စစ်ကောင်စီက ဘွဲ့နဲ့ ဆုတံဆိပ်ပေးပြီး စည်းရုံးနေကြောင်း လေ့လာသူတွေဝေဖန်

စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာကျရောက်တဲ့ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် လူထုလူတန်းစား အလွှာအသီးသီးက ပုဂ္ဂိုလ်တွေအတွက် ဆုတံဆိပ်နဲ့ ဘွဲ့တံဆိပ် တစ်ထောင်ကျော်ကို ပေးအပ်ချီးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ အခုလို ချီးမြှင့်တာဟာ စစ်ကောင်စီက သူတို့ကို ထောက်ခံမှုရအောင် လုပ်ဆောင်တာလို့ ဝေဖန်ကြပါတယ်။
ဆုတံဆိပ် ရရှိသူတွေထဲမှာ ဒုတိယ စစ်ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ မဟာသရေစည်သူဘွဲ့ ရရှိခဲ့သလို ရုရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျေ ရွှိုင်ဂု၊ ရုရှား ကာကွယ်ရေး ဒုဝန်ကြီး အလက်ဇန္ဒား ဖိုမင်တို့ကိုလည်း စစ်ကောင်စီက စည်သူဘွဲ့တွေ ချီးမြှင့်ခဲ့ပါတယ်။
"ကျယ်ပြန့်တဲ့ နိုင်ငံရေး အလွှာတွေ လူထုလူတန်းစား အလွှာတွေကို စိတ်ကောင်းစေတနာကောင်း ထားတယ်ဆိုတာကို ပြတဲ့သဘောပေါ့"
NLD အစိုးရ လက်ထက် ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးတာဝန်ယူခဲ့တဲ့ ဦးဖေမြင့်ကို သီရိပျံချီဘွဲ့နဲ့ ပြန်ကြားရေး ဒုတိယ ဝန်ကြီးတာဝန်ယူခဲ့တဲ့ ဦးအောင်လှထွန်းကိုလည်း ဝဏ္ဏကျော်ထင်ဘွဲ့တွေ ပေးအပ်ခဲ့ပါတယ်။
ဆုတံဆိပ်တွေ ပေးအပ်ရာမှာတော့ ဆုအဆင့်အတန်းအလိုက် ရွှေနဲ့ပြုလုပ်ထားတဲ့ တံဆိပ်တွေလည်း ပါဝင်ပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံအတွက် တာဝန်ဘယ်လို ထမ်းဆောင်ခဲ့သလဲဆိုတာကပဲ အရေးကြီးတယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဘယ်ပါတီဝင်ဖြစ်ခဲ့တယ်။ ဘယ်သူ့ရဲ့လူ ဖြစ်ခဲ့တယ်ဆိုတာ အရေးမကြီးပါဘူး။ တိုင်းပြည်အတွက် နိုင်ငံအတွက် ဘယ်လောက် တာဝန်ထမ်းဆောင်ခဲ့တယ် ဆိုတာကသာ တကယ်အရေးကြီးပါတယ်”
စစ်ကောင်စီရဲ့ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် ရရှိသူတွေထဲမှာ လက်ရှိ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းလည်း ဇေယျကျော်ထင်ဘွဲ့ကို ရရှိခဲ့ပါတယ်။
ဆုတံဆိပ်၊ ဘွဲ့တံဆိပ် ပေးအပ်မှုအနေနဲ့ ပြည်ထောင်စု စည်သူ သင်္ဂဟဘွဲ့ (၄၂) ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ (၂၂၇) ဦး၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ် သုံး ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် တံဆိပ် (၁၁၇) ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ် ခုနစ်ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များ (၄၀၁) ဦး၊ စီးပွားထူးချွန် တံဆိပ်များ (၁၁၈) ဦး၊ ပညာရပ်ဆိုင်ရာ ထူးချွန်တံဆိပ်များ (၁၂၄) ဦး စုစုပေါင်း ၁၀၉၉ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဘယ်လိုလူမျိုးတွေကို ဘယ်လိုဘွဲ့တံဆိပ်၊ ဆုတံဆိပ်တွေပေးရမယ်ဆိုတာကို ပြဌာန်းထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဌာန်းချက်တွေအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဘွဲ့တံဆိပ်တွေပေးအပ်တာဟာ စစ်ကောင်စီက သူတို့အပေါ် အမြင်ပြောင်းလာအောင် လုပ်ဆောင်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ စမ်းချောင်းမြို့နယ် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။
“သူက အခုလောလောဆယ်မှာ နိုင်ငံရေးအရ ကျဆုံးနေတယ်။ စစ်ရေးအရ အရေးနိမ့် နေတယ်။ အဲဒီလို အခြေအနေမှာဗျာ။ သူတို့က နိုင်ငံရေးလုပ်ကွက်လေးတွေ လုပ်ပြတဲ့ သဘောပေါ့နော်။ သူတို့က တစ်ကမ္ဘာလုံးကလည်း သိနေတယ်။ တစ်ပြည်လုံးကလည်း သိနေတယ်။ ဆိုးသွမ်းရမ်းကားပြီးတော့ လုပ်ချင်တာတွေ လုပ်နေတဲ့ အချိန်မျိုးမှာ သူတို့ ကောင်းတာလေးတွေ လုပ်တတ်ပါတယ်ဆိုတဲ့ ပုံစံမျိုး လုပ်ပြတယ်ဆိုတဲ့ သဘောပါ”
စစ်ကောင်စီဟာ အစကတည်းက တရားမဝင်အစိုးရ ဖြစ်နေတဲ့အတွက် သူ့ရဲ့ လုပ်ရပ်တွေ အားလုံးလည်း တရားဝင်စရာ အကြောင်းမရှိဘူးလို့ ဦးဘိုဘိုဦးက ပြောပါတယ်။
သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း ကလည်း စစ်ကောင်စီက အခုလို ဘွဲ့တံဆိပ်တွေ ပေးအပ်တာဟာ လူထုအပေါ်မှာ စည်းရုံးရေးဆင်းတဲ့သဘော ဖြစ်တယ်လို့ ပြောပါတယ်။
“ဒါကတော့ ကျနော့် အမြင်ကတော့ စည်းရုံးရေးဆင်းတာပေါ့ဗျာ။ စည်းရုံးရေး ဆင်းတာပေါ့။ အစိုးရ တစ်ရပ်က သဘောထားကြီးကြီးထားတယ်။ နောက်ပြီးတော့ ကျယ်ပြန့်တဲ့ နိုင်ငံရေး အလွှာတွေ လူထုလူတန်းစား အလွှာတွေကို စိတ်ကောင်း စေတနာကောင်း ထားတယ်ဆိုတာကို ပြတဲ့သဘောပေါ့။ ကျနော်ကတော့ အဲဒီလိုပဲ မြင်တာပဲ”
အစိုးရတွေက နေ့ထူးနေ့မြတ်တွေမှာ ဘွဲ့တံဆိပ်၊ ဆုတံဆိပ်တွေ ပေးအပ်တဲ့ အစဉ်အလာရှိပေမယ့် အခုတစ်ခေါက်မှာတော့ အတိုက်အခံတွေထဲက သဘောထား ပျော့ပျောင်းတယ်လို့ ယူဆရသူတွေနဲ့ ကွယ်လွန်ပြီးသားပုဂ္ဂိုလ်တွေကို ပေးတာကတော့ ပိုပြီးထူးခြားနေတယ်လို့ ဦးရဲထွန်းက ပြောပါတယ်။
ဆုတံဆိပ် ရရှိသူတွေထဲမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေ၊ ခရစ်ယာန်၊ မွတ်စလင်နဲ့ ဟိန္ဒူ ဘာသာရေး ခေါင်းဆောင်တွေ ပါဝင်နေတာလည်း တွေ့ရပါတယ်။
ဆုတံဆိပ်၊ ဘွဲ့တံဆိပ် ရရှိသူတွေကတော့ စစ်ကောင်စီ အဖွဲ့ဝင်တွေ၊ ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ဘက်ဆိုင်ရာအရာရှိတွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေ၊ စစ်ကောင်စီ အကြံပေးတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ အစိုးရအဆက်ဆက်က ဝန်ကြီးဟောင်းတွေ၊ ညွှန်ချုပ်ဟောင်းတွေပဲ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးမှာ သြဇာလွှမ်းမိုးပြီးတော့ ဆက်လက်အုပ်စိုးထားဆဲ ဖြစ်တယ်ဆိုတာကို ပြသချင်တဲ့အတွက် အခုလို ဘွဲ့တံဆိပ်တွေပေးအပ်တာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“သူတို့အနေနဲ့ ဗမာပြည်တစ်ပြည်လုံးကို သူတို့အနေနဲ့ သြဇာသက်ရောက်ဆဲဖြစ်တယ်။ ဆက်လက်စိုးမိုးဆဲဖြစ်တယ်။ သူတို့ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တိုင်းပြည်က တည်ငြိမ်အေးချမ်းနေတယ်ဆိုတဲ့ အနေအထား ရှိတယ်ဆိုတာ ဖော်ပြချင်လို့ အဲဒီလို ဘွဲ့တံဆိပ်တွေပေးတယ်လို့ ကျနော် ယူဆပါတယ်။ နောက်တစ်ခုက အခုလို ပေးလိုက်ခြင်းအားဖြင့် သေသွားတဲ့သူတွေပဲ ဖြစ်ဖြစ်၊ ရှင်နေတဲ့သူတွေပဲ ဖြစ်ဖြစ် အဲဒီလူတွေဟာ လက်ရှိစစ်ကောင်စီရဲ့ အုပ်စိုးမှုကို လက်ခံအသိအမှတ်ပြုတဲ့သူတွေ ဖြစ်တယ်ဆိုတာကို ဖော်ပြဖို့အတွက် ဒီဘွဲ့တံဆိပ်တော်တွေ ပေးတာလို့ ကျနော် ယူဆပါတယ်”
ဒါပေမဲ့ လက်တွေ့မှာတော့ တိုင်းပြည်ဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ပဋိပက္ခမျိုးစုံ ကြုံတွေ့နေရပြီး တိုင်းပြည်နှစ်ခြမ်းကွဲလု ဖြစ်နေတာလို့ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။
ချီးမြှင့်ထိုက်သူတွေကို ချီးမြှင့်တာတွေ၊ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးပြုခြင်းဟာ မင်္ဂလာတစ်ပါး ဖြစ်တဲ့အတွက် အမျိုးသားအောင်ပွဲနေ့မှာ ချီးမြှင့်ထိုက်သူတွေကို ချီးမြှင့်ခဲ့ခြင်းဖြစ်သလို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ၁၂၉၀ ဦး၊ တပ်မတော်နေ့မှာ ၈၇၇ ဦး၊ နှစ်ဆန်းတစ်ရက် နေ့ ဧပြီလ ၁၇ ရက်နေ့ မှာ ၁၄၆ ဦးကို အလားတူ ချီးမြှင့်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အဲဒါကြောင့် စစ်ကောင်စီ လက်ထက်မှာ ချီးမြှင့်ခဲ့တဲ့ ဘွဲ့တံဆိပ်၊ ဆုတံဆိပ် စုစုပေါင်း ၄၃၁၂ ဦး ချီးမြှင့်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။