မြန်မာလေတပ်သုံးနေတဲ့ MiG-29 အကြောင်းတစေ့တစောင်း
2022.07.09
ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံရဲ့ ခု ၂ဝ၂၂ စစ်ရေးအသုံးစရိတ်က အမေရိကန်ဒေါ်လာ သန်း ၃၁ဝဝ လောက်ရှိမယ်လို့ ၁၉၆ နိုင်ငံက စာရင်းဇယားတွေကိုပြုစုတဲ့ Trading Economics သုတေသနအဖွဲ့က ခန့်မှန်းလိုက်ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးစီမံချက်တွေ ချိတ်ဆက် ဖော်ဆောင်တဲ့ဌာနတွေ၊ အဖွဲ့အစည်းတွေရဲ့ ကုန်ကျစရိတ်တွေကို စစ်စရိတ်အဖြစ် အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလိမိတက်က စစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းကြီးအဖြစ် တည်ရှိနေပြီး နိုင်ငံတစ်ဝန်းက ရှိသမျှ စီးပွားရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်၊ နိုင်ငံ့သယံဇာတတွေ ရောင်းချ ကြွယ်ဝနေပါတယ်။ ဦးပိုင်က စစ်တပ်အတွက်ရော အစုစပ်ပါဝင်တဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်သည်တွေ၊ စစ်ပြန်တွေအတွက် ဝင်ငွေ ဖြည့်ဆည်းပေးနေပါတယ်။
ဒီအတွက် ပြည်တွင်းမှာလည်း လက်နက်စက်ရုံတွေ တည်ထောင်ထားတဲ့ စစ်တပ်ဟာ ပြည်ပကနေ အဆင့်မြင့် လက်နက်တွေကို ဝယ်ယူနိုင်တဲ့ ဓနအင်အားတောင့်တင်းနေတာပါ။
ဒါကြောင့်လည်း ကမ္ဘာမှာ အမေရိကန်ပြီးရင် ပြည်ပကို ဒုတိယမြောက် လက်နက်အများဆုံး တင်ပို့ရောင်းချနေတဲ့ ရုရှားအတွက် မြန်မာစစ်တပ်က ဖောက်သည်ကောင်း ဖြစ်ပါတယ်။
ရုရှားအပြင် တခြားကနေ အမေရိကန်ဒေါ်လာသန်း တထောင်ခွဲဖိုး ဝယ်ယူခဲ့တယ်လို့လည်း ပြောပါတယ်။ ရုရှားလက်နက်အားမကိုးခင်က တရုတ်လက်နက်ပဲ အားကိုးနေရတာမို့ အများစုက တရုတ်နိုင်ငံက ဝယ်ယူတယ်လို့ သုတေသနအဖွဲ့က ခန့်မှန်းပါတယ်။
ရုရှားက မြန်မာစစ်တပ်ကို MiG-29 ဂျက်တိုက်လေယာဉ်တွေ၊ Mi အမျိုးအစား တိုက်ရဟတ်ယာဉ်နဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ၊ Yak-130 တိုက်လေယာဉ်တွေ၊ စက်နှစ်လုံးတပ် Su-30 SME ဘက်စုံသုံး တိုက်လေယာဉ်တွေ၊ သံချပ်ကာ အပေါ့စားကား စတာတွေ တင်ပို့ပါတယ်။
၂ဝ၂၁ စစ်အာဏာမသိမ်းခင်ကတည်းက တိုင်းရင်းသားဒေသတွေကို တိုက်ခိုက်ဖို့ရည်ရွယ်ပြီး လက်နက်တွေ ဝယ်ထားတာလို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။
“အရင်တုန်းက စစ်အာဏာရှင်အဆက်ဆက်က လက်နက်ဝယ်ထားတာတွေက နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ပြင်ဆင်ထားတဲ့ ပုံစံမျိုး၊ တောင်ကုန်းတွေ ဘာတွေဆို လေယာဉ်ပျံတွေနဲ့ ဗုံကြဲမယ်။ ရဟတ်ယာဉ်နဲ့ ပစ်မယ်။”
၂ဝ၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် အရင်ကမရှိဖူးတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာပြီး သူ့ဆန့်ကျင်သူမှန်သမျှ ရတဲ့နည်းနဲ့ နှိမ်နင်းတဲ့အခါ ပြည်မမှာပါ လေကြောင်းက တိုက်ခိုက်ပါတယ်။ ဒါကို ဂျာမနီနိုင်ငံမှာနေထိုင်နေတဲ့ လူ့အခွင့်အရေးလေ့လာသူ Ko Nickey Diamond က
“မြေပြင်မှာ စိုးမိုးမှုမရှိဘူး။ စစ်ကိုင်းဘက်ရော။ မကွေးဘက်ရော၊ ကရင်နီမှာ ကရင်မှာ။ ချင်းမှာရော။ အဲဒီတော့ လေကြောင်းကိုပဲ အားကိုးရတယ်။ ဗုံးကြဲပြီးတော့”
ကရင်ပြည်နယ် မြဝတီမြို့နယ် ဥကရစ်ထ စစ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီက ရုရှားလုပ် MiG-29 တိုက်လေယောဉ်နဲ့ တိုက်ခိုက်တဲ့အကြောင်း CDM လေသူရဲ ဗိုလ်ကြီး ဇေသူအောင်က ပြောပါတယ်။
“MiG-29 ကလာပြီး တိုက်ခိုက်သွားတာပါ။ ဒိုက်ဆင်းပြီး ဗုံးကြဲပြီးတော့မှ တက်သွားတာ။ ဒီ 29 တွေက All Weather ရတယ်။ Weather တွေကြားထဲမှာ တိုက်ခိုက်တဲ့အချိန် အတော်လေးကောင်းတယ်။ နောက်ပြီး Long Range ရတယ်။ အခု သူတို့တွေတက်တာဆိုရင် မှော်ဘီလေတပ်စခန်းဌာနချုပ်က တက်လာတာ ဖြစ်တယ်။ Route တစ်ခုလုံးမှာရှိတဲ့ Weather တွေကိုဖောက်ပြီး လာရတာဖြစ်တယ်။ အဲ့လိုအချိန်မှာ ဒီကောင်တွေကို သုံးတယ်။”
ကရင်ပြည်နယ်မှာ တိုက်ရင်း ထိုင်းလေပြင်ပိုင်နယ်နိမိတ်ကျွံသွားတဲ့ ဒီတိုက်လေယာဉ်ဟာ ရာသီမရွေးသုံးနိုင်ပြီး တာဝေးမောင်းနိုင်ပါတယ်။ တပတ်ရစ် MIG-29 တစင်းဟာ သုံးပြီးသားနှစ်နဲ့ လေယာဉ်အခြေအနေလိုက်ပြီး အမေရိကန်ဒေါ်လာ ၅ သန်းကနေ ၈ သန်း ဈေးပေါက်ပါတယ်။ Military Wiki စစ်ဘက်ဆိုင်ရာ စွယ်စုံကျမ်းကတော့ မြန်မာလေတပ်မှာ MiG-29 တိုက်လေယာဉ် ၃၁ စင်းရှိတယ်လို့ ဖော်ပြပါတယ်။
တရုတ်က မြန်မာစစ်တပ်ကို J-10 နဲ့ FS-1 တိုက်လေယာဉ်တွေရောင်းချဖို့ ကြိုးစားနေချိန်မှာ တရုတ်ကိုကျော်ပြီး MiG-29 အစင်း ၂ဝ ကို ဒေါ်လာ ၅၇၂.၂ သန်းနဲ့ ရောင်းချဖို့ ရုရှားက သဘောတူလိုက်တယ်လို့ Reuters သတင်းက ၂ဝဝ၉ ဒီဇင်ဘာ ၂၃ ရက်က ဖော်ပြပါတယ်။
၂ဝဝ၁ မှာ ရုရှားက မြန်မာစစ်တပ်ကို MiG-29 တိုက်လေယာဉ် ၁၂ စင်းပို့လိုက်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
MiG-29 ဟာ အရင်ဆိုဗီယက်ပြည်ထောင်စုဟောင်းက စတုတ္ထမျိုးဆက် တိုက်လေယာဉ်ဖြစ်ပြီး၊ ၁၉၇ဝ ပြည့်လွန်နှစ်ပိုင်းတွေမှာ စတင် ဒီဇိုင်းထုတ်လုပ်ပါတယ်။ ဆိုဗီယက်လေတပ်မှာ ၁၉၈၃ က စတင်သုံးပါတယ်။
စစ်အေးခေတ်အထွတ်အထိပ်ရောက်ချိန်မှာ အမေရိကန်တိုက်လေယာဉ်သစ်တွေက ရုရှားလေယာဉ်တွေထက် နည်းပညာပိုင်းသာလွန်တာကို ရုရှားက ယှဉ်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ဘက်စုံသုံး ဒီတိုက်လေယာဉ်ကို အမေရိကန် McDonnell Douglas F-15 Eagle, F-16 Fighting Flacon တို့ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။