အသံတိတ်သပိတ်မှာပါရင် အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မယ့် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်း အာဏာဖီဆန်ရေးလှုပ်ရှားမှု အသံတိတ်သပိတ်ပြုလုပ်ဖို့ ပြည်သူတွေပြင်ဆင် နေချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီက အဲဒီလှုပ်ရှားမှုတွေမှာပါဝင်ရင် အရေးယူမှာဖြစ် ကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
ဒါဟာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေအပေါ် ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ ရန်ကုန်၊ မန္တလေး မြို့ခံတွေနဲ့ ရှေ့နေတွေက တုံ့ပြန်ကြပါတယ်။
စစ်ကောင်စီ ကြေညာချက်ထဲမှာ အသံတိတ်သပိတ်ပြုလုပ်ဖို့ လက်ခုပ်တီးတာ၊ သံပုံး တီးတာ၊ ကားဟွန်းတီးတာတွေလုပ်ရင် ထောင်ဒဏ်ခုနစ်နှစ်အထိ အမြင့်ဆုံးချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂(က)၊ ထောင်ဒဏ်တစ်သက်အထိချနိုင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၄ -က၊ ထောင်ဒဏ် နှစ်နှစ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မ ၅၀၅(က)၊ အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိချနိုင်တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃ (က) အပြင် တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူခံရမယ်လို့ ပါရှိပါတယ်။
အမှုနဲ့သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေပါ သိမ်းဆည်း ခံရနိုင်ပြီး အမှုထင်ရှားရင် နိုင်ငံဘဏ္ဍာအဖြစ်ပါ သိမ်းဆည်းခံရနိုင်တယ်လို့လည်း ဆို ပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်တဲ့ ရှေ့နေတစ်ဦးကတော့ အပြင်မထွက်ဘဲ အိမ်မှာနေသူတိုင်းကို အရေးယူလို့မရဘူးလို့ ပြောပါတယ်။
“ဥပဒေအရတော့ Do and Don’t ပေါ့။ ပြုလုပ်မှုတစ်ခုခု Action တစ်ခုခုရှိမှဘဲ အရေး ယူလို့ရပါတယ်။ Silent Strike ဆိုတော့ ဘယ်သူက Silent Strike လုပ်တာလဲ။ ဘယ် သူက သူ့အိမ်ထဲသူနေတာလဲဆိုတာ ဥပဒေအရ ဘာနဲ့ခွဲခြားကြမလဲ။ မိသားစုတစ်စုက Silent Strike မှာ ပါဝင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ပတ်ဝန်းကျင်လှုံဆော်မှု အရ အပြင်မထွက်ဘဲ သူ့အိမ်ထဲနေတာလည်း ဖြစ်မယ်။ တချို့ကျတော့လည်း ကိုယ် အပြင်ထွက်သွားရင် အများက မုန်းတီး၊ အကြည်ညိုပျက်မှာ အဖြစ်မခံလို့ သူ့အိမ်ထဲမှာ သူနေတာလည်း ဖြစ်ကောင်းဖြစ်မယ်”
စစ်ကောင်စီကြေညာထားတဲ့ ဥပဒေပုဒ်မလေးမျိုးလုံးဟာ ကိုယ့်အိမ်ထဲကိုယ်နေပြီး အပြင်မထွက်သူတွေကို အရေးယူလို့ရတဲ့ပုဒ်မတွေ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုလင်းထက်အောင် ကလည်း စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက ပြည်သူတွေ အသံတိတ်သပိတ်မှာ ပါဝင်မှာကို ကြောက်နေပုံရပေမယ့် သူ့အနေနဲ့ နောက် ဆုတ်သွားမှာမဟုတ်ဘဲ ဒီလှုပ်ရှားမှုမှာ ပါဝင်သွားမယ်လို့ ပြောပါတယ်။
"စစ်ကောင်စီကို ပိုပြီးရွံ့ရှာ၊ စက်ဆုပ်၊ မုန်းတီးပြီးတော့ တော်လှန်နေမှာပဲလို့ လူထုကို ယုံကြည်နေပါတယ်"
“ပြည်သူတွေအားလုံးပါဝင်မှာကို သူတို့ကတော့ ကြောက်နေတယ်။ ပြီးခဲ့တဲ့ အသံ တိတ်သပိတ်မှာဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ခဲ့ကြတယ်။ သူတို့ကတော့ မထွက်တဲ့ဆိုင်တွေဆိုရင် ဖျက်လိုဖျက်ဆီးလုပ်ပစ်တယ်။ နောက်နေ့တွေမှာ စျေး သည်တွေ မထွက်ရအောင်လုပ်တယ်။ ပြည်သူတစ်ရပ်လုံးပါဝင်လာမှာကို သူတို့က ကြောက်နေကြတာပေါ့နော်။ သူတို့က ဘယ်လိုထုတ်ပြန်ချက်တွေပဲထုတ်ထုတ် ပြည်သူတွေက ဒီအသံတိတ်သပိတ်မှာ ပါဝင်ကြမယ်လို့ ယုံကြည်တယ်။ ကျွန်တော် တို့ကအစပေါ့ အဲဒီနေ့မှာ အပြင်မထွက်ဘဲ ပါဝင်သွားမယ်”
မန္တလေးမြို့ အ.လ.က (၁၂) အခြေခံပညာကျောင်းသားများသမဂ္ဂက ကိုဝေယံကတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကြေညာချက်ဟာ ပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေ ကို ချိုးဖောက်လိုက်တာလို့ ပြောပါတယ်။
“ကျွန်တော့်အနေနဲ့ ပြောရမယ်ဆို ဒါလူ့အခွင့်အရေးချိုးဖောက်တာပဲ။ လူသား တစ်ယောက်အနေနဲ့ လွတ်လပ်ပိုင်ခွင့်ရှိတယ်။ ငြိမ်ချင်ငြိမ်မယ်၊ ဆိုင်ဖွင့်ချင်ဖွင့်မယ်၊ ပိတ်ချင်ပိတ်မယ်။ အဲဒီလို သူတို့အနေနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတာပေါ့နော်။ သူချိုးဖောက်တာကလည်း အကြိမ်ရေများစွာရှိနေပြီ။ စစ်ကောင်စီအနေနဲ့ကတော့ ဘယ်လိုပဲနေနေ ရတဲ့နည်းနဲ့ ယုတ်မာရက်စက်နေမှာပါပဲ”
စစ်ကောင်စီရဲ့ ကြေညာချက်ဟာ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို ချိုးဖောက်ရာ ကျမနေဘူးလားလို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ သူက အခုလို တုံ့ပြန်ပါတယ်။
“ပြည်သူ့ဘဝသာယာရေး၊ လုံခြုံရေးကို မထိခိုက်ရင် မိမိရဲ့ အခြေခံရပိုင်ခွင့်တွေကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဌာန်းပြီးဖြစ်တယ်။ သို့သော် ပြည်သူလူထုရဲ့ လုံခြုံရေးကို ထိခိုက်ရင်၊ ပြည်သူ့ဘဝသာယာအေးချမ်းရေးကို ထိခိုက်တယ် ဆိုလို့ရှိရင်တော့ အဲဒါ အခြေခံရပိုင်ခွင့် မဟုတ်တော့ဘူး။ ဒါတွေက ဖန်တီးယူတာမျိုးပဲဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ရည်ရွယ်ပြီးဆောင်ရွက်နေတာကလည်း နေ့စဉ်ပုံမှန်ရောင်းဝယ်ဖောက်ကား ပြီး ဆောင်ရွက်နေတာတွေကို ပျက်စီးအောင်ပေါ့၊ လူမှုစီးပွားဘဝနဲ့ ပတ်သက် ပြီးတော့ ချို့ယွင်းမှုရှိအောင် လုပ်ဆောင်တာတွေဟာ လူရဲ့အခြေခံရပိုင်ခွင့် မဟုတ်တော့ဘူး။ ဒါတွေက အတင်းအကျပ် ဖန်တီးရယူခြင်းပဲဖြစ်တယ်။ ဒါကြောင့် လူတွေရဲ့ အခြေခံ ရပိုင်ခွင့် ချိုးဖောက်တာတွေကို ကျနော်တို့က ကာကွယ်ပေးနေတာပဲဖြစ်ပါတယ်”
မန္တလေး သပိတ်အင်အားစုက ကိုသူရအောင်ကတော့ စစ်ကောင်စီရဲ့ ကြေညာချက်ဟာ ခြိမ်းခြောက်မှုဖြစ်ပြီး ပြည်သူလူထုကတော့ ကြောက်ရွံ့သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“အဓိကကတော့ လူထုက ကြောက်ဖို့ထက် ပါးနပ်မှုနဲ့ အနိုင်ယူဖို့ ဒီကနေ တိုက်တွန်း လိုက်ပါရစေ။ ကြောက်သွားမယ်လို့တော့ မထင်ပါဘူးခင်ဗျ။ တစ်နှစ်တောင် ပြည့် တော့မယ် လူထုက အမှန်တရားပေါ် ဓမ္မပေါ် ပြတ်ပြတ်သားသားရပ်တည်နေတာ တွေ့နိုင်တာပဲ။ စစ်ကောင်စီကို ပိုပြီးရွံ့ရှာ၊ စက်ဆုပ်၊ မုန်းတီးပြီးတော့ တော်လှန်နေ မှာပဲလို့ လူထုကို ယုံကြည်နေပါတယ်“
ပြီးခဲ့တဲ့နှစ် မတ်လ ၂၄ ရက်နေ့က စစ်ကောင်စီကို မလိုလားကြောင်း၊ အုပ်ချုပ်မရနိုင် ကြောင်းပြသဖို့ နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်ပြုလုပ်ခဲ့ကြသလို ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကလည်း နိုင်ငံတစ်ဝန်းမှာ အသံတိတ်သပိတ်လုပ် ခဲ့ကြပါတယ်။
ဈေးဆိုင်တွေ၊ ရုံးခန်းတွေ ပိတ်ခဲ့ကြတာကြောင့် မြို့ကြီးတွေမှာဆို လူအသွားအလာ မရှိသလောက် ဖြစ်ခဲ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲဒီနေ့မတိုင်ခင်က ပြည်သူတွေအနေနဲ့ ပုံမှန်အတိုင်းသွားလာဖို့ ရပ်ကွက်တွေ၊ မြို့နယ်တွေမှာ လိုက်ကြေညာခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ စောင့်ကြည့် လေ့လာသူတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီကစလို့ ပြည်သူလူထုက စစ်အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်နေပြီး အသံတိတ်သပိတ်၊ လူမဲ့သပိတ်၊ ဈေးသပိတ်၊ အမှိုက်ကောက်သပိတ်၊ ပြောက်ကျားသပိတ်၊ ညသပိတ် စတဲ့ သပိတ်မျိုးစုံလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။