MNDAA ရဲ့ လူမြင်ကွင်းရှေ့ သေဒဏ်စီရင်မှု ဝေဖန်ခံနေရ
2024.05.06

လောက်ကိုင်မြို့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က အသက် ၃၆ နှစ်အရွယ် ခရိုင်မှူးတစ်ယောက်နဲ့ တပ်သားနှစ်ယောက်ကို ဧပြီလ ၂၄ ရက်နေ့က လူအများရှေ့မှာ တရားစီရင်ပြီး သေဒဏ်ပေးခဲ့ပါတယ်။
သေဒဏ်ပေးခံရတဲ့ ခရိုင်မှူးဟာ ၂၀၂၃ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း သူ့ရဲ့အာဏာကို အလွဲသုံးစားလုပ်ပြီး မြန်မာယာဉ်မောင်း နှစ်ယောက်၊ တရုတ်နိုင်ငံသား ၁၀ ယောက်ကျော်၊ ဗီယက်နမ် နိုင်ငံသား ခြောက်ယောက်တို့ကို ပြန်ပေးဆွဲခဲ့ပြီး၊ အဲဒီထဲက တရုတ်နိုင်ငံသား နှစ်ယောက်ကို သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ MNDAA က ဆိုပါတယ်။
"သူတို့ကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ ဒါမျိုးလုပ်တာပဲဖြစ်ဖြစ် ဒီလိုမျိုးခံရမယ်ဆိုတဲ့ ပုံစံပေါ့နော်"
သေဒဏ်ပေးခံရတဲ့ တပ်သားနှစ်ယောက်ကတော့ ထောက်ပို့ဌာနနဲ့ တပ်မဟာ-၃၁၁ ကဖြစ်ပြီး၊ သူတို့က လက်နက်တွေ ခိုးယူရောင်းချမှု၊ လူသတ်ပြန်ပေးဆွဲမှုတွေမှာ ပါဝင်တဲ့အတွက်ကြောင့် သေဒဏ်ပေးခဲ့တာလို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ၂၀၂၄ ဧပြီလ ၂၄ ရက်နေ့က တရုတ်ဘာသာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ဒုတပ်ရင်းမှူးကို တပ်ကထုတ်လိုက်ပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သလို၊ တပ်ရင်း-၁၉၁ က ဒုတပ်ရင်းမှူးကိုလည်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ကျန်တဲ့ တပ်သားတွေကိုတော့ ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ အသီးသီး အမိန့်ချမှတ်လိုက်တာပါ။
အဲဒီအပြစ်ပေးပွဲကို လူဦးရေ တစ်သောင်းနီးပါးတက်ရောက်ခဲ့ပြီး သူတို့ရှေ့က စင်မြင့်ပေါ်မှာ အဲဒီလူ ၁၀ ယောက်ကို သံခြေကျင်းတွေ ခတ်ထားပါတယ်။ သူတို့ကို MNDAA တရားစီရင်ရေးအဖွဲ့က စီရင်ချက်ချတာဖြစ်ပြီး သေဒဏ်ပေးခံရတဲ့သူ သုံးယောက်ကို တောထဲကိုခေါ်သွားပြီး သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်လိုက်တာပါ။
ဒါဟာ လူ့ဂုဏ်သိက္ခာအရရော လူ့အခွင့်အရေးနဲ့ပါ လုံး၀မကိုက်ညီဘူးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ထောက်ပြပါတယ်။
“ဘယ်တည်ဆဲ ဥပဒေနဲ့ ကိုင်ပြီးတော့ သေဒဏ်ပေးတယ်ဆိုတာတော့ ကျွန်တော်လည်း မသိဘူးပေါ့နော်။ အဲအပေါ်မှာ မှတ်ချက်ပေးရတာတော့ အတော်ခက်ပါတယ်။ ဒါပေမဲ့ လူရှေ့သူရှေ့မှာ အခုလိုမျိုး ပြစ်ဒဏ်ပေးခြင်း၊ သေဒဏ်ပေးခြင်း၊ သတ်ဖြတ်ခြင်းက ကျွန်တော်ထင်တာ ဒီခေတ်ဒီအခါနဲ့ဆိုရင် လုပ်ထုံးလုပ်နည်းအရ မကိုက်ညီဘူးပေါ့နော်။ သူတို့ ကျူးလွန်တဲ့ပြစ်မှုအရ သူတို့ကို သေဒဏ်ပေးမယ်ဆိုရင်တောင်မှ ဂုဏ်သိက္ခာရှိတဲ့ သေဒဏ်ပေးခြင်းမျိုးကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်”
ပြစ်ဒဏ်စီရင်ခံရသူတွေ ဥပဒေကြောင်းအရ ခုခံချေပခွင့် ရ၊ မရဆိုတာကို MNDAA ဘက်က ဖော်ပြတာမျိုး မတွေ့ရပါဘူး။ သူတို့တွေဟာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တာကြောင့် အခုလိုစီရင်တာဖြစ်တယ်လို့သာ ဖော်ပြထားတာပါ။
MNDAA ရဲ့ အခုလို တရားစီရင်ရေး စနစ်ဟာ တရုတ်နိုင်ငံ တရားစီရင်ရေးစနစ်ရဲ့ သက်ရောက်မှု တစ်ခုဖြစ်နေတယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၁၈၆၁ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ လူမြင်ကွင်းမှာ အခုလိုမျိုး သေဒဏ်စီရင်တဲ့ ဥပဒေကို ဖျက်သိမ်းထားပြီးသားဖြစ်လို့ ဥပဒေကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
ဒါကြောင့် MNDAA ရဲ့ အခုလုပ်ရပ်တွေဟာ ရာဇဝတ်မှုမြောက်တယ်လို့ အမည်မဖော်လိုတဲ့ ဝါရင့်တရားလွှတ်တော် ရှေ့နေတစ်ယောက်က မှတ်ချက်ပေးပါတယ်။
“MNDAA သည် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နယ်ပယ်တစ်စိတ်တစ်ဒေသရဲ့ တော်လှန်ရေးအဖွဲ့အစည်းပဲဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေစနစ်အတွင်းမှာ လုံးဝမရှိတဲ့ လူမြင်ကွင်းမှာ သေဒဏ်အတည်ပြုပြီးတော့မှ ခုခံချေပခွင့်လည်း မပေးဘူး။ ပစ်ခတ်၊ သုတ်သင်ရှင်းလင်းတယ်ဆိုတာ လုံး၀ ဥပဒေနဲ့ ညီညွတ်တဲ့ကိစ္စ မဟုတ်ဘူး။ သူသည် မြန်မာနိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာဖို့ တာဝန်ရှိတယ်။ အဲဒါကို ဖောက်ဖျက်ပြီးတော့ ဒီလိုဆောင်ရွက်လိုက်တာသည် လူသတ်မှု၊ ရာဇဝတ်မှုလို့ ကျွန်တော်တို့ ဥပဒေပိုင်းက ဒီလိုပဲမြင်ပါတယ်”
၂၀၂၃ မေလ ၂ ရက်နေ့ကလည်း လားရှိုးမြို့နယ်မှာ ပြန်ပေးဆွဲလူသတ်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသား လေးယောက်ကို မူပန်ခရိုင်လို့ သူတို့ သတ်မှတ်ထားတဲ့ သိန္နီမြို့နယ်မှာ MNDAA က အခုလိုပဲ လူသိရှင်ကြား သေဒဏ်စီရင်ခဲ့ပါတယ်။
အခုလို သေဒဏ်စီရင်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်း တစ်ယောက်ကတော့ MNDAA ရဲ့ ဒီလုပ်ရပ်ဟာ လူထုကို အကြောက်တရားဖြစ်အောင် လုပ်တာလို့ ပြောပါတယ်။
“ကွန်မြူနစ်၊ ကွန်မြူနစ်တောင်မှ အကြမ်းစားလုပ်တဲ့ ပုံစံဖြစ်တယ်။ သူတို့က တရုတ်နဲ့နီးတော့ တရုတ်ရဲ့ပုံစံကို ယူပြီးတော့လုပ်တယ်။ သူကလူတွေကို အကြောက်တရားနဲ့ လွှမ်းမိုးလိုက်တာပေါ့။ သူတို့ကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ ဒါမျိုးလုပ်တာပဲဖြစ်ဖြစ် ဒီလိုမျိုးခံရမယ်ဆိုတဲ့ ပုံစံပေါ့နော်။ ပြောရမယ်ဆိုရင်တော့ လူသားဝါဒ မထွန်းကားတဲ့ နိုင်ငံတွေမှာဖြစ်ကြတာပေါ့နော်”
အခုလို ဝေဖန်ထောက်ပြတာတွေရော၊ သေဒဏ်စီရင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ပါ MNDAA ပြန်ကြားရေး တာဝန်ရှိသူ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်ပြီးဖြေဆိုတာ မရှိပါဘူး။
ဒီလိုစီရင်တာဟာ ကိုယ့်တပ်ကို ထိန်းနိုင်ဖို့ အတွက် တရုတ်နယ်စပ်က လက်နက်ကိုင်အဖွဲ့အချို့ ကျင့်သုံးတဲ့ စနစ်ဖြစ်တယ်လို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ လှကျော်ဇော ကတော့ မှတ်ချက်ပြုပါတယ်။
“ကိုးကန့်ပဲဖြစ်ဖြစ်၊ “ဝ” ပဲဖြစ်ဖြစ် စစ်ကောင်စီကို တိုက်နေတဲ့အခါမှာ အင်အားအရ နည်းတယ်လေ။ ကျွန်မတို့က ပြည်သူလူထုကို စည်းရုံးဖို့လိုတာကိုး။ ပြည်သူလူထုအတွက် အတော်နစ်နာတဲ့ကိစ္စဆိုရင် သေဒဏ်ပေးပစ်တာပဲ။ ကျွန်မတို့ ဗကပ (ပန်ဆန်း ) နေတုန်းကလည်း ဒီလိုပဲ သေဒဏ်ပေးခဲ့တာပဲ။ တပ်ဖွဲ့ကို ထိန်းရတာ တအားခက်တယ် ခင်ဗျားတို့က မကြုံဖူးဘူး။ အထူးသဖြင့် တပ်က တအားကြီးထွားလာပြီး အောင်ပွဲတွေ ရလာတဲ့အခါမှာ အဲဒီတပ်ကိုထိန်းဖို့ စည်းကမ်းတွေကိုင်တဲ့အခါမှာ အဲလို ပြတ်ပြတ်သားသား လုပ်ဖို့လိုတာတွေရှိတယ်”
အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကတော့ နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းရင်းသားဒေသတွေမှာ ကြားကာလ တရားစီရင်ရေးကို အသိအမှတ်ပြုထားပြီး၊ MNDAA ရဲ့ တရားစီရင်မှုကို သီးခြားပြောစရာမရှိပါဘူးလို့ (NUG) ရဲ့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။
“MNDAA က သူတို့ အုပ်ချုပ်တဲ့နယ်မြေမှာ သူတို့ရဲ့ဓလေ့ထုံးစံ ဥပဒေအရ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို ကျောသားရင်သား မခွဲခြားဘဲ အပြစ်ကျူးလွန်တဲ့ဟာ အပြစ်ကြီးသလောက် သူတို့ဒေသ ဥပဒေအရ အပြစ်ပေးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီလိုအရေးယူအပြစ်ပေးတာနဲ့ပတ်သက်လို့ ကျွန်တော်အနေနဲ့ မှတ်ချက်သီးသန့်တော့ ဒီထက်ပိုပြီးမပေးချင်ပါဘူး”
ဥရောပသမဂ္ဂကလည်း MNDAA ရဲ့ သေဒဏ်စီရင်မှုကို လုံးဝရှုတ်ချကြောင်း ဧပြီလ ၂၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ သေဒဏ်ဟာ လူမဆန်တဲ့ ယုတ်ညံ့တဲ့ပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန် ငြင်းပယ်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ မြန်မာပြည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ဖို့ ကြိုးပမ်းတဲ့အခါ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းသင့်တယ်လို့လည်း ဥရောပသမဂ္ဂက တိုက်တွန်းထားပါတယ်။