မိုခါမုန်တိုင်း စစ်တွေဝန်းကျင်ကို ၁၁ဝ မိုင်နှုန်းကျော်နဲ့ ဝင်ရောက်မယ်

အောင်သိင်္ခ(ဝါရှင်တန်ဒီစီ)
2023.05.13
မိုခါမုန်တိုင်း စစ်တွေဝန်းကျင်ကို ၁၁ဝ မိုင်နှုန်းကျော်နဲ့ ဝင်ရောက်မယ် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြုံရမယ့် စစ်တွေမြို့ကို မေလ ၁၃ ရက်နေ့တွင် တွေ့ရစဉ်။
AFP

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ဝန်းကျင်ကို တစ်နာရီ လေတိုက်နှုန်း မိုင် ၁၁၀ နဲ့ ၁၃၀ ကြားတိုက်ခိုက်ဝင်ရောက်မှာ ဖြစ်ပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဒေသခံပြည်သူ တစ်သိန်းကျော်ကို မေလ ၁၀ ရက်နေ့ကစပြီး သုံးရက်ကြာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခ က ပြောပါတယ်။

“ရွှေ့ပြောင်းပြီးတဲ့ လူဦးရေက တစ်သိန်းနဲ့ နှစ်ထောင်ကျော်လောက် ရှိနေပြီ အခုညနေ ၅ နာရီစာရင်းအရ ပေါ့နော် ၅ နာရီနောက်ပိုင်း ဝင်လာတဲ့ဟာတွေလည်း အများကြီး ရှိနေသေးတယ်ဗျ အထူးသဖြင့် စစ်တွေ ဘက်ကနေပြီးတော့ ကျောက်တော်၊ မြောက်ဦး မြေမြင့်ပိုင်း နေရာတွေကို ခိုလှုံလာတဲ့ သူတွေအများကြီး ဖြစ်နေတယ်။”

မုန်တိုင်းမလာခင် အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်ထားနိုင်ပေမဲ့ မုန်တိုင်းအလွန်ကာလ ပြန်လည် ထူထောင်ရေးမှာ လိုအပ်ချက်တွေ အမြောက်အမြား ရှိလာနိုင်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီတွေ လိုအပ်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်တာကြောင့် မလုံလောက်မှုတွေ အခက်အခဲတွေ ရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ကလည်း တော်လှန်ရေးအဖွဲ့အစည်း ဆိုတဲ့အခါကျတော့ မလုံလောက်မှုတွေ အများကြီးပဲ ကျွန်တော်တို့မှာ ရှိသမျှ အရင်းအမြစ်တွေကို အသုံးချပြီးတော့မှ ကျွန်တော်တို့ အကောင်းဆုံး ဆောင်ရွက် ပေးနေတာ ဖြစ်တယ်ဗျ အခုလုပ်ရတဲ့ အနေအထားမှာ အကန့်အသတ်တွေ အများကြီး ရှိတာပေါ့နော် အထူးသဖြင့် ငွေကြေးမလုံလောက်မှုတွေ ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာ မလုံလောက်မှုတွေ ဒါအများကြီးပေါ့ အခုဆိုရင် ဒေသခံပြည်သူတွေကို စက်လှေတွေနဲ့ ပြောင်းနေရတာပေ့ါ ကားလမ်းမပေါက်တဲ့ ရွာတွေ များတာကိုး။”

AA အနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့တဲ့ မြို့နယ်တွေကတော့ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့လည်း ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

AA.jpg
မုန်တိုင်းအန္တရာယ်ရှိသည့်မြို့နယ်များမှ ဒေသခံများကို လုံခြုံမည့်နေရာကို ရက္ခိုင့်တပ်တော်(AA) ပို့ဆောင်ကူညီနေစဉ်။ (Photo: AA)

မုန်တိုင်းတိုက်ခိုက်မှုကို အပြင်းထန်ဆုံးခံရမယ့်နေရာတွေကတော့ စစ်တွေ၊ ပေါက်တောနဲ့ မြေပုံမြို့နယ်တွေ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက NUG အနေနဲ့ မုန်တိုင်းသင့် ပြည်သူတွေကို ကူညီနိုင်အောင် ဘဏ္ဍာငွေလျာထားကြောင်း၊ မြေပြင်ကသက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“လူသားချင်းစာနာကူညီရေးနဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေး ကော်မရှင်မှာရှိတဲ့ အရေးပေါ် အကောင်အထည် ဆောင်ရွက်မှု ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအနေနဲ့ သက်ဝင်လှုပ်ရှားဖို့ကို ကျွန်တော်တို့ စတင်လုပ်ဆောင် နေကြပြီ လိုအပ်တဲ့ဘဏ္ဍာငွေကြေးနဲ့ ပတ်သက်ပြီး NUG အစိုးရအနေနဲ့ ဘဏ္ဍာငွေသတ်မှတ် လျာထားတာတွေလည်း ပြုလုပ်တယ်။ လိုအပ်တဲ့ ထောက်ပံ့ ပံ့ပိုးမှုတွေ အချိန်မီ ရရှိအောင်လည်း ဒီနေ့ တစ်နေကုန် ဆောင်ရွက်တယ် သက်ဆိုင်ရာ ဒေသမှာ ရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ချိတ်ဆက်တွေ့ဆုံတာတွေ ကျွန်တော်တို့ လုပ်တယ်။ နောက်ပြီးတော့ ထပ်ပြီးတော့ သတိပေးတာတွေ လုပ်ပါတယ်။”

မိုခါ မုန်တိုင်းကြောင့် မေလ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်ကိုဝင်ရောက်ပြီးနောက် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို မုန်တိုင်း ရွေ့လျားနိုင်တယ်လို့ NUG က ခန့်မှန်းထုတ်ပြန်ပါတယ်။

000_33EY4Y3.jpg
စစ်တွေမြို့တွင် မုန်တိုင်းရှောင်ရန် ရွှေ့ပြောင်းနေသည့် မိန်းကလေးငယ်တစ်ဦးအား မေလ ၁၃ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: AFP)

မိုခါ မုန်တိုင်းဟာ မေလ ၁၄ ရက်နေ့လယ်မှာ စစ်တွေမြို့ဝန်းကျင်ကို ဗဟိုပြုပြီး စတင်ဝင်ရောက်မှာ ဖြစ်တယ်လို့ မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“နေ့လယ် ၁ နာရီ ၂ နာရီလောက်ကစပြီးတော့ သူ့ရဲ့အတွင်းစက်ဝန်းပေါ့ အဲဒီဟာက စစ်တွေမြို့ကို စပြီးတော့ ဝင်မယ်ညလောက်ဆိုလို့ရှိရင်တော့ ဗဟိုဝင်ပြီးသွားပြီးဖြစ်မယ် ဝင်တဲ့အချိန်ကျလို့ရှိရင် လေတိုက်နှုန်းက တစ်နာရီကို ၁၁၂ မိုင်နှုန်းအထိ ကျသွားပြီးတော့ Category 2 အဆင့် ဆိုင်ကလုန်းမုန်တိုင်း အနေနဲ့ ကုန်းတွင်းကို ဖြတ်ဝင်သွားပါမယ်ဗျ အဲဒါကတော့ သူ့ရဲ့ နောက်ဆုံးအခြေအနေ ခန့်မှန်းချက်ပါ။”

မုန်တိုင်းရဲ့ လေပြင်းအားကြောင့် ထိခိုက်ပျက်စီးနိုင်တဲ့ ချင်းပြည်နယ်အတွင်းမှာတော့ စစ်ဘေးဒုက္ခသည်တွေကို တတ်နိုင်သလောက် ပြောင်းရွှေ့နေထိုင်ကြဖို့နဲ့ စားနပ်ရိက္ခာ ခြိုးခြံချွေတာကြဖို့လောက်သာ သတိပေးထား နိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“စားနပ်ရိက္ခာတွေ ဘာတွေလုံလောက်မှု ရှိမရှိ အဲဒါတွေ အတတ်နိုင်ဆုံးခြိုးခြံ ချွေတာဖို့ စသဖြင့်ပေါ့ အဓိကကတော့ လောလောလတ်လတ်က စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အိမ်တွေယာတွေ မရှိတဲ့ တောထဲမှာ ပုန်းရှောင်နေရတဲ့သူတွေရဲ့ လုံခြုံရေးပေါ့ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ ဒါပေမဲ့ အဓိကကတော့ ကျွန်တော်တို့မှာ အခက်အခဲကတော့ အဲဒီမုန်တိုင်းကြောင့် ဖြစ်လာမဲ့ ကျန်းမာရေး ကိစ္စတွေ ဘာတွေ အတွက်တော့ ကျွန်တော်တို့ ကူညီမှုတွေ ပံ့ပိုးမှုတွေကတော့ အားနည်းတာပေါ့။”

စစ်ကိုင်းတိုင်းက လက်နက်ကြီး ထုတ်လုပ်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ Shadow ကတော့ နီးစပ်တဲ့ ပြည်သူတွေအတွက် သတင်းဖြန့်ဝေပေးတာလောက်သာ လုပ်နိုင်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ကူညီ ဆောင်ရွက်မပေးနိုင်ဘူးလို့ Shadow အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“သတိပေးထားတာလောက်ပဲ လုပ်နိုင်မှာပေါ့ ကျွန်တော်တို့လည်း local အနေအထားဆိုတော့ ကိုယ့်ရပ် ကိုယ့်ရွာ ဒေသအလိုက် မုန်တိုင်းသတိပေးချက်လောက်ပဲ ထုတ်ပြန်ထားတာမျိုးပဲ ရှိတယ် စစ်ဘေးရှောင်တဲ့ အခါ လုံလုံခြုံခြုံ ဖြစ်ဖို့လောက် ဝိုင်းဝန်းလုပ်ပေးတာရှိတယ် အရမ်းကြီး ကျွန်တော်တို့ဘက်က စိုက်ထုတ် လုပ်ပေးနိုင်တဲ့ အနေအထားမျိုး မရှိတဲ့အခါကျတော့ မိဘပြည်သူတွေ သူတို့စစ်ဘေးရှောင်ဖို့ အဆောက်အဦး ဆောက်ဖို့ ဘာဖို့မှာတော့ ဆိုရင်တော့ လုပ်အားအနေနဲ့ ကူညီဆောင်ရွက်ပေးနိုင်တဲ့ အပိုင်းလောက်ပဲ လုပ်နိုင်တာပေါ့။”

အာဏာသိမ်း စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မိုခါမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ ၁၁၀ မိုင်နဲ့ ၁၂၀ အတွင်း တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။