောမြို့က လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးကတော့ မြို့ပေါ်ကို နေရပ်စွန့်ခွာလာကြသူ နှစ်ထောင်ဝန်းကျင်လောက်ရှိပြီလို့ RFA ကို ပြောပါတယ်။

“နယ်အသီးသီးကလာကြတဲ့ လေဘေးရှောင်တွေပေါ့။ ပေါက်တောမြို့ပေါ်မှာ နှစ်ထောင်ကျော်လောက်ရှိတယ်။ အဲဒါတွေကို စားဝတ်နေရေးအတွက် ကျွန်တော်တို့ ကူညီဆောင်ရွက်နေရပါတယ်။ အဓိကတော့ မြို့ပေါ်မှာရှိတဲ့ သာသနာ့အဆောက်အုံ တွေပေါ့။ ဓမ္မာရုံတို့၊ ဘုန်းကြီးကျောင်းတို့ အဲဒီမှာထားပါတယ်ခင်ဗျ”

အများစုကတော့ ပေါက်တောမြို့နယ်တောင်ပိုင်း ဖရုံကာကျွန်းနဲ့ မြေပုံမြို့နယ်အနီးက ဒေသခံတွေ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလာတာလို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) ကလည်း မုန်တိုင်းဒဏ်ကို တိုက်ရိုက်ခံစားရမယ့် ရခိုင်ပြည်နယ်က အရပ်သားပြည်သူ ငါးသောင်းနီးပါးကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ပါတယ်။

မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကလည်း မိုးဇလကခန့်မှန်းချက်အရ အန္တရာယ်များသလို အဖျက်စွမ်းအားကြီးပြီး မုန်းတိုင်းဒီရေလှိုင်း ရိုက်ခတ်နိုင်တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ အမြန်ရှောင်ရှားဖို့လိုပြီလို့ RFA ကို ပြောပါတယ်။

“မိုးဇလခန့်မှန်းတဲ့ ၁၁ ပေ ၁၈ ပေလောက်ရှိတယ်ဆိုရင်တော့ ပိုပြီးတော့အန္တရာယ် ပိုများမယ်။ အဖျက်စွမ်းအား တအားကိုကြီးသွားမယ်။ ဒီဒေသမှာရှိတဲ့သူတွေကို ကျွန်တော် မနေ့က ပြောထားတယ်။ နေ့လယ်လောက်ကို နောက်ဆုံးထားပြီး ရှောင်ကြပါဆိုတာ အခုနေ့လယ်ဖြစ်တော့မယ်ပေါ့နော်။ မရှောင်ဘဲနဲ့ ကျန်ခဲ့မယ့်သူတွေ ကလည်း မုန်တိုင်းဒီရေလှိုင်း ရိုက်လာမယ့်အခြေအနေကို နားလည်ပါ။ သဘောပေါက်ပါ။ ဘယ်လိုအန္တရာယ်ကလွတ်အောင် ရှောင်မလဲဆိုတာ စဉ်းစားပြီးတော့နေပါဆိုတာ ဒါကျွန်တော် အထူးသတိပေးချင်တယ်၊ မှာချင်တယ်ဗျာ”

အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို မိုင် ၁၀၀ ကနေ ၁၁၀ အထိတိုက်ခတ်နိုင်တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ မေလ ၁၂ ရက် မနေ့ကစလို့ ဆက်တိုက်မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကဒုံရွာခံ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးက အရေးပေါ်ဖြစ်လာရင် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံဖို့ပြင်ဆင်နေတယ်လို့ RFA ကို ပြောပါတယ်။

“မိုးကရွာတာ နည်းနည်းသည်းတယ်။ ဒါပေမဲ့ သိပ်ကြာကြီး မဟုတ်ဘူး။ အချိန်တိုတယ်။ မနက်ပိုင်း ခုနစ်နာရီကျော်လောက်က တစ်ခါလေတိုက်တယ်။ ညနှစ်နာရီကျော်လောက် ကတစ်ခါ လေရော၊ မိုးရောတိုက်တယ်။ နာဂစ်တုန်းက ခံစားထားရတော့ ကြောက်တာပေါ့။ ပြင်ဆင်မှုကတော့ အခုဖြစ်လာခဲ့ရင်တော့ ကယ်ဆယ်ရေးစခန်းပဲ ပြေးရမှာပေါ့လေ။ ရှိတာလေးတွေ သိမ်းဆည်းပြီး တစ်ကိုယ်စာ၊ တစ်နိုင်စာ သယ်သွားရမှာပေါ့။ အဝတ်အစား၊ စာရွက်စာတမ်း ဒါတွေပါပဲ”

မိုခါမုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးသက်လေပြင်းတွေကျနိုင်ပြီး ရေပြင်နဲ့ မြေပြင်လေဟာ တစ်နာရီကို မိုင် ၉၀ ကနေ ၁၁၀ အထိတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

အလားတူ ရန်ကုန်တိုင်းထဲမှာလည်း မေလ ၁၂ ရက်မနေ့ကစလို့ မိုးသည်းသည်းထန်ထန် ရွာနေပါတယ်။

စစ်တွေမြို့ ကမ်းခြေတစ်နေရာအား ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
စစ်တွေမြို့ ကမ်းခြေတစ်နေရာအား ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့မှာနေထိုင်သူ အမျိုးသားတစ်ဦးက မေလ ၁၃ ရက် ဒီကနေ့မနက်ပိုင်း ရွာတဲ့မိုးကြောင့် သူတို့ရပ်ကွက်ထဲ ရေကြီးရေလျှံဖြစ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“မိုးတော်တော်ရွာတယ်။ ရေပါတယ်။ မြောင်းတွေပိတ်နေတာတောင် ရေနဲ့ပွင့်ကုန်တယ်။ ရေကတအားများတော့လေ။ သစ်ကိုင်းတွေ ကျိုးကျတာရှိတယ်။ သိပ်ကြီးကြီးမားမား တော့ မဟုတ်ပါဘူး။ အိမ်ဘေးကချောင်းတွေလည်း ရေပြည့်ကုန်ပြီ။ ရပ်ကွက်ထဲက မြောင်းတွေဆိုလည်း အကုန်ပွင့်ထွက်ကုန်တယ်”

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၃ ရက် မနက်ပိုင်းအထိ စစ်တွေမြို့နဲ့ ရေမိုင် ၃၅၀ ဝန်းကျင်ကိုရောက်နေပြီး မေလ ၁၄ ရက်နေ့လယ်နဲ့ ညနေပိုင်းမှာ စစ်တွေမြို့အနီးကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

ကမ္ဘာ့သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက် ခြင်းစနစ် (GDACS) ကတော့ မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ရခိုင်၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းက လူနှစ်သန်းလောက် ထိခိုက်နိုင်တယ်လို့ မေလ ၁၁ မှာ ထုတ်ပြန်ထား ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။