မင်းပြားမြို့နယ်ထဲ တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်
2019.07.04

မနေ့ကဖြစ်ပွားခဲ့တဲ့ မင်းပြားမြို့နယ်ထဲက ပန်းမြောင်းနဲ့ ရွှေကျင်ကျေးရွာတွေအနီးမှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ AA တို့ရဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
တပ်မတော်ဘက်က ဗိုလ်မှူးအဆင့်ရှိတဲ့သူတစ်ဦး အရှင်ဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့တာကို ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆိုထားပြီး ထိခိုက်ဒဏ်ရာရသူတွေ အရေအတွက်နဲ့ အခြေအနေကိုလည်း အတည်ပြုပြောဆိုတာတော့ မရှိခဲ့ပါဘူး။
‘’မနေ့ကတုန်းကတော့ မင်းပြားဘက်မှာ ဖြစ်တာတော့ရှိတယ်၊ နေရာက ပန်းမြောင်း ရွှေကျင်အရှေ့ဘက် ကီလိုမီတာ ၃၀၀၀၊ ၄၀၀၀ လောက်မှာ၊ မနက် ၉ နာရီလောက်မှာဖြစ်တာ ၁၁ နာရီ ၁၂ နာရီလောက် အထိဖြစ်တယ်၊ ဒဏ်ရာရတဲ့သူတွေတော့ရှိတယ်၊ ကျွန်တော်တို့ကတော့ ဒေသခံတွေ ပူးပေါင်းပါဝင်ဖို့လိုတယ်၊ အခုက ဒေသခံတော်တော်များများက ကြောက်လို့ပါတာလား ဘယ်လိုဖြစ်လို့ပါသလဲ ဝေခွဲလို့ကို မရဘူး ’’
သာစည်နဲ့ပုလဲတောင်က ရွာသားတွေ အကုန်လုံး ပြင်ရောင်းကျေးရွာကို ထွက်ပြေးကုန်ကြပြီ
AA ပြောခွင့်ရသူ ခိုင်သုခ ကို RFA က ဆက်သွယ်မေးမြန်းရာမှာ နှစ်ဖက်မြေပြင်ထိခိုက်ကျဆုံးတာတွေရှိပေမယ့်လည်း ဖမ်းဆီး ရမိတာတွေ ထိခိုက်ကျဆုံးတဲ့ အရေအတွက်အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
‘’မနေ့ကတော့ ဇူလိုင်လ ၃ ရက်နေ့ မင်းပြားမြို့နယ် ပုလဲတောင်ရွာရဲ့အရှေ့ဘက် ၂.၃ ကီလိုမီတာအကွာ တောင်တန်းပေါ်မှာ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်တယ်၊ အထိအခိုက်အကျအဆုံး အသေးစိတ်ကိုတော့ မသိရသေးဘူး၊ တစ်ခုတော့ရှိတာပေါ့ စစ်မြေပြင်မှာ အရာရှိကြီးတွေ အဆင့် ဖမ်းဆီးရမိတယ်ဆိုတာကိုတော့ သူ့ရဲ့လုံခြုံရေးအတွက် လည်း တခါတလေကျတော့ ပြောလို့မရတာရှိတာပေါ့၊ အခုလောလောဆယ် ရှုပ်ထွေးနေတဲ့အနေအထားမှာ ပြောဖို့တော့ ခက်ခဲတာပေါ့၊ ထိခိုက်ကျဆုံးမှုတော့ရှိတယ် အသေးစိတ်တော့ပြော လို့မရသေးဘူး’’
တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်က ချောင်းတို၊ သာစည်၊ ရွှေကျင်၊ ကပ်ပဲ နဲ့ ပုလဲတောင်ကျေးရွာတွေ က ဒေသခံတွေလည်း ပြင်ရောင်းနဲ့ တစ်ခြားဘေးလွတ်ရာကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် က ပြောပါတယ်။
‘’မနေ့က သာစည်နဲ့ ရွှေကျင်ကြားမှာ တစ်နေရာရယ်၊ ကပ်ပဲနဲ့ ပုလဲတောင်ကြားမှာရယ် နှစ်နေရာဖြစ်တယ်၊ သာစည်ရွာနဲ့ ချောင်းတိုနှစ်ရွာရှိတယ်၊ ချောင်းတိုချောင်းအဖျားပိုင်းမှာဖြစ်တာ၊ ကပ်ပဲကျေးရွာနဲ့ ပုလဲတောင်ကျေး ရွာကြား ကျွန်းတောထဲမှာတစ်နေရာဖြစ်တယ်၊ သာစည်နဲ့ပုလဲတောင်က ရွာသားတွေ အကုန်လုံး ပြင်ရောင်းကျေး ရွာကို ထွက်ပြေးကုန်ကြပြီ၊ ပြင်ရောင်းရွာမှာ ဒီနေ့အထိ စစ်ဘေးရှောင် ၂၀၀ ကျော်ရှိနေပါတယ်’’
မိုးတွင်းကာလ မုန်တိုင်းဖြစ်ပွားနေတဲ့အရှိန်ကြောင့် စစ်ဘေးဒုက္ခသည်တွေလည်း အခက်အခဲကြုံတွေ့နေကြရ တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
တိုက်ပွဲတွေအရှိန်မြင့်နေသလို မိုးတွင်းကာလ လယ်ယာထွန်ရက်စိုက်ပျိုးတာတွေလည်း မလုပ်နိုင်တာမို့ အစိုးရ အနေနဲ့ ပြည်သူတွေအတွက် စာနာတဲအနေနဲ့ နှစ်ဖက်အဖွဲ့အစည်းတွေက တိုက်ပွဲတွေရပ်တန့်ဖို့ လိုအပ်တယ်လို့ ပြောကြပါတယ်။
ခုလိုတိုက်ပွဲရှည်ကြာနေတာကို ရပ်တန့်နိုင်ဖို့ဆိုရင် ရခိုင်ပြည်သူတွေက တပ်မတော်နဲ့ ပူးပေါင်းကြဖို့လို အပ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူကြီး ဝင်းဇော်ဦး က ပြောပါတယ်။
(RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြသည်)