စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့တွေကို ပိုသုံးလာတယ်လို့ဆို

RFA Burmese
2023.10.16
စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့တွေကို ပိုသုံးလာတယ်လို့ဆို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရတာကြောင့် ပြည်သူ့စစ်အဖွဲ့တွေကို လက်နက်တပ်ဆင်ဖွဲ့စည်းတာ ပိုများလာတယ်လို့ စစ်ရေးလေ့လာသူတွေက ပြောကြပါတယ်။

ကချင်ပြည်နယ်က ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ စစ်ကောင်စီက တိုင်းရင်းသား ပြည်သူ့စစ်တွေကို သုံးနေတယ်လို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း တိုက်ဖို့ခိုက်ဖို့ပေါ့။ သေရင်လည်း တိုင်းရင်းသားအချင်းချင်း သေပါစေ”

ပြီးခဲ့တဲ့ဇူလိုင်လဆန်းကစပြီး ဗန်းမော်မြို့အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကနေ KIA ဌာနချုပ် လိုင်ဇာဘက်ကို ထိုးစစ်ဆင်နေပါတယ်။ အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီက ရှမ်းပြည်နယ်ဘက်က ပြည်သူ့စစ်အဖွဲ့တွေကို ဗန်းမော်ဘက်ကိုပို့ထားပြီး၊ တိုင်းရင်းသားအချင်းချင်း တိုက်ခိုင်းဖို့ ကြိုးစားလာတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

“ပြည်သူ့စစ်တွေကို စစ်သင်တန်းတွေ ရက်တိုသင်တန်းတွေပေးပြီးမှ ရှေ့တန်းကိုထွက်ခိုင်းတာ။ ရှေ့တန်းမှာ အသုံးမပြုဘူးဆိုရင်တော့ အဲဒီပြည်သူ့စစ်တွေကို လက်နက်ကိုင်ဖို့ လက်နက်ချပေးဖို့ သူလည်း ပေါ်လစီရှိမှာမဟုတ်ဘူး။ အဲဒါကြောင့် ပြည်သူ့စစ်တွေကို ရှေ့တန်းမှာထွက်ဖို့ သူတို့က အစီအစဉ်ရှိပြီးသား ဖြစ်မယ်လို့သုံးသပ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း တိုက်ဖို့ခိုက်ဖို့ပေါ့။ သေရင်လည်း တိုင်းရင်းသားအချင်းချင်း သေပါစေ။ အဲလိုပုံစံနဲ့ သူက မဟာဗျူဟာသုံးတာ ဖြစ်မယ်လို့သုံးသပ်ပါတယ်”

အဲဒီ ပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကတည်းက လိုင်ဇာနားက ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်တဲ့ ဘွမ်နွယ်တောင်နဲ့ ခရာတောင်တစ်ဝိုက်မှာ ရောက်နေပြီလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

အခုလို ကချင်ပြည်နယ်က စစ်မြေပြင်တွေမှာ တိုင်းရင်းသားပြည်သူ့စစ်တွေကို သုံးနေတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းဆက်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေဖွဲ့ထားတဲ့ သေနင်္ဂ မဟာဗျူဟာလေ့လာရေး အင်စတီကျုရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တော့ လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်မှုတွေကို ပြည်သူ့စစ်တွေနဲ့ပေါင်းပြီး တိုက်တဲ့ နည်းဗျူဟာ အရင်ကတည်းက ရှိတဲ့အတွက် အထွေအထူး မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“ဟိုးတုန်းကတည်းက ကျွန်တော်တို့ လွတ်လပ်ရေးရပြီးခါစ ကွန်မြူနစ်တွေ တောခိုသွားပြီးတော့ နောက်ပိုင်း နိုင်ငံတစ်ဝန်းလုံး လက်နက်ကိုင် သောင်းကြမ်းမှု စဖြစ်တဲ့အချိန်မှာ အဲဒီပြည်သူ့စစ်နဲ့ပဲ အဲဒီဒေသကို ပြန်ပြီးတည်ငြိမ်အောင် ထိန်းခဲ့တာ။ ဒါဟိုတုန်းက သုံးခဲ့တဲ့နည်းလမ်းကို ပြန်ပြီးသုံးတာပဲ။ အဲဒါက ဘာမှ အထွေအထူး ဆန်းပြားနေတဲ့အရာတော့ မဟုတ်ဘူး”

ကချင်ပြည်နယ်ထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဦးရွှေမင်းဦးဆောင်တဲ့ လီဆူ ပြည်သူ့စစ်အဖွဲ့၊ ဦးမင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။ အဲဒီအဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ၂၀၂၂ ခုနှစ်အတွင်းမှာ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၁၄) ရဲ့ ကနွယ်တူစခန်းကို၊ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ရဲ့ Telegram Channel မှာဖော်ပြထားပါတယ်။

ကေအိုင်အေဘက်က ပြည်သူ့စစ် ပပျောက်ရေးခေါင်းစဉ်နဲ့ စပြီးတိုက်ခိုက်လာတာကြောင့် ပြန်ပြီးခုခံနေရတာလို့ ဝါရာဇွပ် ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇေသန့်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ကို တိုက်ခိုက်လာရင်တော့ ကျွန်တော်တို့ကလည်း နယ်မြေလုံခြုံရေးအရသော်လည်းကောင်း၊ ကျွန်တော်တို့ရဲ့ တပည့်သားသမီးတွေရဲ့ အသက်လုံခြုံရေးအရသော်လည်းကောင်း၊ ကျွန်တော်တို့မှာရှိတဲ့ လုံခြုံရေးစီမံချက်တွေနဲ့ အကောင်းဆုံး ပြန်လည်တုံ့ပြန်မှာပဲလေ။ ဒီပြဿနာတွေ မဖြစ်စေချင်ဘူးဆိုရင် ကေအိုင်အေလည်း ကျွန်တော်တို့ကို မတိုက်ခိုက်နဲ့ပေါ့”

သူတို့အနေနဲ့ ဝါရာဇွပ် ကျေးရွာအုပ်စု လုံခြုံရေး ဆောင်ရွက်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ထိုးစစ်တွေမှာ ဝင်ပါတာမရှိဘူးလို့လည်း အဖွဲ့ခေါင်းဆောင် ဦးမင်းဇေသန့်က ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Photo: KIA)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Photo: KIA)

ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ၂၀၂၁၊ ၂၀၂၂ ခုနှစ် နှစ်နှစ်အတွင်း ကေအိုင်အေ တပ်ဖွဲ့ဝင် ၅၂ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ၂၈ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၂၄ ယောက်ကိုတော့ မြန်မာစစ်တပ်ကိုလွှဲပေးလိုက်တယ်လို့ ဦးမင်းဇေသန့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ပြည်သူ့စစ်ခေါင်းတချို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားတွေ့ခဲ့ပါတယ်။ သူတို့ကို စစ်ရေး၊ လုံခြုံရေးတွေမှာ ပူးပေါင်းပါဝင်ပေးဖို့ ပြောဆိုခဲ့တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အင်အားနည်းလာတာကြောင့် ပြည်သူ့စစ်တွေကို စည်းရုံးနေရတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အရန်အင်အားအနေနဲ့ ဖွဲ့ပြီးတော့ အသုံးချနိင်တဲ့ အခြေအနေရှိတဲ့အတွက် သူရဲ့ ပြည်သူ့စစ် မဟာဗျူဟာကို တောက်လျှောက်ကိုင်စွဲပြီးတော့ ဒီနေ့လို စစ်အင်အား လျော့ပါးခန်းခြောက်လာတဲ့အချိန်မှာ အဲဒီအင်အားတွေကို လှည့်လည်စည်းရုံးပြီးတော့ စစ်ရေးမှာ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် လှုံ့ဆော်စည်းရုံးလှုပ်ရှားနေတာဖြစ်တယ်လို့ ကျွန်တော် သုံးသပ်ပါတယ်”

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်မျက်နှာပြင် ဖွင့်နေရတဲ့ စစ်ကောင်စီအနေနဲ့ လိုအပ်တဲ့တိုက်ခိုက်ရေးအင်အားအတွက် ပြည်သူ့စစ်တွေကို အသုံးပြုလာပေမယ့် စစ်ရေးစွမ်းရည်မှာ ထင်သလောက် အလုပ်မဖြစ်နိုင်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။