ရခိုင်မှာ မုန်တိုင်းဒဏ်သင့်သူတွေ ထိရောက်တဲ့ အကူအညီတွေ မရကြသေး
2023.08.08

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူဦးရေ ၁ ဒသမ ၆သန်းကျော်ရဲ့ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ အခုအချိန်နှစ်လကျော် ကြာမြင့်တဲ့အထိ အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ထိရောက်တဲ့အကူအညီတွေ မရကြသေးဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ အဆမတန်များပြားခဲ့ပေမယ့် ပြန်လည်ထူတောင်ရေးအတွက် စစ်ကောင်စီနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနည်းပါးနေတာလို့ ဆိုပါတယ်။
"ပုဂ္ဂလိကအနေနဲ့ရော၊ အစိုးရနဲ့ရော ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ပေါ့"
ကုလသဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကတော့ မုန်တိုင်းဒဏ်သင့်သူတွေကို အကူအညီပေးဖို့အတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်းလိုအပ်ပြီး ၂၄ ဒသမ ၂ သန်းသာရရှိသေးတဲ့အတွက် ရန်ပုံငွေဆက်လက်ထည့်ဝင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ မုန်တိုင်းဒဏ်သင့်သူတွေရဲ့ လိုအပ်ချက်နဲ့ စစ်ကောင်စီနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ထောက်ပံ့တဲ့ပမာဏဟာ အရမ်းကိုကွာဟနေတယ်လို့ ရခိုင်မှာ မုန်တိုင်းသင့်သူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“လိုအပ်ချက်နဲ့ ထောက်ပံ့နေတဲ့ပမာဏက အရမ်းကို ကွာဟမှုတွေရှိနေတယ်။ စကစဘက်က ထောက်ပံ့မှုတွေက သိပ်ပြောပလောက်တဲ့ ပမာဏမျိုး မရှိဘူးပေါ့နော်။ သူတို့တွေမှာ အခြေခံလိုအပ်ချက်တချို့ကိုပဲ ဖြည့်ပေးနိုင်ပြီးတော့မှ ကျန်တဲ့ ပြည်သူလူထုနဲ့ပတ်သက်တဲ့ အရေးပေါ် အထောက်အပံ့တွေ၊ တခြားဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စတွေက ဘာမှမလုပ်နိုင်တာကို တွေ့ရတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ဒီအတိုင်းပါပဲ။ သူတို့မှာလည်း လုပ်ပိုင်ခွင့်တွေ ကန့်သတ်ခံထားရတာရှိသလို ရန်ပုံငွေကလည်း သူတို့မှန်းထားတဲ့ ပမာဏကို မရနိုင်သေးဘူးပေါ့။ နှစ်ဖက်လုံးမှာ အခက်အခဲတွေရှိနေကြပါတယ်”
လက်ရှိမှာတော့ မုန်တိုင်းကြောင့် ပျက်စီးသွားမှုတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ပဲ ပြန်လည်ပြုပြင်နိုင်သေးတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီကတော့ မုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းခန့် (ကျပ် ငါးဘီလီယံ)အသုံးပြုထားပြီး နောက်ထပ်လည်း ၂ ဒသမ ၃ သန်းခန့် (ကျပ်ခုနစ်ဘီလီယံ) သုံးဖို့လျာထားတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက RFA ကို ပြောပါတယ်။
“ဘတ်ဂျက်ကတော့ အစက ငါးဘီလီယံတစ်ခေါက်ရတယ်။ ထပ်ပြီးတော့ ခုနစ် ဘီလီယံပေးမယ် အဲဒီလိုတော့ ငါတို့သိထားတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ ပေးဖို့အတွက်လည်း ညှိနှိုင်းနေတယ်လို့ သိရတယ်။ မုန်တိုင်းသင့်တယ်။ ပြန်လည် ထူထောင်ကြမှာပေါ့နော်။ ပုဂ္ဂလိကအနေနဲ့ရော၊ အစိုးရနဲ့ရော ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ပေါ့။ ဒါဆိုရင် အချိန်တိုတိုအတွင်းမှာ ပြီးမြောက်နိုင်မယ်”
မုန်တိုင်းသင့် ရခိုင်ပြည်အတွက် စစ်ကောင်စီက အသုံးပြုတဲ့ ဒီငွေကြေးပမာဏဟာ ပျက်စီးဆုံးရှုံးသွားမှုနဲ့စာရင် အရမ်းကို နည်းပါးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တစ်ဖက်မှာလည်း အဲဒီမုန်တိုင်းဒဏ်သင့်သူတွေအတွက် အာဆီယံ အပါအဝင်၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေကလည်း အရေးပေါ် စားနပ်ရိက္ခာတွေ၊ အမိုးအကာတွေ၊ ဆေးဝါးတွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဆီယံညှိနှိုင်းရေးဌာန (AHA Centre) ကတစ်ဆင့် လှူဒါန်းထားကြောင်း စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဆီယံက ဒေါ်လာ ၁ ဒသမ ၆၄ သန်းတန်ဖိုးရှိ အရေးပေါ်ပစ္စည်းတွေ၊ တရုတ်နိုင်ငံကနေ ဒေါ်လာတစ်သန်းကျော် (၁၁၇၂၀၆၈) တန်ဖိုးရှိတဲ့ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အသုံးအဆောင် ကူညီထောက်ပံ့ရေး ပစ္စည်း ဆယ်မျိုး၊ အိန္ဒိယနိုင်ငံက တန်ချိန်လေးဆယ်ရှိတဲ့ စားနပ်ရိက္ခာတွေ၊ ဆေးပစ္စည်းတွေနဲ့ အရေးပေါ်သုံး ပစ္စည်းတွေ လှူဒါန်းထားပါတယ်။
အဲဒီလိုပဲ ကမ္ဘောဒီးယားနိုင်ငံက ဒေါ်လာသုံးသိန်း၊ အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ဖိုးရှိတဲ့ ပစ္စည်းတွေ၊ ကိုရီးယားနိုင်ငံက ဆန်တန်ချိန် ငါးရာ၊ ဂျပန်နိုင်ငံက ဆန်ထုတ် နှစ်သောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တန်ချိန် ၁၂၀ တန်ရှိတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ၊ ထိုင်းနိုင်ငံက တန်ချိန်နှစ်ဆယ်ရှိတဲ့ အရေးပေါ်သုံး ပစ္စည်းတွေကို စစ်ကောင်စီကတစ်ဆင့် လှူဒါန်းထားပါတယ်။
အခုလို အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ မုန်တိုင်းသင့်ပြည်သူတွေအတွက် စစ်ကောင်စီကတစ်ဆင့် အရေးပေါ်ပစ္စည်းတွေ အများအပြားလှူဒါန်းထားပေမယ့် မုန်တိုင်းသင့်ပြည်သူတွေဆီကို အဲဒီအလှူပစ္စည်းတွေ ရောက်တာနည်းပါးနေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက RFA ကို ပြောပါတယ်။
“နိုင်ငံတကာကတော့ ပေးမှာပဲလေ။ အလှူရှင်တွေကတော့ ရှိမှာပဲ။ ဒါပေမဲ့ မြေပြင်အနေအထားမှာ အကူအညီ လိုအပ်တဲ့လူထုတွေဆီကို ရောက်လားပေါ့။ အဲဒါအဓိက ကျတယ်။ အာဆီယံတို့ ဘာတို့ဘက်က ပေးတယ်ဆိုပြီး မတွေ့ဘူး။ ဒီအစိုးရက သယ်ယူပို့ဆောင်ရေးသိပ်ရှိတဲ့ အစိုးရလည်း မဟုတ်ဘူးဆိုတော့ သူတို့က လိုသလောက်ပဲပေးပြီးတော့ စာရင်းတွေကို ပြပါလိမ့်မယ်။ အဓိကတော့ ဒီလို ပေးလိုက်တာဟာ ဘယ်လောက်ထိ ထိရောက်မှုရှိလဲဆိုပြီး အာဆီယံနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စစ်တမ်းတွေ ကောက်သင့်တယ်လို့မြင်တယ်”
စစ်ကောင်စီဟာ ရခိုင်ဒေသမှာ မြို့ပေါ်ကလွဲရင် မုန်တိုင်းကြောင့် အဓိကပျက်စီးသွားတဲ့ ကျေးလက်ဒေသရွာတွေကို နယ်မြေစိုးမိုးနိုင်မှု၊ လွတ်လပ်စွာသွားလာနိုင်ခွင့် မရှိတော့သလို ပြည်သူတွေအပေါ် စေတနာအမှန်နဲ့ အနစ်နာခံပြီး ကူညီပေးလိုစိတ်လည်း မရှိတဲ့အတွက် အဲဒီ အာဆီယံနဲ့ နိုင်ငံတကာကပေးတဲ့ ပစ္စည်းတွေ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို ထိထိရောက်ရောက် မရောက်နိုင်တာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ သူတို့ရဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို မြို့ပေါ်ကိုခေါ်ပြီး ရွာအတွက် ဆန်တချို့၊ မျိုးစပါးတချို့ကို ဟန်ပြလောက်ပဲ ဖြန့်ဝေပေးနေတာရှိပြီး လုံလောက်တဲ့ပမာဏအထိ ကူညီထောက်ပံ့ပေးတာ မရှိဘူးလို့လည်း ဦးအောင်သောင်းရွှေ က ပြောပါတယ်။
အဲဒီ အာဆီယံနဲ့ တခြားနိုင်ငံတွေကနေ ပစ္စည်းတွေအများအပြား လှူဒါန်းတာ သတင်းတွေမှာ တွေ့ရပေမယ့် ဒေသခံတွေဆီကိုတော့ အခုအထိ ရောက်မလာသေးဘူးလို့ မုန်တိုင်းအဓိကပြင်းထန်သွားတဲ့ ရသေ့တောင်မြို့နယ်က ဦးမောင်စောဝင်းက RFA ကို ပြောပါတယ်။
“ထိုင်းက ဘယ်လောက်လှူတယ်။ တရုတ်က ဘယ်လောက်လှူတယ်။ နိုင်ငံတကာက လှူတာတွေ သတင်းတွေမှာပဲ မြင်နေရတယ်။ ဒါပေမဲ့ အောက်ခြေအထိရောက်တာတော့ မတွေ့ပါဘူး။ ဒေသမှာက လယ်ထွန်စက်အကြီး အစီးနှစ်ဆယ်ရောက်တယ်။ ဒီလောက် ပါပဲ။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့ စစ်ကောင်စီကပေးတဲ့ တန်ဖိုးက ၅ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ ဒေသတွင်းမှာတော့ ဒီလိုပါပဲ ကိုယ့်ကိုယ်ကိုယ် ကြိုးစားပြီး ထူထောင်နေကြ တာပေါ့”
မုန်တိုင်းပြီးခါစကတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အပါအဝင် နိုင်ငံတကာလူသားချင်းစာနာမူ ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေကနေ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ အရေးပေါ်အသုံးအဆောင် ပစ္စည်းတွေ အကူအညီရခဲ့ပေမယ့် အခုတော့ အကူအညီတွေလည်း မရကြတော့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ မုန်တိုင်းသင့်သူတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ သွားလာခွင့်ကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကစလို့ ဒီကနေ့အထိ ပိတ်ပင်ကန့်သတ်ထားတာပါ။
မုန်တိုင်းနဲ့ မသက်ဆိုင်တဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ ပုံမှန်စီမံကိန်းတွေကိုတော့ စစ်ကောင်စီ က ဖွင့်ပေးထားပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ အပါဝင်၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မုန်တိုင်းသင့်သူတွေကို ကူညီမယ်ဆိုရင် သူ့တို့ဆီကတစ်ဆင့်ပဲ လှူဒါန်းရမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
အခုလို ပိတ်ပင်ကန့်သတ်ထားတာကြောင့် ကူညီရေးလုပ်ငန်းတွေ ထိခိုက်နေပြီး ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်သင့်သူတွေကို ဝင်ရောက်ကူညီခွင့်ရဖို့ ပြည်နယ်အဆင့် စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ အာဆီယံနဲ့ နိုင်ငံတကာကလှူဒါန်းတဲ့ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေကို သိမ်းဆည်းထားတာမရှိဘဲ ပစ္စည်းရောက်တာနဲ့ အလေအလွင့်မရှိအောင် မုန်တိုင်းသင့်သူတွေထံကို ထောက်ပံ့ပေးနေတယ်လို့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက RFA ကို ပြောပါတယ်။
မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွက် စစ်ကောင်စီရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကလည်း အားကိုးလို့မရသလို နိုင်ငံတကာအဖွဲ့တွေကူညီခွင့်ကိုလည်း စစ်ကောင်စီကကန့်သတ်ထားတာကြောင့် ပြန်လည်ထူထောင်ရေးဟာ အချိန် ၁၅ နှစ်လောက်အထိ ကြာမြင့်နိုင်တယ်လို့ ရခိုင်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ကြီးက သုံးသပ်ပါတယ်။
“လက်ရှိ အစိုးရရဲ့ပြန်လည်ထူထောင်ရေးကို အားကိုးပြီးတော့ သွားနေလို့တော့ သိပ်ပြီး မြန်မြန်ဆန်ဆန် အဆင်ပြေမယ်လို့ မယူဆဘူး။ နိုင်ငံတကာ INGO၊ NGO အဖွဲ့တွေ ကူညီပေးနိုင်မှုအခြေအနေကလည်း အကန့်အသတ်တွေ အမျိုးမျိုးရှိနေတဲ့ အနေအထားကို မြင်တွေ့ရတာပေါ့။ အဲဒီတော့ ဒီပြန်လည်ထူထောင်ရေးဟာ ငါးနှစ်၊ ဆယ်နှစ်ရယ် မဟုတ်ဘူး။ ဆယ့်ငါးနှစ်လောက်အထိ အချိန်ယူရလိမ့်မယ်”
ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦးစတဲ့ မြို့နယ်တွေမှာရှိတဲ့ ရွာပေါင်းနှစ်ထောင်ကျော်က အိမ်ခြေသုံးသိန်းနီးပါး ပျက်စီးသွားခဲ့ပြီး သူတို့ရဲ့ အမှီပြုလုပ်ကိုင်စားသောက်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ မုန်တိုင်းသင့်သူတွေဟာ မုန်တိုင်းတိုက်ခတ်ပြီးလို့ အခု သုံးလလောက် ကြာတဲ့အထိ လုံလောက်တဲ့ အကူအညီတွေမရတာကြောင့် ကိုယ့်အားကိုယ်ကိုးပြီး ဖြစ်သလိုနေထိုင်စားသောက် နေကြရပြီး ပြန်လည်ထူထောင်နိုင်ရေးအတွက် ထိရောက်တဲ့အကူအညီတွေရဖို့ မျှော်လင့်နေကြပါတယ်။