မိုခါမုန်တိုင်းကယ်ဆယ်ရေး နိုင်ငံတကာအဖွဲ့အစည်းတွေ အသင့်ပြင်နေ

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.05.13
မိုခါမုန်တိုင်းကယ်ဆယ်ရေး နိုင်ငံတကာအဖွဲ့အစည်းတွေ အသင့်ပြင်နေ စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းတွင် မုန်တိုင်းရှောင်ရန် ရောက်လာကြသည့် ဒေသခံများကို မေလ ၁၂ ရက်နေ့က တွေ့ရစဉ်။
AFP

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ တနင်္ဂနွေနေ့ နေလယ် ၁၂နာရီခန့်မှာ စစ်တွေမြို့အနီးတဝိုက်ကနေ ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း တစ်နာရီမိုင် ၁၁၀ ကနေ ၁၃၀ မိုင်အတွင်းရှိတဲ့ အလွန်အင်အားပြင်းထန်တဲ့ မုန်တိုင်းတစ်ခုအဖြစ် ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသဌာနတွေက ကြေညာထားပါတယ်။

မုန်တိုင်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အပါအဝင် မုန်တိုင်းဒဏ်ခံရနိုင်တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းမှာပါ ကြိုတင်ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ရခိုင်ပြည်နယ်နဲ့ အနီးတဝိုက်က ဒေသခံ လူ လေးသိန်းကျော်အတွက် တစ်လစာ စားနပ်ရိက္ခာတွေ ပေးပို့ထားပြီးပြီလို့ ကြေညာထားပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Sheela Mathew က အဲဒီဒေသခံလူထုဟာ နဂိုမူလကတည်းက စစ်မက်ပဋိပက္ခတွေ ဆင်းရဲတွင်းနက်မှုတွေကြောင့် အကူအညီလိုအပ်နေသူတွေ ဖြစ်ပါတယ်။

သူတို့အနေနဲ့ နောက်ထပ်ဆင်းရဲဒုက္ခကို ရင်ဆိုင်နိုင်ကြတော့မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်းကလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အရေးပေါ်လိုအပ်မယ့် ပစ္စည်းတွေပေးပို့ရာမှာ ယာယီနေထိုင်ရာတဲတွေ၊ သောက်သုံးရေနဲ့ အခြားကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေပါဝင်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း မုန်တိုင်းဒဏ်ခံစားရနိုင်ဖွယ်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသမှာ အရေးပေါ်လူနာတင်ကား ၄ဝ နဲ့ အတူ အလွယ်တကူရွှေ့ပြောင်းနိုင်တဲ့ ရွေ့လျားဆေးကုသရေးအဖွဲ့ ၃၃ ဖွဲ့ကို အသင့်ပြင်ထားတယ်လို့ ကြေညာပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA ကလည်း ဒီမုန်တိုင်းနဲ့ပတ်သက်ပြီး အကူအညီပေးဖို့ လိုအပ်ငွေ အမေရိကန်ဒေါ်လာ ၇၆၄ သန်း ရှိပေမဲ့ လက်ရှိအချိန်ထိ ၁၀ရာခိုင်နှုန်းပဲ ဖြည့်ဆည်းပေးနိုင်တယ်လို့ ပြောပါတယ်။

မိုခါမုန်တိုင်းဟာ စစ်တွေမြို့အနီးကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်တာကြောင့် ဒေသခံ တစ်သောင်းနီးပါးကိုလည်း သက်ဆိုင်ရာတွေက နေရာရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။

000_33EY4R4.jpg
မုန်တိုင်းရှောင်ရန် ရွှေ့ပြောင်းနေကြသည့် စစ်တွေမြို့ခံများကို မေလ ၁၃ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: AFP)

မုန်တိုင်းဝင်ချိန်မှာ လိုအပ်သူတွေကို ကူညီနိုင်အောင်အဖွဲ့ သုံးဖွဲ့ ခွဲပြီးဆောင်ရွက်တယ်လို့ စစ်တွေမြို့အခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမင်းထည်ဝါက ပြောပါတယ်။

“ကျောက်တော်ကို ကျွန်တော်တို့ ရွှေ့ပြောင်းထားတာရှိပါတယ်၊ မြစ်ကမ်းဘေးမှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ နေမကောင်းတဲ့သူတွေ၊ လေဖြတ်နေတဲ့လူနာတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေကို ကုန်းတွင်းပိုင်းဘက် သတ်မှတ်ထားတဲ့နေရာတွေကို လိုက်ပို့ပေးနေပါတယ်၊ အချိန်နဲ့ တပြေးညီ ကူညီလို့ရအောင် တစ်နေရာမှာ လူနာတင်ကားတစ်စီးရယ်၊ လူ ရှစ်ယောက်ရယ် အဲ့လို သုံးနေရာခွဲပြီးတော့ တာဝန်တွေချထားပါတယ်”

လက်ရှိမှာ ရခိုင်ပြည်နယ်၊ မြေပုံ၊ မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ အမ်းမြို့နယ်တွေမှာ လေပြင်းတွေစတင်တိုက်ခတ်နေပြီး မိုးရွာနေတဲ့ကြားထဲကနေ အန္တရာယ်ကျရောက်နိုင်တဲ့ နေရာတွေမှာ နေထိုင်သူတွေကို နေရာရွှေ့ပြောင်းပေးနေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့အပါအဝင် တောင်ပိုင်းက မြို့နယ်တွေက နေရာရွှေ့ပြောင်းဖို့လိုအပ်သူတွေကို စစ်ကောင်စီ၊ ရက္ခိုင့်တပ်တော် (AA) နဲ့ အရပ်ဘက်အဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေတယ်လို့ ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးစင်တာ ညွှန်ကြားရေးမှူး ဦးထွန်းကြည်က ပြောပါတယ်။

“ ကျွန်တော်တို့ ကျောက်ဖြူမှာဆိုရင် လူဦးရေ သုံးထောင်ကျော်လောက်ကို နေရာရွှေ့ပြောင်းပေးနေတာရှိတယ်၊ အမ်းမြို့နယ်မှာဆိုလည်း လူဦးရေ တစ်ထောင်ကျော်လောက် ရွှေ့ပြောင်းနေကြတာရှိတယ်၊ မြေပုံမြို့နယ်က ပင်လယ်ဝဖြစ်တဲ့အတွက် အရင်က ရေလျှံတဲ့ အန္တရာယ်ကြုံခဲ့တဲ့ ကျေးရွာတွေ အပါအဝင် မြေပုံမြို့နယ်ရဲ့ တောင်ဘက်ကို လူဦးရေငါးထောင်ကျော်လောက် ရွှေ့ပြောင်းနေတာရှိတယ်လို့ ကျွန်တော်တို့သိရတယ်၊ မာန်အောင်ဆိုရင် မြေနိမ့်ပိုင်းမှာရှိနေတဲ့ ရွာတွေကလူတွေကို ရွှေ့ပြောင်းနေတာရှိတယ်၊ ဒါတွေအကုန်လုံးကတော့ စကစကလု ပ်နေတာရှိတယ်၊ အာရက္ခပြည်သူ့အစိုးရဘက်ကလည်း လုပ်နေတာရှိတယ်၊ လက်လှမ်းမမီတဲ့သူတွေကို ကျွန်တော်တို့လို အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ နေရာရွှေ့ပြောင်းပေးဖို့နဲ့ ရွှေ့ပြောင်းလာတဲ့သူတွေအတွက် ပြန်လည်နေရာချထားရေးကို ကြိုးစားပြီးလုပ်နေတာတွေရှိပါတယ် ”

လက်ရှိဧရာဝတီတိုင်း လပွတ္တာမြို့မှာတော့ လေပြင်းတိုက်နေပေမယ့် စိုးရိမ်စရာမရှိဘူးလို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ဦးမင်းမင်းအောင်က ပြောပါတယ်။

“ စိုးရိမ်စရာမရှိပါဘူး လပွတ္တာအနေအထားက၊ မြစ်ရေအနေအထားလည်း စောင့်ကြည့်နေတာပေါ့၊ ထပ်တက်နိုင်လား၊ ညနေကတည်းကအနေအထားက ဒီအတိုင်းပဲ၊ ထပ်တက်တာမရှိဘူး၊ ကျလည်းမကျဘူး၊ ရေကအယ်ပြီး ဒီအတိုင်းငြိမ်နေတယ်၊ လေတိုက်တဲ့အတွက်ကြောင့် လှိုင်းထနေတာပေါ့”

ချင်းပြည်နယ် ပလက်ဝမြို့မှာတော မုန်တိုင်းဒဏ်ခံနိုင်အောင် နေအိမ်တွေကို အဓိကထား ပြင်ဆင်တယ်လို့ ပလက်ဝဒေသခံ ကိုထွန်းလင်းကပြောပါတယ်။

" သက်ဆိုင်ရာဌာနတွေက ဆော်ဩမှုရှိတော့ လက်ရှိက တော်တော်များများ ကြိုတင်ပြင်ဆင်မှု ရှိကြတာပေါ့၊ ကိုယ်ရဲ့အိမ်တွင်းပေါ့၊ အိမ်ကိုကြံ့ခိုင်အောင် လုပ်ထားရတာပေါ့၊ လက်ရှိကတော့ အဲလောက်ပါပဲ၊ လက်ရှိမိုးရွာတာတော့ရှိတယ် လေတော့မတိုက်သေးဘူး”

မိုခါမုန်တိုင်းဖြတ်သန်းသွားမယ့်လမ်းကြောင်းအနီးမှာရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ မုန်တိုင်းဒဏ်ခံ နားခိုဖို့ အဆောက်အအုံမရှိတာကြောင့် စိုးရိမ်နေကြပါတယ်။

မုန်တိုင်းနဲ့ပတ်သက်ပြီး အချက်ပေးနေတာတွေ၊ စေတနာ့ဝန်ထမ်းတွေကို သင်တန်းပေးနေတာလောက်သာရှိပြီး အခြားပြင်ဆင်မှု ကြီးကြီးမားမားမတွေ့ရဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

000_33EY4QY.jpg
UNHCR ရုံးမှ ဝန်ထမ်းများ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် မေလ ၁၃ ရက်နေ့က မုန်တိုင်းသတိပေးလိုက်လံကြေညာနေစဉ်။ (Photo: AFP)

သူတို့နေထိုင်တဲ့အဆောက်အအုံတွေဟာ ရွက်ဖျင်တဲတွေမျှသာဖြစ်တဲ့အတွက် စိုးရိမ်တယ်လို့ ကုတုပါလောင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကိုအောင်မြိုင်ကပြောပါတယ်။

"ထိခိုက်ဆုံးရှုံးမှုတွေက အများကြီးဖြစ်နိုင်တယ်၊ ဒီမှာက တဲတွေအခိုင်အမာ မဟုတ်ဘူး၊ လေတိုက်မှုပြင်းထန်လာမယ်ဆိုရင် အမိုးအကာလည်းပါသွားနိုင်တယ်၊ ပြီးတော့ တောင်ပြိုကျတာရော၊ တောင်စောင်းမှာရှိတဲ့ဒုက္ခသည်တွေရော အကုန်နစ်နာမှုတွေ အများကြီးရှိနိုင်တယ်၊ ကျွန်တော်တို့ဆီမှာ အခိုင်အမာဆိုလို့ ဘာမှမရှိဘူး၊ ဆိုင်ကလုန်း shelter လည်းမရှိဘူး၊ တကယ်တမ်း မုန်တိုင်းဖြစ်လာမယ်ဆိုရင် စိုးရိမ်စရာပေါ့၊ ဒါကြောင့် ဒုက္ခသည်တွေက မုန်တိုင်းနဲ့ပတ်သက်ပြီး အများကြီးစိုးရိမ်နေတာရှိပါတယ်"

ရိုဟင်ဂျာ လူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင်ကလည်း ဒုက္ခသည်စခန်းတွေကြုံနေရတဲ့ အခက်အခဲကို အခုလိုပြောပါတယ်။

“ကော့ဘဇားမြို့နယ်ထဲမှာ လူတစ်သိန်းကျော်ကို နေရာရွှေ့ခဲ့တာရှိတယ်။ အစိုးရကိုယ်တိုင်၊ စခန်းထဲမှာ အဲလိုပုံစံလုပ်ခဲ့တာမရှိဘူး၊ လုပ်လို့လည်း ရမှာမဟုတ်ဘူး၊ အဲလိုနေရာလည်းမရှိဘူး၊ ခုထိစခန်းထဲမှာ ဆိုင်ကလုန်းစင်တာမရှိဘူး အင်မတန်မှ စိတ်ပျက်ဖို့ကောင်းတယ်၊ နိုင်ငံတကာ အန်ဂျီအိုတွေက ဒီဒေသမှာနေတဲ့လူတွေအတွက် ဘာမှပြင်ဆင်ခဲ့မှု လုပ်ခဲ့တာမရှိဘူး”

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကတော့ စာသင်ကျောင်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေမှာနေဖို့ ပြောဆိုနေပေမဲ့ အဲဒီနေရာတွေဟာ လူအနည်းငယ်ပဲ နေနိုင်တာကြောင့် အဆင်မပြေဘူးလို့ ကိုခင်မောင်ကပြောပါတယ်။

မုန်တိုင်းဝင်ရောက်တိုက်ခိုက်ပြီး နောက်ဆက်တွဲအနေနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ မိုးကြီးနေပြီး လေပြင်းတွေလည်း တိုက်နိုင်ပါတယ်။ ဒေသခံတွေအနေနဲ့ မိမိတို့နေထိုင်ရာဒေသရှိ မြစ်ချောင်းတွေမှာ ရေလျှံမှု၊ မြေပြိုမှု၊ ဓာတ်အားတိုင်တွေ၊ သစ်ပင်တွေ၊ အိုးအိမ်တွေ ပြိုလဲပျက်စီးတာတွေ ဖြစ်နိုင်တဲ့အတွက် ပြင်ဆင်ထားကြဖို့ လိုအပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။