နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ကြောင့် သုံးရက်အတွင်း လူတစ်ရာခန့်သေဆုံး
2024.05.13

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှာ မေလ ၉ ရက်နေ့ကနေ မေလ ၁၁ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လူပေါင်း ၉၆ ဦး သေဆုံးခဲ့ပြီး ခြောက်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
မေလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ထုတ္တောရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန် ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေတဲ့ ရွာခံ ၃၁ ဦးကိုပစ်သတ်ခဲ့ပြီး နောက်ထပ်တစ်ဦးလည်း ဆေးရုံပို့ချိန် လမ်းမှာတင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သူတွေကို ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်”
လေကြောင်းရန်ကို စိုးရိမ်တာကြောင့် သေဆုံးသူတွေကို သရဏဂုံတောင်မတင်ရဘဲ အဆင်ပြေသလို သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သူတွေကို ထိထိရောက်ရောက် အရေးယူစေချင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက်ထုတ္တောရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ကိုတော့ ထိထိရောက်ရောက်ကို အရေးယူစေချင်တာ။ အရေးယူလို့ရတဲ့အခါမှာ အရေးယူစေချင်တာပေါ့။ ထိုက်တန်တဲ့အပြစ်ကို ပေးကိုပေးစေချင်တာ။ ထိုက်တန်တာထက်မက အပြစ်ပေးလည်း ကျွန်တော်တို့ မကျေနပ်ဘူး။ ဒါပေမဲ့ ပေးကိုပေးမှ ကျွန်တော်တို့ နှစ်သိမ့်နိုင်မှာ”
သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအပါအဝင် အဲဒီရွာခံတွေဟာ ဘေးလွတ်ရာရွာနဲ့ ဘုန်ကြီးကျောင်းတွေမှာ တိမ်းရှောင်နေရပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရတယ်လို့ ဆိုပါတယ်။
မေလ ၁၁ ရက်နေ့မှာပဲ ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာကို စစ်ကောင်စီတပ်က လေကြာင်းနဲ့ ပစ်ခတ်၊ ဗုံးကြဲခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးနဲ့ ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
ဒါ့အပြင် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၂၂ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီထဲက အမျိုးသား ခြောက်ဦးခန့်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
မေလ ၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာက ပျူစောထီးတပ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန် တိုက်ပွဲဖြစ်ပြီး ဒေသခံ ၃၂ ဦး သေဆုံးခဲ့ပါတယ်။
ကျန်ရှိနေတဲ့ဒေသခံတွေဟာ ကြောက်ရွံ့မှုကနေ မုန်းတီးတဲ့အခြေအနေအထိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆုံရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွာတွေက တော်တော်လေးလည်း လန့်နေပြီ။ တော်တော်လေးလည်း မုန်းနေပြီ။ ရွာထဲမှာ လောလောဆယ် သူတို့ အေးအေးဆေးဆေး နေတယ်။ အကြောက်တရားနဲ့နေတာ။ အကြောက်တရားနဲ့နေတဲ့အချိန်မှာ မိန်းမတွေ ကလေးတွေရော အကုန်သတ်သွားတယ်။ ခေါင်းငုံ့ မော့မကြည့်နဲ့ဆိုပြီး မော့ကြည့်ရင် ပိုဆိုးမယ်ဆိုပြီး အကုန်သတ်သွားတာဆိုတော့ ကျွန်တော်တို့က ခံစားရတာပေါ့ဗျာ”
ဒီသေဆုံးမှုကို (PDF) တွေလက်ချက်လို့ စစ်ကောင်စီက မြန်မာ့အသံ (MRTV) ကနေ ထုတ်ပြန်ထားသလို ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေကတော့ ပျူစောထီးတွေရဲ့ လက်ချက်လို့ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နဲ့ မံစီမြို့မှာ မေလ ၉ ရက်နေ့ကစတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲအတွင်းမှာလည်း လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ဒေသခံကိုးဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မေလ ၉ ရက်နေ့ပဲ မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုတိုက်နယ် အကြည်ပန်းပလွန်းရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၆ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကို ပြည်တွင်းမှာ အရေးယူနိုင်ဖို့ တည်ဆဲဥပဒေရှိပေမဲ့ လက်တွေ့မှာ အဲဒီဥပဒေတွေနဲ့ အရေးယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဥပဒေပညာရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုကကျတော့ ဥပဒေက စိုးမိုးတဲ့အနေအထား မရှိဘူး။ နိုင်ငံရေးအားပြိုင်မှုရော စစ်ရေးအားပြိုင်မှုရော အင်မတန်ပြင်းထန်တဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့် အချို့ စစ်မဲ့ဒေသတွေမှာကျတော့ ဥပဒေက မစိုးမိုးတော့ဘူးပေါ့နော်။ အဆင်ပြေသလို လုပ်နေကြတဲ့သဘောရှိတော့ ကျွန်တော်တို့ ဥပဒေသမားတွေလည်း ဥပဒေနဲ့အညီ ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး”
စစ်ဖြစ်နေတဲ့ဒေသမှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာဟာ သေဒဏ်ကျခံရနိုင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေနဲ့ ဂျနီဗာကွန်ဗန်းရှင်းမှာ ပြဋ္ဌာန်းထားတယ်လို့လည်း ဆိုပါတယ်။
(NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ အရေးယူဆောင်ရွက်နိုင်ဖို့ စီစဥ်နေတယ်လို့ RFA ကို ပြောပါတယ်။
“အချို့ကျူးလွန်သူတွေကို ဖမ်းဆီးရမိတဲ့အခါမျိုးမှာ ဒီလိုဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်ကျူးလွန်တာရှိလာရင် ဒီလူတွေကို NUG ရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကနေ အရေးယူ ဆောင်ရွက်တာတွေလည်း လုပ်မှာဖြစ်သလို လက်ရှိအချိန်မှာ ဖမ်းဆီးရမိမှု မရှိသေးရင်တောင် တစ်ချိန်ချိန်ကျရင် တော်လှန်ရေး အောင်မြင်တဲ့အခါမှာ ဒီလိုကျူးလွန်တဲ့သူတွေကို လွတ်သွားတာမျိုးမရှိရအောင် ကျူးလွန်ခဲ့သူတွေနဲ့ပတ်သက်တဲ့ အချက်အလက် သိမ်းဆည်းတာတွေနဲ့ ဒါတွေကို မှတ်တမ်းမှတ်ရာပြုစုပြီးတော့ တရားယူနိုင်မယ့် အခြေအနေမျိုးတွေကို ကြိုတင်ပြင်ဆင်တာတွေကိုလည်း ကျွန်တော်တို့ လုပ်ပါတယ်။ ပြည်တွင်းမှမဟုတ်ဘူး။ နိုင်ငံတကာကိုပါ ထွက်ပြေးလို့မရအောင် နိုင်ငံတကာ တရားစွဲအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိပါတယ်”
စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ နိုင်ငံတကာအနေနဲ့ မြန်မာပြည်အခြေအနေမှန်ကို သေချာနားလည်ပြီး အရေးယူ ဆောင်ရွက်တာတွေ လုပ်ဆောင်သင့်ပြီလို့လည်း ဦးနေဘုန်းလတ်က ဆိုပါတယ်။
စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုဟာ အဆိုးဆုံးအခြေနေကို ရောက်နေပြီလို့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက RFA ကို ပြောပါတယ်။
“လက်ရှိ ကမ္ဘာနိုင်ငံတွေမှာဆိုရင် မြန်မာပြည်ရဲ့ ရာဇဝတ်မှုကျူးလွန်မှုက အစ္စရေးပြီးရင် ဒုတိယလိုက်တယ်လို့ ပြောလို့ရတာပေါ့။ လူတွေကို အစုလိုက်အပြုံလိုက် လက်နက်အင်အားနဲ့ အရပ်သားတွေကို သတ်ဖြတ်တယ်ဆိုတာ တော်တော်လေး ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုတစ်ခုပဲပေါ့”
ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုတွေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။