အသံတိတ်သပိတ် တားဆီးရေး နည်းမျိုးစုံနဲ့ စစ်ကောင်စီ ကြိုးပမ်းနေ

နိုင်ငံတစ်ဝန်းမှာ လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းတစ်နှစ်ပြည့် အသံတိတ် သပိတ်မှောက်ဖို့ ကြေညာသူတွေကို အာဏာသိမ်းစစ်ကောင်စီက အခုရက်ပိုင်းတွေအတွင်း ပိုမိုဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က လက်လှမ်းမီသလောက် ရရှိထားတဲ့အချက်အလက်တွေအရ ရန်ကုန်၊ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တွေမှာ ဒီနေ့အထိ ဆိုင် ကိုးဆိုင်၊ ဖေ့စ်ဘွတ်စာမျက်နှာ တစ်မျက်နှာနဲ့ လူ ၂၀ လောက် အရေးယူခံထားရပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အသံတိတ်သပိတ်လုပ်မယ့်နေ့မှာ ဆိုင်ပိတ်ထားမယ်လို့ ကြေညာခဲ့တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကိုခြေရာခံ၊ ဝင်ရောက်ဖမ်း ဆီးပြီး ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအထဲက ရန်ကုန်မှာဆိုရင် Family House ဒုတ်ထိုးနဲ့ ဟော့ပေါ့ဆိုင်၊ Gucci Aung မိတ်ကပ်အလှပြင်ဆိုင်၊ Kha Kha ကော်ပြန့်ပေါင်းဆိုင်၊ ကျိုက်ဝိုင်းဘုရားက သာထက်ဆန်း ဗေဒင်ဟောခန်း၊ စားမှာပဲ ချဉ်၊ ငန်၊ စပ် ဖေ့စ်ဘွတ်စာမျက်နှာနဲ့ Hello Mobile ဖုန်းဆိုင် တွေ ပါဝင်ပါတယ်။
မန္တလေးမှာဆိုရင်လည်း SIP Café Club၊ Royal Boot Sneaker ဖိနပ်ဆိုင်နဲ့ ပြင်ဦးလွင် မှာဆိုရင် မောဓနု ရှမ်းရိုးရာ စားသောက်ဆိုင်၊ NCT အီလက်ထရောနစ်နဲ့ မိတ္တူဆိုင်တွေ ပါဝင်ပါတယ်။
တချိန်တည်းမှာပဲ အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက ပြည်သူတွေ အသံတိတ်သပိတ်မှာ မပါဖို့နဲ့ ဆိုင်တွေကို ပုံမှန်အတိုင်းဖွင့်ကြဖို့၊ အဲဒီနေ့မှာ ဆိုင်မဖွင့်ရင် ဆိုင်ပိုင်ရှင်တွေကို အရေးယူဖို့ စတာတွေကို ရပ်ကွက်၊ ကျေးရွာတွေထဲမှာ လော်စပီကာနဲ့ လိုက်လံသတိပေးနေပါတယ်။
ဧရာဝတီတိုင်းက လုံခြုံရေးအရ နာမည် မဖော်လိုတဲ့ ဈေးဆိုင်ပိုင်ရှင်တစ်ဦးကတော့ ရဲတပ်ဖွဲ့၊ စည်ပင်နဲ့ ထွေအုပ်ဝန်ထမ်းတွေ ယူနီဖောင်း အပြည့်အစုံနဲ့ သူ့ဆိုင်ကို ရောက်ရှိ လာပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆိုင်မပိတ်ဖို့ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“ဆိုင်ကို ဖွင့်မြဲတိုင်း ဖွင့်ပေးပါ။ အဲဒီနေ့ကိုပေါ့နော်။ မဖွင့်ဘဲနဲ့ ပိတ်လို့ရှိရင်တဲ့ ဥပဒေအရ အရေးယူမယ်လို့ ပြောသွားတယ်။ ဆိုင်ကြီးတွေကိုပဲ ပြောသွားတာ။ ဆိုင်တိုင်းကိုတော့ မပြောဘူး။ အမြဲတန်း အဲလို ထိပ်ဆုံးကပိတ်တဲ့ ဈေးသည်တွေကို လည်း ပြောသွားတယ်။ အကုန်လုံးကတော့ ကြောက်နေကြတာပေါ့နော်။ မြို့က လူတွေကိုယ်တိုင်ကလည်း သူတို့ တကယ်လာလုပ်လို့ရှိရင် ကိုယ်ခံရမှာပေါ့နော်။ အဲဒီတော့ ပထမက သူတို့လည်း စီစဉ်ထားတာ။ ဒီလိုကြီး လာပြောတယ်ဆိုရင်တော့ အန္တရာယ်အရမ်းများသွားပြီ။ ဖွင့်တာတော့ ဖွင့်ထားမယ်။ ဝန်ထမ်းတွေကိုတော့ အကုန် အိမ်ပေးပြန်ထားတယ်။ အဲဒီနေ့ကို။ ဒီတိုင်းပဲ ဖွင့်ထားလိုက်ပြီးတော့ ဘယ်သူ့ကိုမှ မရောင်းဘူး။ သမီးကတော့ အကုန်လုံးကို မရောင်းဘူးပဲ ပြောလိုက်မှာ”
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးကတော့ တဘက်က အသံတိတ်သပိတ်လုပ်ဖို့ ဆော်သြနေသလို စစ်တပ်ကလည်း လက်နက်နဲ့ အနီးကပ် ခြိမ်း ခြောက်နေလို့ နှစ်ဖက် ကြားညပ်နေရတယ်လို့ RFA ကို ပြောပါတယ်။
“ပိတ်ရင်လည်း ပိတ်လို့တော့ရတယ်။ ပိတ်ရင်တော့ လတ်တလောက သူတို့နဲ့ ကိုယ်နဲ့က ထိတွေ့နေတော့ လက်နက်လည် ရှိတယ်။ အင်အားလည်းရှိတယ်ဆိုရင် အလကားနေ ရင်း ဖြစ်သွားခဲ့ရင် ဘာမှလုပ်လို့မရတော့ဘူးလေ။ ခုနကပြောသလို ဆိုင်ဖွင့်ထားလည်း ပြည်သူတွေ ဘယ်သူမှ မထွက်ဘူးဆိုရင် ဆိုင်ဖွင့်ထားလည်း ဘာမှမထူးဘူးလေ။ အဓိကက ဒီလိုမျိုးလုပ်လို့ရတာပဲ။ သူ့ဟာသူ ဆိုင်ဖွင့်ဖွင့်၊ မဖွင့်ဖွင့် Silent လုပ်လုပ်၊ မလုပ်လုပ် ဝယ်သူက အဓိကပဲလေ။ ဝယ်သူ စားသူ မလာရင် ဆိုင်ဖွင့်ထားလည်း အလကားပဲလေ”
အဲဒီနေ့မှာ ဆိုင်ဆက်ဖွင့်ထားပေးမှာဖြစ်ပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်မှ ဈေးလာ မဝယ်လို့လည်းရတယ်လို့ ဆိုပါတယ်။
အခုလို စစ်အာဏာသိမ်းတစ်နှစ်ပြည့် လူထုလှုပ်ရှားမှုကို စစ်ကောင်စီက တားဆီးဖို့ ကြိုးစားနေပေမဲ့ ပြည်သူတချို့ကတော့ ဒီလှုပ်ရှားမှုမှာ တတ်နိုင်တဲ့နေရာကနေပါဝင်ဖို့ စိတ်အားထက်သန်နေကြတယ်လို့ ပြောကြပါတယ်။
"အဲဒီနေ့ကို။ ဒီတိုင်းပဲ ဖွင့်ထားလိုက်ပြီးတော့ ဘယ်သူ့ကိုမှ မရောင်းဘူး။"
ရန်ကုန်မြို့က အွန်လိုင်းဈေးသည် အမျိုးသမီးတစ်ဦးကတော့ အဲဒီနေ့မှာ အွန်လိုင်းကနေ ဈေးမရောင်းတော့ဘဲ တော်လှန်ရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ အားလုံးမှာ ပါဝင်သွားမယ်လို့ ဆိုပါတယ်။
“အခု အပြင်မှာ ဟိုဟာဖြစ်ရင် ဖမ်းမယ်ဆိုတဲ့ကိစ္စက ကျတော့လေ။ ဒါကတော့ သိသာတယ်ပေါ့နော်။ ကျမတို့ ပြည်သူလူထုတစ်ယောက်အနေနဲ့ အမြင်မှာကတော့ စစ်ကောင်စီဘက်က ကောင်တွေက တော်တော်ကြီးကို သွေးပျက်နေပြီပေါ့နော်။ ပြည်သူဆိုတာ ကိုယ့်အိမ်မှာ ထမင်းစားချင်ရင်စားမယ်။ အိပ်ချင်ရင်အိပ်မယ်။ ဆိုင် ဖွင့်ချင်ဖွင့်မယ်။ မဖွင့်ချင်မဖွင့်ဘူး။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေါ့နော်။ အဲဒီလောက်အထိ စွက်ဖက်ပြီးတော့ ဝင်ရောက်စရာ မလိုဘူးပေါ့။ ဒါပေမဲ့ ဆိုင်မဖွင့်ရင် ဒီနေ့ကို မဖြစ်မနေဖွင့်ရမယ် ဆိုတာကတော့ သူတို့ သွေးပျက်နေတဲ့အနေအထားကို ရောက်လာပြီပေါ့”
စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျနေတဲ့လုပ်ရပ်လို့ မြင်ကြောင်းလည်း သူကပြောပါတယ်။
စမ်းချောင်းမြို့နယ်မှာ စားသောက်ကုန်လုပ်ငန်း ရောင်းချနေသူတစ်ဦးကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆိုင်ဖွင့်ထားပေမယ့် အရောင်းအဝယ်တွေရပ်ထားမယ်လို့ ဆိုပါတယ်။
“အဲဒီနေ့ လာပြောလို့ရှိရင်လည်း ဒီတိုင်းပဲ ကြည့်ကောင်းအောင် ပြောပြီးတော့ နောက် နေ့ကျမှ သူ့ဟာနဲ့သူ ဆက်ပို့ပေးတာ တို့ဘာတို့က လုပ်နေကြပေါ့လေ။ ဒီ ၁ ရက်နေ့ ကိုလည်း အဲဒီလိုပဲလုပ်မှာပေါ့။ ခါတိုင်း အစားအသောက်တွေ ဘာတွေ လာဝယ်တဲ့ သူတွေဆိုရင် တတ်နိုင်သမျှ မြန်မြန်ပို့ပေးမယ်။ ဒီနေ့မှာရင် ဒီနေ့ပို့ပေးတယ်။ အဲဒီလို မျိုးနေ့ဆိုရင်တော့ မပို့ပေးတော့ဘူး။ အဲဒီနေ့ကျရင်တော့ အရောင်းအဝယ်ကို ရပ် ထားတယ်။ အတတ်နိုင်ဆုံး ကိုယ်ပါဝင်နိုင်သလောက် ပါဝင်တဲ့သဘောပါ။ အဲဒီ လိုနေ့ဆိုရင် အပြင်လည်း မသွားဘူး။ အိမ်ထဲမှာနေတာများတယ်”
နွေဦးတော်လှန်ရေးလှုပ်ရှားမှု ဦးဆောင်သူတွေကတော့ လာမယ့် ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ “ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်၊ ညနေ ၄ နာရီမှာ လက်ခုတ်တီးအသံထွက် သပိတ်တွေ ပြုလုပ်ကြဖို့ ပြည်သူတွေကို ဆော်သြထားတာပါ။
စစ်ကောင်စီကတော့ ဒီလိုသပိတ်တွေမှာ ပါမယ်ဆိုရင် နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နိုင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု - ၁၂၄ (က)၊ ဆူပူအောင်လှုံ့ဆော်မှု- ၅၀၅ (က) နဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ - ၃၃(က) တို့နဲ့ အရေးယူမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာလည်း ရန်ကုန်၊ မန္တလေးနဲ့ ပြင်ဦးလွင်မြို့ တွေက ဖေ့စ်ဘွတ်လူမှုကွန်ရက် ၁၂ ခုမှာ ရေးသားဖြန့်ဝေမှုနဲ့ သက်ဆိုင်သူတွေကို အမှုဖွင့်အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။
ဒီလုပ်ရပ်တွေဟာ စစ်ကောင်စီက ပြည်သူတွေရဲ့ညီညွတ်မှုကို ကြောက်နေတယ်ဆိုတာ ပေါ်လွင်နေတယ်လို့ တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
“စစ်ကောင်စီကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကိုယ်ဆိုင်ကိုဖွင့်တဲ့ကိစ္စကိုတောင် ပုဒ်မကြီး၊ ပုဒ်မငယ်တွေနဲ့ နှစ်ပေါင်းများစွာ ထောင်ဒဏ်ချနိုင်တဲ့ပုဒ်မတွေနဲ့ နိုင်ငံတော်ကို အကြည် ညိုပျက်အောင် လှုံ့ဆော်တယ်ဆိုတဲ့ ပုဒ်မတွေနဲ့ပါ သွားလုပ်တယ်။ ကျနော်ထင်တယ်။ ဒီဘက်ခေတ်၊ ဒီဘက်ကာလမှာ ပြည်သူတွေကို ကိုယ့်ဆိုင်ကိုပိတ်လို့ ချိတ်ပိတ်ခံရတာ တရားစွဲခံရတာ မြန်မာနိုင်ငံပဲရှိမယ်ထင်တယ်။ ဒါက ဘာကိုပြနေလဲဆိုရင် စစ်ကောင်စီ က မြေပြင်မှာ ပြည်သူတွေကို အုပ်ချုပ်လို့ရမနေဘူး။ ထိန်းချုပ်လို့ရမနေဘူး။ သူတို့ဟာ ပြည်သူတွေကို အုပ်ချုပ်နိုင်ဖို့ ထိန်းချုပ်နိုင်ဖို့အတွက်ကို ဥပဒေပုဒ်မတွေ၊ သေနတ်တွေ ဒါတွေ သုံးပြီးတော့မှ သွားနေရတယ်ဆိုတာ ပေါ်လွင်တယ်”
ပြည်သူတွေအနေနဲ့ ဆိုင်ဖွင့်တာ၊ ဆိုင်ပိတ်တာဟာ သူတို့အခွင့်အရေးဖြစ်ပြီးတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အဲဒီနေ့မှာ ဆိုင်တွေပိတ်ဖို့ တိုက်တွန်း ထားပေးမယ့် မပိတ်ရင် ဘာလုပ်မယ်ဆိုတာမျိုး မရှိဘူးလို့ ကိုနန်းလင်းက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အသံတိတ်သပိတ် (Silent Strike) ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှာ တစ်ကြိမ်၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိ ပြုလုပ်ခဲ့ဖူးပြီး နှစ်ကြိမ်စလုံးမှာ ပြည်သူတွေက လမ်းပေါ်မထွက်ဘဲ ငြိမ်သက်စွာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပါတယ်။