မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သုံးရက်အတွင်း စစ်ကောင်စီစခန်း ၅၇ ခုသိမ်းနိုင်ခဲ့

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.10.29
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သုံးရက်အတွင်း စစ်ကောင်စီစခန်း ၅၇ ခုသိမ်းနိုင်ခဲ့ ၂ဝ၂၃ ခုနှစ် ‌အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကောင်စီ၏ တပ်စခန်း မာကြာတစ်ပေါက် ပေါက်တောင်ကုန်းအား ကိုးကန့်တပ်မတော် (MNDAA) မှ တိုက်ခိုက်သိမ်းယူအပြီး ထုတ်ပြန်ထားသည့်ပုံ။
The Kokang

၁၀၂၇ ပူးပေါင်းစစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စစ်ကောင်စီ တပ်စခန်း ၅၇ ခုကို သိမ်းပိုက်နိုင်တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီ ကစပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာပါ။

"ရှမ်းမြောက်တစ်ခွင်လုံးကတော့ ဒီရက်ပိုင်းအတွင်း ဆက်သွယ်ရေး ပြတ်တောက်ပြီးတော့ စစ်ရေးတိုက်ပွဲ မြင့်မားပြင်းထန်လာမဲ့ အနေအထားရှိတယ်လို့ သုံးသပ်ပါတယ်"

ဒီလ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ သုံးရက်မြောက်တဲ့ ၂၉ ရက်နေ့အထိ စစ်ကောင်စီရဲ့တပ်စခန်း ၅၇ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်း က RFA ကိုပြောပါတယ်။

"၁ဝ၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ ဒီနေ့အချိန်ထိ စစ်ကောင်စီရဲ့ တပ်စခန်း ၅၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီဗျ။ လက်ရှိလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ချင်းရွှေဟော်မြို့ကတော့ လုံးဝထိန်းချုပ်နိုင်ပြီလို့ အတည်ပြုနိုင် ပါတယ်"

ဒီစစ်ဆင်ရေးမှာ နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်နဲ့ မုံးကိုးမြို့နယ်တွေအတွင်းက စစ်ကောင်စီရဲ့ စခန်းသိမ်းတွေသိမ်းယူခဲ့တယ်လို့လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တပ်မဟာ ၂ ဒေသဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချို မြို့နယ်၊ ကျောက်ကြမ်းရွာ စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် သိန္နီရဲစခန်း၊ မာချီနော့ စစ်ကောင်စီတပ်စခန်း၊ လားရှိုးမြို့ အရှေ့ဘက်အခြမ်းက စစ်ကောင်စီတပ် စခန်းနှစ်ခု၊ ချင်းရွှေဟော်မြို့နယ်က ဟာခုတ်ကိုက် စစ်ကောင်စီတပ်စခန်းနဲ့ မုံးကိုးခရိုင်က နမ်ယမ် စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းဆည်းထားတယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေရဲ့ နှစ်ဖက်ထိခိုက်မှုကိုတော့ အသေးစိတ် မဖော်ပြထားပါဘူး။

စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်တဲ့အတွက် လောက်ကိုင် မြို့နယ်ထဲက မာလီလင့်ရွာမှာ နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ကွမ်းလုံးမြို့နယ်က ညိုဖျင်စီးပါးရွာမှာလည်း နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ခုလို ရှမ်းပြည်နယ်မြောက်ပိုင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ စစ်ကောင်စီစခန်းတွေ သိမ်းပိုက်လိုက်တယ် ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံ ဖြေဆိုတာမရှိပါဘူး။

အောက်တိုဘာလ ၂၇ ရက်နေ့ကတော့ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီ၊ ကွမ်းလုံနဲ့ လားရှိုးမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ချင်းရွှေဟော် ဖောင်ဆိပ်နဲ့ တာပါးတံတားကင်းစခန်းက ရဲနဲ့တပ်မတော် တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့တယ်လို့ ပြည်တွင်းမီဒီယာတချို့က မေးမြန်းတာကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့ပါ တယ်။

မဟာမိတ်အဖွဲ့တွေဘက်က မြို့ပြစစ်ဆင်ရေးတွေ ထပ်မံဆောင်ရွက်လာနိုင်တာကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း မှာ တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ခန့်မှန်းပါတယ်။

"စခန်းငယ်တွေသိမ်းပြီးရင်တော့ မြို့ပြစစ်ဆင်ရေးတွေ ဖြစ်ပါလိမ့်မယ်၊ မြို့ပြစစ်ဆင်ရေးဆိုတာက အဓိကအား ဖြင့် TNLA အနေနဲ့ ပြောရရင် ကွတ်ခိုင်နဲ့လားရှိုးဖြစ်ပါလိမ့်မယ်။ အဲဒီအခြေအနေတွေမှာ စစ်ကောင်စီကလဲ လားရှိုးကို မကျဖို့အတွက် စစ်အင်အားတွေ ကူညီပံ့ပိုးနိုင်အောင် ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ အခုက လားရှိုးနဲ့ နောင်ချိုကြားမှာရှိတဲ့ လမ်းကြောင်းကလည်း TNLA နဲ့အဖွဲ့တွေက နေရာယူတားဆီးကြမှာ သေချာပါတယ်။ အဲဒီအနေအထားအောက်မှာ ကျွန်တော်တို့ ရှမ်းမြောက်တစ်ခွင်လုံးကတော့ ဒီရက်ပိုင်းအတွင်း ဆက်သွယ်ရေး ပြတ်တောက်ပြီးတော့ စစ်ရေးတိုက်ပွဲ မြင့်မားပြင်းထန်လာမဲ့ အနေအထားရှိတယ်လို့ သုံးသပ်ပါတယ်"

စစ်ကောင်စီတပ်၏ မုံးကိုးမြို့နယ် တပ်စခန်းတစ်ခုမှ သိမ်းယူရရှိခဲ့သည့် လက်နက်ပစ္စည်းတချို့အား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA)အဖွဲ့က ထုတ်ပြန်ထားသည့် ဓာတ်ပုံ။ (Photo: The Kokang)
စစ်ကောင်စီတပ်၏ မုံးကိုးမြို့နယ် တပ်စခန်းတစ်ခုမှ သိမ်းယူရရှိခဲ့သည့် လက်နက်ပစ္စည်းတချို့အား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA)အဖွဲ့က ထုတ်ပြန်ထားသည့် ဓာတ်ပုံ။ (Photo: The Kokang)

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ပူးပေါင်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ကြိုဆို ထောက်ခံတယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ Operation 1027 ကို ကြိုဆိုထောက်ခံတယ်လို့ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင် က ပြောပါတယ်။

"အားလုံးလက်တွဲပြီးတော့ ညီညီညွတ်ညွတ်နဲ့ နိုင်ငံရေးနဲ့စစ်ရေး ဟန်ချက်ညီညီပေါင်းစပ်ပြီးတော့ ဘုံရန်သူကို တိုက်ကြရမှာ ဖြစ်တယ်။ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအားလုံးနဲ့ လက်တွဲပြီးတော့ တစ်ဆင့်ပြီး တစ်ဆင့် အရှိန်မြှင့်ပြီးတော့ စစ်အုပ်စုကို ချေမှုန်းကြရမှာဖြစ်တယ်လို့ ပြောကြားရင်းနဲ့ ညီနောင် မဟာမိတ်အဖွဲ့များရဲ့ Operation 1027 ကို အလေးအနက်ကြိုဆိုထောက်ခံကြောင်း ပြောချင်တာပါ"

စစ်ဆင်ရေး ရည်ရွယ်ချက်တွေထဲက စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ဖို့၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေ ဖွဲ့စည်းဖို့ စတာတွေဟာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်မှာ ပြဋ္ဌာန်းထားပြီးသား အခြေခံမူရည်ရွယ်ချက်တွေဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေမှာလည်း မဟာမိတ်သုံးဖွဲ့ရဲ့စစ်ဆင်ရေးကို ကြိုဆိုထောက်ခံ လှုပ်ရှားနေကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ MNDAA၊ TNLA နဲ့ AA တို့အပြင် မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော် MDY-PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့လည်း ပူးပေါင်းပါဝင်နေတယ်လို့ သိရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။