စစ်ကောင်စီက အမျိုးသမီးတွေကို နှိပ်စက်မှုအပေါ် အရေးယူနိုင်ရေး
2021.04.30
ကမ္ဘာတဝှမ်းမှာ ဘာသာရေးနဲ့ လူမှုရေးအရ ကာလရှည်ကြာ ခွဲခြားဆက်ဆံခံနေရတဲ့ အမျိုးသမီးတွေဟာ အခုတော့ ကမ္ဘာ့နိုင်ငံ အများအပြားမှာ တန်းတူညီတူအခွင့်အရေးတွေ ရရှိနေကြပါပြီ။ ဒီလိုအခြေအနေမျိုးမှာ ဒီမိုကရေစီအစိုးရတွေ လက်ထက် အသိအမှတ်ပြုအခွင့်အရေးတွေ ပိုမိုရရှိလာခဲ့တဲ့ မြန်မာအမျိုးသမီးတွေကတော့ လတ်တလောစ စ်အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး အခြေအနေကို ပြန်ရောက်သွားခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိအာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ မြန်မာနိုင်ငံသားအားလုံး လူမဆန်ရက်စက်စွာ ချေမှုန်းခံနေရတဲ့ထဲ အမျိုးသမီးတွေက စော်ကားမှုမျိုးစုံကို ပိုပြီး ကြုံတွေ့ခံစားနေရတာပါ။
လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်ကောင်စီဟာ အမျိုးသမီးငယ်တွေကို အကြမ်းဖက်နှိပ်စက်ရုံမက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကျူးလွန်နေတယ်ဆိုတာ ရွှေပြည်သာစစ်ကြောရေးမှာ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးငယ်တဦး ရဲ့ ပြောပြချက်က သက်သေပြနေပါတယ်။ ရွှေပြည်သာစစ်ကြောရေးမှာ သူ့လိုပဲ ဖမ်းဆီးခံရတဲ့အမျိုးသမီးတချို့ ရက်ရက်စက်စက်နှိပ်စက်ခံရတာတွေကိုလဲ သူက ပြောပြပါတယ်။
စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်တဲ့သူတွေကို ဖမ်းဆီးရမိတယ်ဆိုပြီး ဧပြီလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ရာမှာ အဲဒီဖမ်းဆီးခံရသူတွေဟာ မတရား ညှင်းပန်းနှိပ်စက်ခံထားရတာကို သတင်းဓါတ်ပုံတွေမှာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၂၄ ရက်ညကလည်း မရမ်းကုန်းမြို့နယ် မြို့သစ် ၄ လမ်းမှာ သံပုံးတီးလို့ ဆိုပြီး မိန်းကလေး နှစ်ယောက် ကို ဖမ်းဆီးပြီး လမ်းပေါ်မှာ သံပုံးတီး ကခိုင်းကာ ရဲတွေက လှောင်ပြောင် ရယ်မောနေခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် လူထုဆန္ဒပြပွဲတွေ တနိုင်ငံလုံးအနှံ့ပေါ်ပေါက်လာခဲ့ရာမှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွဲမှုတွေ လုပ်လာခဲ့ပြီး အမျိုးသမီးတွေကိုလည်း မညှာမတာပြုမူ ဆက်ဆံလာခဲ့တာ တွေ့ရပါတယ်။ အမျိုးသမီးတွေကို တရွတ်တိုက်ဆွဲသွားတာ၊ သေနတ်နဲ့ပစ်တာ၊ ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ်တဲ့ ဗီဒီယိုတွေ ရုပ်ပုံတွေလည်း လူမှုကွန်ရက်တွေ သတင်းမီဒီယာတွေမှာ မှတ်တမ်းဖြစ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေပြည်တော်မှာ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ဦးခေါင်းသေနတ်ထိမှန်ပြီး သေဆုံးခဲ့တာ၊ မတ်လ ၃ ရက်နေ့က မန္တလေးက မကြယ်စင်လင်း စနိုက်ပါနဲ့ပစ်ခံရတာ အပြင် မန္တလေးက အသက် ၃၉ နှစ်အရွယ် မမာလာဝင်း သေနတ်ပစ်ခံရပြီး ဒဏ်ရာတွေ နဲ့ ဖမ်းခံခဲ့ရပြီးနောက်နေ့မှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာအပြည့်နဲ့ အလောင်းကို မိသားစုကို ပြန်ပေးခဲ့တာ စတဲ့ဖြစ်ရပ်တွေအပါအဝင် အမျိုးသမီးတွေကို သက်ညှာမှုမရှိ အကြမ်းဖက်သတ်ဖြတ်တာတွေ ပြုလုပ်လာခဲ့ပါတယ်။
အမျိုးသမီးတွေ အခုလို အကြမ်းဖက်နှိပ်စက်တာတွေကို လုံးဝလက်ခံနိုင်စရာမရှိသလို ဒါဟာ ဥပဒေနဲ့ မညီဘူးလို့ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ ရှေ့နေတဦးက ပြောပါတယ်။
စစ်ကောင်စီက အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတင်မက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ လုပ်ဆောင်တာကို လူ့အခွင့်အရေးလှုပ်ရှားသူတွေ နဲ့ အမျိုးသမီး အဖွဲ့အစည်းတွေကလည်း ကန့်ကွက်နေကြတာပါ။ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းက အမျိုးသမီးတွေအပေါ် လူသားမဆန် ရက်စက်ကြမ်းကြုတ်စွာ ပြုမူနေတဲ့ စစ်ကောင်စီကို အဆုံးသတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် WLB ရဲ့ အထွေထွေအတွင်းရေးမှုး နော်ဆဲဆဲကလည်း အမျိုးသမီးတွေ အပါအဝင် မြန်မာပြည်သူလူထုရဲ့ ဘဝတွေ နောက်ထပ်အကြမ်းဖက်မှုက လွတ်ကင်းအောင် ဒီ စစ်အာဏာရှင်အုပ်စုကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ အရေးယူနိုင်ရေးအတွက် အလျင်အမြန်ဆောင်ရွက်ဖို့ လိုနေပြီလို့ ပြောပါတယ်။
မြန်မာပြည်မှာ အမျိုးသမီးတွေ ခုလို ဘယ်ကာလအထိ ဆက်လက် ညှင်းပန်းနှိပ်စက်ခံနေရဦးမယ် ဆိုတာကိုတော့ ဘယ်သူမှမသိနိုင်သေးပါဘူး။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဆန္ဒပြမှုတွေကြောင့် အခုအချိန်အထိ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၆၄၂ ဦး ရှိနေပြီး အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ၃၂ ဦး ရှိနေပါပြီ။