သတင်းမီဒီယာတွေကို ပိုဖိနှိပ်ဖို့ စစ်ကောင်စီ ပြင်ဆင်

2021.11.05
သတင်းမီဒီယာတွေကို ပိုဖိနှိပ်ဖို့ စစ်ကောင်စီ ပြင်ဆင် မြန်မာ့ရုပ်မြင်သံကြား ကြည့်ရှုနေသူတွေကို တွေ့ရစဥ်
AFP Photo

အာဏာသိမ်းမှု ၉ လပြည့်တဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရုပ်မြင်သံကြားနဲ့ အသံထုတ်လွင့်ခြင်းဆိုင်ရာ ဥပဒေကို နှစ်ရှည်ထောင်ဒဏ်တွေ ထည့်သွင်းပြင်ဆင်လိုက် ပါတယ်။

အာဏာသိမ်းပြီးကတည်းက သတင်းမီဒီယာတွေကို ဖမ်းဆီးနှိပ်ကွပ်တဲ့နေရာမှာ တပ်မတော်အကြည်ညို ပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှုစတဲ့ ပုဒ်မတွေနဲ့ အများဆုံးတရားစွဲဆိုခဲ့ပေမယ့် အခုတော့ ရုပ်မြင် သံကြားနဲ့ အသံထုတ်လွင့်ခြင်းဆိုင်ရာ ဥပဒေနဲ့ပါ အရေးယူဖို့ပြင်ဆင်လာတာလို့ သတင်းစာဆရာ ဦးမြင့်ကျော် က သုံးသပ်ပါတယ်။

“အရင်က ဒဏ်ငွေပဲရှိတဲ့ပြစ်ဒဏ်က အခု ထောင်ဒဏ်ပြစ်ဒဏ်တွေဖြစ်လာတယ်။ ဒီအွန်လိုင်းပေါ်က ဗီဒီယိုတွေနဲ့ အသံအစီအစဉ်တွေကို အရေးယူမယ်ဆိုရင် အရေးယူလို့ရသွားတဲ့ အနေအထားမျိုးဖြစ်သွား တာပေါ့။ ဒါက အွန်လိုင်မီဒီယာမှာလုပ်နေတဲ့ အထူးသဖြင့် ဗီဒီယိုနဲ့ ရေဒီယိုအသံတွေကို ထပ်ပြီး ထိန်းချုပ် လိုက်တဲ့ ခြိမ်းခြောက်မှုပေါ့”

စစ်ကောင်စီဟာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို ရေးသားထုတ်လွှင့်နေတဲ့ သတင်းမီဒီ ယာတွေအပေါ် ပစ်မှတ်ထားနှိပ်ကွပ်ခဲ့တယ်လို့ ပြည်တွင်းသတင်းထောက်တွေက ပြောပါတယ်။



စစ်တပ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ Myanmar Now၊ Mizzima၊ 7 Day၊ DVB၊The 74 Media၊ Delta News Agency၊ ရန်ကုန်ခေတ်သစ်မီဒီယာ၊ မြစ်ကြီးနား သတင်းဂျာနယ်နဲ့ တာချီလိတ် သတင်းအေဂျင်စီဆိုတဲ့ ပုဂ္ဂလိက သတင်းမီဒီယာ ကိုးခုကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။ အဲဒီထဲက 7 Day နဲ့ မြစ်ကြီးနားသတင်းဂျာနယ်ကလွဲလို့ ကျန်သတင်းဌာနတွေကတော့ စစ်တပ်အမိန့်ကို ဖီဆန်ပြီး ဆက်လက် လုပ်ကိုင်နေကြပါတယ်။

လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံရတဲ့ Delta News Agency ရဲ့ တည်ထောင်သူ ကိုစိုးရကတော့ သူတို့ဟာ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုတာကြောင့် သတင်းဌာနရဲ့ လုပ်ငန်းတွေကို မရပ်တန့်ဘဲ ဆက်လက်လုပ်ကိုင်နေတာလို့ RFA ကို ပြောပါတယ်။

“စစ်တပ်က တရားဝင်အစိုးရကို ဘယ်ဥပဒေနဲ့မှ မညီဘဲ လက်နက်အားကိုးပြီး အာဏာသိမ်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။အဲဒီအဖွဲ့အစည်းက ဖွဲ့စည်းထားတဲ့ ဘယ်အဖွဲ့အစည်းမျိုးမဆို ပြဌာန်းလို့ရတယ် ပြင်ဆင်လို့ရတယ်လို့ ကျွန်တော် မယုံကြည်ဘူး။ လက်မခံဘူး။ အဲဒီအတွက်သူတို့ပေးတဲ့ ဥပဒေတွေ ကိုလည်း ကျွန်တော်တို့လိုက်နာမှာ မဟုတ်ဘူး”

အခုပြင်ဆင်လိုက်တဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွင့်ခြင်းဆိုင်ရာ ဥပဒေကတော့ စစ်တပ်အမိန့်ကို ဖီဆန်ပြီး ဆက်လက်လည်ပတ်နေတဲ့ သတင်းဋ္ဌာနတွေအပြင် စစ်တပ်မကြိုက်တဲ့ သတင်းတွေထုတ်လွင့်တဲ့ လူမှုကွန် ရက်က ဘယ်သတင်းဋ္ဌာနကိုမဆို တရားစွဲဆိုပြီး ကြီးလေးတဲ့ ငွေဒဏ်နဲ့ ထောင်ဒဏ်တွေကို ချမှတ်နိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ သတင်းမီဒီယာဖွံ့ဖြိုးရေးကို ရည်ရွယ်ပြီး ပြဋ္ဌာန်းခဲ့တဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွင့်ခြင်း ဆိုင်ရာ ဥပဒေမှာ အင်တာနက်ကိုအသုံးပြုပြီး ရုပ်မြင်သံကြားနဲ့ အသံထုတ်လွင့်တာတွေကို အကျုံးမဝင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီအချက်ကို ပယ်ဖျက်လိုက်ပြီး “နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ဖြစ်စေ” ဆိုတဲ့ စကားရပ်ကို ဖြည့်စွက်လိုက်တာကြောင့် အင်တာနက်အသုံးပြုပြီး ရုပ်သံထုတ်လွှင့်တာ တွေကိုပါ အကျုံးဝင်လာတယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။

"အွန်လိုင်းပေါ်က ဗီဒီယိုတွေနဲ့ အသံအစီအစဉ်တွေကို အရေးယူမယ်ဆိုရင် အရေးယူလို့ရသွားတဲ့ အနေအထားမျိုးဖြစ်သွားတာပေါ့"

ဒါ့အပြင် အရင်က ငွေဒဏ်သာချမှတ်နိုင်တဲ့ ပုဒ်မတွေကို ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ဒီလိုပြောင်းလဲတာဟာ သတင်းမီဒီယာကို ထိန်းချုပ်ပြီး စစ်တပ်အနေနဲ့ သူ့အပေါ်ဆန့်ကျင်မှုတွေကို လျော့ချဖို့ရည်ရွယ်တာလို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။

“တီဗွီနဲ့ ရုပ်မြင်သံကြားက သတင်းတွေကနေ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ပကတိအတိုင်း ဖော်ပြနိုင်တယ်။ ဖော်ပြနိုင်တော့ တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို နိုင်ငံသားတွေက အချိန်နဲ့တပြေးညီ သိရှိခွင့်ရတယ်။ သိရှိခွင့်ရတော့ နစကကိုဆန့်ကျင်မှုက ပိုများ လာတာပေါ့။ ဒီဆန့်ကျင်မှုတွေကို လျော့ချနိုင်ဖို့ ဖြစ်နိုင်သမျှ သတင်းအမှန်တွေကို အချိန်နဲ့တပြေးညီ ပေးနေတဲ့ သတင်းဌာနတွေ၊ အထူးသဖြင့် ရုပ်မြင်သံကြားက ထုတ်လွှင့်နေတဲ့ သတင်းဌာနတွေတားမြစ်ဖို့ ကန့်သတ်ဖို့ ဆောင်ရွက်ရတာပေါ့”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးဆိုတဲ့ အာဏာသုံးရပ်ကို ရယူပြီး ဒီကနေ့ နိုဝင်ဘာ ၅ ရက်အထိ ဥပဒေပေါင်း ၆၃ ခုအထိ ပြင်ဆင်၊ ရေးဆွဲ၊ ပြဋ္ဌာန်းတာတွေလုပ်ခဲ့ ပါတယ်။

အဲဒီအထဲက အခု ရုပ်မြင်သံကြားနဲ့ အသံထုတ်လွင့်ခြင်းဆိုင်ရာ ဥပဒေဟာ နောက်ဆုံးပြင်ဆင်လိုက်တဲ့ဥပဒေ ဖြစ်ပါတယ်။

mdy-media.jpg
(မန္တ​လေး သတင်းမီဒီယာသမား​တွေ ၂၀၂၁ ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြစဥ်)

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ မီဒီယာကို စတုတ္ထမဏ္ဍိုင် အဖြစ် အသိအမှတ်ပြုပေမယ့် တာဝန်ယူမှု တာဝန်ခံမှု နည်းပါးတဲ့အတွက် ထိရောက်မှုရှိဖို့ အခုလိုပြင်ဆင် ပြဋ္ဌာန်းတာလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ရည်ရွယ်တာက တရားဥပဒေဟာ ထိရောက်တဲ့ ကုစားနိုင်မှုပေးရမယ်။ ထိရောက်သော ကုစားနိုင်မှုဆိုတာက နှစ်ဖက်စလုံးအတွက်ပါပါတယ်။ ကျူးလွန်သူအတွက်ရော ကျူးလွန်ခံရသူအတွက် ရော ထိရောက်တဲ့ ကုစားမှုပေးရမှာဖြစ်ပါတယ်။ ထိရောက်တဲ့ ကုစားမှုပေးဖို့ ထိရောက်တဲ့ ပြစ်မှုတွေ ပြစ်ဒဏ်တွေရှိရမှာမို့ ကျွန်တော်တို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်”

Committee to Protect Journalists (CPJ) ရဲ့ အရှေ့တောင်အာရှ အကြီးတန်းကိုယ်စားလှယ် Shawn Crispin ကတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက သိသိသာသာဆိုးရွားလာခဲ့ပြီး စစ်အစိုးရက အမှီအခိုကင်းတဲ့ သတင်းတွေနဲ့ လုပ်ဆောင်ချက်တွေကို တရားမဝင်ဖြစ်အောင်လုပ်နေတယ်လို့ ဝေဖန်ပါတယ်။

“စစ်တပ်ရဲ့ နောက်ဆုံးရည်မှန်းချက်ကတော့ အမှီအခိုကင်းတဲ့ သတင်းတွေအားလုံးကို သတင်းအမှောင် ချဖို့၊ နိုင်ငံပိုင်သတင်းမီဒီယာကို ထိန်းချုပ်ပြီး ဇာတ်ကြောင်းတွေကို ဖုံးဖိ (white wash) ဖို့ပါပဲ” လို့သူက RFA ကို အီးမေးကနေတဆင့် ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်းရရှိခဲ့တဲ့ သတင်းလွတ်လပ်ခွင့်က လအနည်းငယ်အတွင်းမှာပဲ သိသိသာ သာနဲ့ ခါးခါးသီးသီး ပြောင်းပြန်ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်ကစလို့ အမေရိကန်နဲ့ ဂျပန်သတင်းထောက်တွေ အပါအဝင် သတင်းထောက် ၁၀၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၇၁ ဦး ပြန်လည်လွတ်မြောက်လာပေမယ့် ၃၂ ဦးကတော့ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။