တရုတ် သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံဆွေးနွေးမှု သုံးသပ်ချက်
2019.04.13

တရုတ်နိုင်ငံက ဖော်ဆောင်နေတဲ့ စီမံကိန်းလုပ်ငန်းတွေထဲက မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေမှာ တပ်မတော်အနေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ် သမ္မတ Mr.Xi Jinping ကို ပြောကြားလိုက်ပါတယ်။
RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
တရုတ်နိုင်ငံက ဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတို့ တက်ရောက်ကြမယ့် ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဒုတိယအကြိမ်မြောက်ဖိုရမ်ပွဲ မတိုင်ခင် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ် သမ္မတ တို့ အခုလိုတွေ့ဆုံခဲ့ကြတာပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တရုတ်ခရီးစဉ်အတွင်း သမ္မတ Mr.Xi Jinping နဲ့ တွေ့ဆုံခဲ့ရာမှာ ပိုးလမ်း မစီမံကိန်းအောင်မြင်ဖို့ မြန်မာ့တပ်မတော်ဖက်ကလည်း မြန်မာနိုင်ငံနဲ့ အကျိုးရှိမယ့်စီမံကိန်းတွေမှာ ပူးပေါင်းပါဝင်မယ်လို့ ပြောကြားခဲ့တာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထား ပါတယ်။
မြန်မာပြည်နိုင်ငံရေးမှာ ပါဝင်လွှမ်းမိုးမှုတွေရှိနေတဲ့ တရုတ်နိုင်ငံရဲ့စီမံကိန်းတွေကို တပ်ဖက်က ထောက်ခံတာဟာ အပေးအယူသဘောမျိုး ရှိနိုင်တယ်လို့ သုံးသပ်သူတွေ ရှိကြပါတယ်။
"တရုတ်ဖက်က နိုင်ငံရေးအရ ကုလသမဂ္ဂမှာ ရပ်တည်ပေးခဲ့တဲ့အစဉ်အလာ ဆက်ပြီးတော့လည်း ရပ်တည်ပေးတယ် မြစ်ဆုံကို ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ပြန်စနိုင်မယ်လို့ မျှော်လင့်ထားတာကို ပြန်ခွင့်ပြုမယ့်သဘောတွေ တော်တော်များများ တွေ့ရတယ်၊ ၁၉ ရက်နေ့လောက်ဆို ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်ပြည်သွားတော့မှာ လက်မှတ်ထိုးထပ်ပြီးတော့ အတည်ပြုတာတွေလုပ်တော့မှာဆိုတော့ အဲဒီဟာမတိုင်ခင်မှာ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကြီးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တပ်မတော်ကိုလည်း ခေါ်ပြီးတော့ အသိပေးညှိနှိုင်းတဲ့သဘောပါပဲ ကြိုပြီးတော့ လမ်းရှင်းပေးတဲ့သဘောပါပဲ တရုတ်ကလေ"
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးရဲထွန်းက ပြောသွားတာပါ။
ဒီလကုန်မှာကျင်းပမယ့် ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဒုတိယအကြိမ်မြောက် ဖိုရမ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သွားမှာလည်းဖြစ်ပါတယ်။
"တရုတ်က လောလောဆယ် မြန်မာ့နိုင်ငံရေးကို တော်တော်သဘောပေါက်တယ်၊ အရင်တုန်းကလိုမျိုး တစ်စုတစ်ဖွဲ့တည်းနဲ့ အဆင်ပြေတဲ့သဘောမျိုး လုံးဝမဟုတ်တော့ဘူးဆိုတာ သူတို့သိသွားပြီ၊ ၂၀၁၀ မတိုင်ခင်တုန်းက စစ်အစိုးရနဲ့ သူတို့ အဆင်ပြေဘာနေနေ သူတို့လုပ်ချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ပဲ ဖြစ်ဖြစ် စီးပွားရေးရည်မှန်းချက်ပဲဖြစ်ဖြစ် အဆင်ပြေတယ်၊ ၂၀၁၀ နောက်ပိုင်း အဲဒီလိုလုပ်လို့ အဆင် မပြေနိုင်တာ ခုလည်းပဲ OBOR ဆက်ပြီးလုပ်ဖို့ မြန်မာနိုင်ငံမှာ အဆင်ပြေပြေသွားနိုင်ဖို့ ဒီပရောဂျက်တွေ သွားနိုင်ဖို့ အစိုးရတစ်ရပ်တည်းနဲ့ မပြီးနိုင်ဘူးဆိုတာ တရုတ်က ကောင်းကောင်းသိတယ်၊ တပ်နဲ့လည်း ဖြန့်ပြီးတော့ တပ်နဲ့လည်း possive respond ကို secqurial ရယူထားတာရှိတယ်၊ ၂၀၁၇ မှာဆိုရင် ကာချုပ်သွားပြီးတော့ နောက်မကြာဘူး ဒေါ်အောင်ဆန်းစုကြည်သွားတယ် ထုံးစံလိုမျိုးဖြစ်နေတာပေါ့ သဘောကတော့ တရုတ်ကသူ့ရဲ့ပရောဂျက်တွေ အဆင်ပြေနိုင်ရေးရှိသမျှ စတိတ်ဟိုဒါတွေကနေ secqurial လုပ်နေတာတွေ့ရတယ်ပေါ့နော်"
တရုတ်အရေးလေ့လာသူ ISP Myanmar က ဒေါ်ခင်ခင်ကျော်ကြီး ပြောသွားတာပါ။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဦးသိန်းထွန်းဦး ကလည်း
"စီမံကိန်းတစ်ခု ဆောင်ရွက်ကြတဲ့အခါမှာ နှစ်နိုင်ငံ သဘောတူညီထားတဲ့ လုပ်ဆောင်မှုတိုင်းဟာ သူ့နိုင်ငံအကျိုး ကိုယ့်နိုင်ငံအကျိုး နှစ်ဖက်မျှတပြီး ပထမဆုံး ဆွေးနွေးကြတယ်၊ ရရှိလာတဲ့အကျိုးအမြတ်တွေ ဒီလမ်းမကြီးပေါ်မှာ ကျွန်တော်တို့နိုင်ငံက ခွင့်ပြုလိုက်မယ်ဆိုရင်လည်းပဲ နိုင်ငံရဲ့ကောင်းကျိုးတွေရလာနိုင်မယ်ဆိုရင် ကြိုဆိုရမှာပဲ"
တရုတ်ရဲ့ မဟာဗျူဟာလုပ်ငန်းစဉ်တွေဟာ လွန်ခဲ့တဲ့ ၂၀၁၅ ကစပြီး ပြောင်းလဲလာတာကိုတွေ့ရတယ်လို့လည်း လေ့လာသူတွေက ပြောကြပါတယ်။
မြန်မာအစိုးရတင်သာမကပဲ တရုတ်စီမံကိန်းတွေကို ပြည်သူတွေလက်ခံလာဖို့ အောက်ခြေအဆင့် အထိဆင်းပြီး လက်တွေ့စည်းရုံးရေးဆင်း လုပ်ဆောင်လာတာတွေရှိပါတယ်။
အဲဒီထဲမှာ ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်းကို မကန့်ကွက်ဖို့ ဖိအားပေးလုပ်ဆောင်တာတွေ သိသိသာသာရှိလာပါတယ်။
လာမယ့် ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲကာလမတိုင်မီ တရုတ်ရဲ့စီမံကိန်းလုပ်ငန်းတွေ အတည်တကျဖြစ်လာရေးအတွက်က အရေးကြီးနေတယ်လို့ တရုတ်အရေးလေ့လာသူ ISP Myanmar က ဒေါ်ခင်ခင် ကျော်ကြီး က သုံးသပ်ပါတယ်။
"တရုတ်ရဲ့ investment flow တွေ ပြန်ကြည့်မယ်ဆိုရင် ဥပမာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်း ဆို တက်လာတယ်၊ အဆပေါင်းများစွာထဲက တရုတ်က အများကြီး တက်လာတယ်၊ ၂၀၁၅ ရွေး ကောက်ပွဲမှာလည်း အရင်ကထက်ကို ပိုပြီးတက်လာတယ်၊ ၂၀၂၀ မှာလည်း ရွေးကောက်ပွဲမတိုင်ခင် မှာတော့ သူ့ရဲ့ပရောဂျက်တွေကို အတိုင်းအတာတစ်ခုထိ ခိုင်မာအောင် တွန်းမယ့်သဘောတော့ တွေ့ရ တာပေါ့"
ဒါကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး နားဆင်ခဲ့ရတာဖြစ်ပါ တယ်ခင်ဗျာ။
ကျွန်တော် ကျော်သူ ပါ။