စစ်ကြောရေးမှာ သေဆုံးသူ အယောက် ၃၀ ရှိလာ

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021.07.08

စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာက အသက် (၄၄) နှစ်အရွယ် NLD ပါတီရပ်ကျေး ဥက္ကဋ္ဌ ကိုစိုးစံ နဲ့ ပဲခူးတိုင်း၊ ရွှေတောင်မြို့က အသက် (၂၂) နှစ်အရွယ် ကိုအောင်အောင်လွင် တို့ သေဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရပ်ကွက်ထဲမှာ ဆဲရေးတိုင်းထွာလို့ဆိုပြီး အသက် ၂၂ အရွယ် ကိုအောင်အောင်လွင် ကို ဇွန်လ ၂၈ ရက်နေ့မှာ ရဲနဲ့ စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ပြီး၊ သုံးရက်အကြာ ဇူလိုင် ၁ ရက်နေ့မှာတော့ သူ သေဆုံးသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က မိသားစုကို အကြောင်းကြားခဲ့ပါတယ်။

အချုပ်ထဲမှာ အစာအိမ်အချဉ်ပေါက်ပြီး သေဆုံးတာလို့ ရဲတပ်ဖွဲ့က အကြောင်းပြခဲ့ပေမယ့် ရုပ်အလောင်း ကိုတော့ မိသားစုထံ ပြန်မပေးခဲ့ပါဘူး။

ကိုအောင်အောင်လွင်ကို ရွှေတောင်သင်္ချိုင်းမှာ မိးသင်္ဂြိုဟ်နေပြီ လာကြည့်လို့ ရဲက အကြောင်းကြားတဲ့အတွက် ချက်ချင်းလိုက်သွားတဲ့အခါ အလောင်းကိုမမြင်ရဘဲ မီးသင်္ဂြိုဟ်စက်က ထွက်လာတဲ့ မီးခိုးတွေကိုသာ မြင်ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"မင်းအောင်လှိုင်ကို ဆဲထားတာကို ဒလန်က ဗွီဒီယိုရိုက်ထားပြီး သွားတိုင်တယ်။ ညကျ လာဖမ်းတယ်။ မိသားစုက တောင်းပန်ကြပါတယ်။ သူ့ကို ဂုတ်ကနေ ဆွဲပြီး ဖမ်းသွားတယ်။ လမ်းမှာ ရိုက်နှက်သွားတယ် လို့ မြင်တဲ့သူတွေက ပြောပါတယ်။ နောက်ရက် စခန်းကိုသွားပြီး မုန့်တွေပို့တယ်။ ပြန်လွတ်ဖို့ ငွေပေးရမယ် ဆိုလို့ ပေးမယ်လို့ ပြောပါတယ်။ နေ့စဉ်ထမင်းတွေ သွားပို့တယ်။ လွတ်တော့မယ် ကြားထားပြီး နောက်ရက်မှာ ဆုံးသွားတယ်လို့ ပြောပါတယ်။ မနက် ၄ နာရီက အစာအိမ်အချဉ်ပေါက်ဆုံးတယ်တဲ့၊ ညနေ သုံးနာရီမှာ အိမ်လာခေါ်လို့ အဖေတို့ အမေတို့က လိုက်သွားကြတယ်။ အလောင်းပြန်မပေးသလို ကြည့်ခွင့် လည်း မရခဲ့ဘူး။ သုသာန်မှာမီးရှို့နေပြီ ကြည့်ဆိုလို့ မီးခိုးတွေပဲ မြင်ခဲ့ရတယ်။"

ကိုအောင်အောင်လွင် ပြန်လွတ်ရေးအတွက် ငွေပေးရမယ်လို့ ရွှေတောင်ရဲစခန်းက ပြောတာကြောင့် မိဘတွေ က ငွေပေးရွေးဖို့ ပြင်ဆင်နေတုန်းမှာဘဲ သေသွားပြီဆိုပြီး ရုတ်တရက် အကြောင်းကြားလာတာ လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသွားပြီး တစ်ရက်အကြာမှာပဲ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ နောက်တစ်ဦးကတော့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ရပ်ကျေးဥက္ကဋ္ဌ ကိုစိုးစံ အသက် (၄၄) နှစ် ဖြစ်ပါတယ်။

soesan-wundwin.jpg
(စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့ ဝမ်းတွင်းမြို့နယ်၊ တဲစုရွာက NLD ပါတီရပ်ကျေးဥက္ကဋ္ဌ ကိုစိုးစံ ) Photo: CJ

စစ်သားတွေဟာ တဲစုရွာက ကိုစိုးစံရဲ့ နေအိမ်ကို ဇူလိုင် ၂၈ ရက်နေ့မှာ လာရောက် ရှာဖွေခဲ့ပေမယ့် ကိုစိုးစံ ကို တွေ့မသွားခဲ့ပါဘူး။ နောက်တစ်ရက် ဇူလိုင် ၂၉ ရက်နေ့မှာတော့ ကိုစိုးစံ ဟာ သူကိုယ်တိုင်အပြစ် လုပ်ထားတာ ဘာမှမရှိတဲ့အတွက် သွားရောက်ဖြေရှင်းမယ်ဆိုပြီး အဖော်တစ်ယောက်ခေါ်ပြီး တဲစုရဲစခန်းကို ကိုယ်တိုင် သွားတွေ့ချိန် အဖမ်းခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝမ်းတွင်းမြို့ဒေသခံတွေ က RFA ကို ပြောပါတယ်။

ကိုစိုးစံနဲ့ အတူ အဖော်အဖြစ်ပါလာသူ ကိုဇော်လင်း ကိုပါ တဲစုရဲစခန်းက ဖမ်းဆီးထားလိုက်ပြီး NLD ပါတီဝင်ဖြစ်တဲ့ ကိုစိုးစံ ကိုတော့ စစ်သားတွေ တပ်စွဲထားတဲ့ တဲစုကျေးရွာ တိုက်နယ်ဆေးရုံကို ခေါ်သွားခဲ့ ပါတယ်။ နောက်တစ်ရက် ဇွန်လ ၃၀ ရက် မနက်ပိုင်းမှာတော့ ကိုစိုးစံ သေဆုံးသွားပြီဖြစ်ကြောင်း ရဲစခန်းက မိသားစုကို အကြောင်းကြားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူ ဝမ်းတွင်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

ကိုစိုးစံ ဘာကြောင့် သေဆုံးတယ်ဆိုတာကို မိသားစုက အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုစိုးစံ မိသားစုနဲ့ နီးစပ်သူတစ်ဦးက

“မေးစရာရှိတယ်ဆိုပြီးလာတော့ ကိုစိုးစံက သွားလိုက်တာမှာ ဖမ်းခံရပြီး နောက်ရက် အောက်စီဂျင်ဘူးနဲ့ မိတ္ထီလာ ဆေးရုံကို ခေါ်သွားတယ်လို့ မြင်တဲ့သူတွေက ပြောပါတယ်။ မနက် ၁၀ နာရီလောက်ကျတော့ ဆုံးသွားပြီလို့ သိကြရတာပဲ။ ဘာကြောင့် ဆုံးတယ်ဆိုတာလည်း မသိရပါဘူး။ အလောင်းလည်း ပြန်မရဘူး။ ဝမ်းတွင်းသုသာန်မှာ သင်္ဂြိုဟ်မယ်ဆိုလို့ မိသားစုတွေ လိုက်သွားတယ်။ မျက်နှာတစ်ခုပဲ ဖော်ထားတယ်။ ကျန်တာတွေ ပလက်စတစ်နဲ့ ထုပ်ထားတယ်။ မိသားစုက မှတ်တောင်မမှတ်မိဘူး။ ဓာတ်ပုံရိုက်ခွင့်လည်း မပေးဘူး၊ ကြည့်ခွင့်ပဲ ရတယ်။” လို့ RFA ကို ပြောပါတယ်။

ကိုစိုးစံ သေဆုံးပြီး နောက်ရက်မှာ ဝမ်းတွင်းရဲစခန်းကို အဖော်အဖြစ်လိုက်ပါသွားတဲ့ ကိုဇော်လင်း ကို ရဲစခန်းက ပြန်လွှတ်ပေးလိုက်ပေမယ့် ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး တစ်ရွာလုံးက ကြောက်ရွံ့နေကြတယ် လို့လည်း အဲဒီ ဒေသခံက ပြောပါတယ်။

"လူတစ်ယောက်ကို သေဆုံးတဲ့အထိ နှိပ်စက်တာဖြစ်တယ်"

ဘယ်သူပဲသတ်သတ် စစ်ကြောရေးမှာသေရင် လူသတ်မှုဖြစ်တယ်၊ ဥပဒေအရ တရားစွဲလို့ရသလို လျော်ကြေးလည်း တောင်းခွင့်ရှိတယ်လို့ ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့် က ပြောပါတယ်။

“အဓိကကတော့ သူတို့လက်ထဲမှာသေရင် လူသတ်မှုပဲလေ။ လူသတ်မှုနဲ့ ဖွင့်ရမယ် အမှုက။ လူသတ်မှုပဲ။ အဲဒီ လူသတ်မှုမြောက်ပြီ အပြစ်ပေးပြီဆိုရင် လျော်ကြေးကတော့ သူတောင်းရမယ်နော်။ တချို့ ကျတော့လည်း တစ်စုံတစ်ရာ အပြစ်ပေးပြီးမှ လူသတ်မှုမြောက်မှ တောင်းရမ်းတာ ရှိတယ်။ နောက်တစ်ခု က လူသတ်မှုလည်းဖွင့်၊ လျော်ကြေးနဲ့ တရားမကြောင်းလည်းဖွင့်၊ ဒီလိုလည်း လုပ်လို့ရတယ်။ အဲဒီဟာတွေ ကို ဥပဒေအရ လုပ်ခွင့်ရှိတယ်။ သို့သော်လည်း နိုင်ငံတော်အစိုးရနဲ့ ပြိုင်ဖြစ်ရတဲ့အခါကျတော့ ကျနော်တို့ ဘက်က ၁၀% ပဲ အလားအလာရှိတယ်။ သူတို့ဘက်ကတော့ ၉၀% ရဲရယ်၊ ဥပဒေရယ်၊ တရားသူကြီးရယ်က ယူထားတယ်ပေါ့ဗျာ။ မြန်မာပြည် အခြေအနေက အဲလိုဖြစ်နေတယ်"

သေဆုံးတဲ့အထိ နှိပ်စက် ညှဉ်းပန်းနှိပ်စက်ရုံမက သေဆုံးတဲ့အကြောင်းရင်းကိုတောင် အမှန်အတိုင်း မပြောတာဟာ လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တဲ့ ဆိုးရွားလွန်းတဲ့ ကိစ္စ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။

"အခုလို နှိပ်စက်မှုမျိုးက သာမန်မဟုတ်ဘဲနဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးမှု Torture to Death ဖြစ်တယ်။ ဒါကတော့ လူတစ်ယောက်ကို သေဆုံးတဲ့အထိ နှိပ်စက်တာဖြစ်တယ်။ သာမန် နှိပ်စက်မှုမျိုးကို တောင် ဘယ်လိုမှ လက်ခံလို့မရဘူးဆိုတာကို ကမ္ဘာက သတ်မှတ်ထားတာ ရှိပါတယ်။ နောက်တစ်ခုက နှိပ်စက်ညှဉ်းပန်းမှုတွေကို ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် တားဆီးရမယ်ဆိုတဲ့ Convention against Torture ဆိုတာလည်း ရှိထားပြီး သားပါ။ နောက်တစ်ခုက သေတဲ့အထိ နှိပ်စက်ညှဉ်းပန်းခံရရုံမကဘဲနဲ့ အမှန်တရားပေါ့နော်၊ ဘာ့ကြောင့် သေဆုံးသလဲဆိုတဲ့ အချက်ကို အမှန်အတိုင်း မပြောဘူး။ မိသားစုက လည်း ခံစားချက်ကောင်းမှာ မဟုတ်ဘူး။ သေဆုံးသွားတဲ့သူကလည်း သူသေဆုံးခဲ့တဲ့ အကြောင်းရင်းကို တောင် အမှန်အတိုင်း ဖော်ထုတ်ပိုင်ခွင့်မရှိတဲ့ အခြေ အနေ။ Right to Life ဆိုတဲ့ အသက်ရှင်သန်ခွင့်ကို ထိခိုက်ရုံမကဘဲနဲ့ သေဆုံးတဲ့နေရာမှာ ဂုဏ်သိက္ခာရှိရှိနဲ့ မသေဆုံးရတဲ့ကိစ္စ။ ဒါကပိုပြီးတော့ ဆိုးရွားတဲ့ အခြေအနေပါ"

ဒီလို တရားလက်လွတ် သတ်ဖြတ်မှုတွေကို NUG လူ့အခွင့်ရေးဌာနက စနစ်တကျစုဆောင်းနေပြီး အပြစ်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ အရေးယူ အပြစ်ပေးနိုင်အောင် စီစဉ်နေတယ်လို့လည်း ဦးအောင်မျိုးမင်း က ပြောသွားပါတယ်။

RFA က သီခြားကောက်ယူထားတဲ့ စာရင်းတွေအရ၊ ရဲနဲ့စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် စစ်ကြောရေးမှာ သေဆုံးခဲ့သူတွေကတော့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စု-အသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ခံ ကိုဇော်မြတ်လင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD အဖွဲ့ဝင် ကိုကျော်ကျော် ခေါ် ကိုအဂ္ဂမိုးညို၊ မုံရွာမြို့က ကဗျာဆရာ ကိုခက်သီ၊ စစ်ကိုင်းတိုင်း ကလေးမြို့က သံသယနဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ သာမန်အရပ်သား ကိုမင်းမင်း၊ မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာသား တွေဖြစ်တဲ့ ကိုချစ်ကိုနဲ့ ဦးစိန်ဝင်း၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ကိုသက်ထူးပိုင် ခေါ် အလီ၊ ပဲခူးတိုင်း ပြည်မြို့က ကိုစိုးမင်း၊ မုံရွာမြို့က ကိုအောင်ဇော်မျိုး ခေါ် ကိုအငယ်လေး၊ အခုနောက်ဆုံး သတင်း ရရှိတဲ့ ပဲခူးတိုင်း ရွှေတောင်မြို့က ကိုအောင်အောင်လွင်၊ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် တဲစုရွာ NLD ဥက္ကဋ္ဌ ကိုစိုးစံ အပါအဝင် စုစုပေါင်း အယောက် ၃၀ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။