စစ်ကောင်စီကို ဖိလစ်ပိုင်မှာ တရားစွဲတဲ့အမှု ပယ်ချခံရတဲ့အပေါ် အယူခံဝင်မည်

RFA Burmese
2024.08.26
စစ်ကောင်စီကို ဖိလစ်ပိုင်မှာ တရားစွဲတဲ့အမှု ပယ်ချခံရတဲ့အပေါ် အယူခံဝင်မည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်အရာရှိများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။
Myanmar Military

၂၀၂၁ ခုနှစ်ကစပြီး စစ်ကောင်စီတပ်က ချင်းပြည်နယ် ထန်တလန်မြို့က အရပ်သားပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ဆယ်ဦးကို စုံစမ်းစစ်ဆေးဖို့ဆိုပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ချင်းတိုင်းရင်းသား ငါးဦးက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တရားရေးဌာနကို တိုင်ကြားစာ ပေးပို့ပြီး လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နဲ့ ချင်းတိုင်းရင်းသား ငါးဦးက တရားလိုလုပ်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၀၉ ခုနှစ် နိုင်ငံတကာ လူသားချင်းစာနာမှု အက်ဥပဒေအရ တိုင်ကြားခဲ့တာပါ။ ဖိလစ်ပိုင် တရားရုံးဘက်ကတော့ အဲဒီလျှောက်ထားချက်ကို ပြီးခဲ့တဲ့ မေလမှာ ပယ်ချခဲ့ပါတယ်။

"ပြည်ထောင်စုသားတွေက စစ်ရာဇဝတ်မှုအဖြစ် အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ NUG အစိုးရနဲ့ ပူးပေါင်းပြီးတော့ အပြည်ပြည်ဆိုင်ရာတရားရုံးတွေမှာ တရားစွဲဆိုဖို့ လိုအပ်ပါတယ်"

ဒီအမှုကို ဗဟိုတရားရေးဌာနအထိ အယူခံ၀င်သွားမယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန် က ပြောပါတယ်။

"ကျွန်တော်တို့ကို ကူညီအမှုဆောင်ပေးတဲ့ ဖိလစ်ပိုင် ရှေ့နေတွေနဲ့ CHRO က တိုင်ပင်တယ်၊ တိုင်ပင်ပြီးတဲ့အခါမှာ အယူခံပိုင်ခွင့်ယူတယ်ပေါ့။ ဆိုတော့ ကျွန်တော်တို့အနေနဲ့လည်း အယူခံမယ်။ ပြီးရင်တော့ ဗဟို တရားရုံးအထိ တောင်းဆိုဖို့ကို ကျွန်တော်တို့ ပြင်ဆင်နေတယ်။ ပြစ်မှုကျူးလွန်တဲ့၊ ရာဇ၀တ်မှု ကျူးလွန်တဲ့ စစ်ကောင်စီတွေက အမြန်ဆုံးအရေးယူနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အရေးမယူနိုင်သေးသရွေ့တော့ ကျွန်တော်တို့ရဲ့ ပြည်သူလူထုအားလုံး၊ ခံရတဲ့သူတွေအတွက်တော့ အများကြီးနစ်နာတယ်လို့ ပြောလို့ရတာပေါ့လေ"


ဆက်နွှယ်သောသတင်းများ

ချင်းပြည်နယ်က ဘာသာရေးအဆောက်အအုံတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရ

စစ်ကောင်စီကို နယူးဇီလန်မှာ တရားစွဲနိုင်ဖို့ NUG ကြိုးပမ်း

မင်းတပ် လေကြောင်းတိုက်ခိုက်မှု နှစ်နှစ်အတွင်း နှစ်ဆယ်ကျော်သေဆုံး


ဖိလစ်ပိုင်ရှေ့နေတွေ အပါအ၀င် နိုင်ငံတကာဥပဒေပညာရှင်တွေနဲ့ ဒီနှစ်ထဲမှာ အယူခံ၀င်နိုင်ဖို့ စီစဉ်နေပြီး နောက်ဆက်တွဲလုပ်ငန်းစဉ်တွေ ဘယ်လောက်ကြာမြင့်မယ်ဆိုတာတော့ အသေးစိတ် မသိရသေးဘူးလို့ သူက ပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နဲ့ တရားလို ငါးဦးက စစ်ကောင်စီဟာ ထန်တလန်မြို့နယ်က ပြည်သူတွေကို သတ်ဖြတ်တာ၊ အလောင်းတွေကိုဖျက်ဆီးတာ၊ နေအိမ်ရာပေါင်းများစွာနဲ့ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာအပြင် ဒုက္ခရောက်နေသူတွေအတွက် အကူအညီတွေကို လက်နက်တစ်ခုအဖြစ် အသုံးချတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

တရားလိုတွေဟာ ဖိလစ်ပိုင်မှာ နေထိုင်သူတွေ မဟုတ်တာ တစ်ကြောင်း၊ ဒီရာဇ၀တ်မှုဟာ ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ဖြစ်ပွားတာ မဟုတ်ဘဲ၊ တခြားနိုင်ငံမှာ ဖြစ်ပွားခဲ့တာကြောင့် အမှုကို ပယ်ချတာလို့ တရားရေးဌာနက အကြောင်းပြချက်ပေးတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ဒါပေမဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အက်ဥပဒေအရ ကမ္ဘာ့ဘယ်နိုင်ငံမှာမဆို ဖြစ်ပွားတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတွေဟာ ဖိလစ်ပိုင်နိုင်ငံသားတွေ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ တိုင်ကြားလာရင် ဖိလစ်ပိုင်အစိုးရက ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အကြောင်း တိုင်ကြားမှုမှာပါဝင်တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့က RFA ကို ပြောပါတယ်။

၂၀၂၁၊ စက်တင်ဘာလ ၁၈ ရက်နေ့က ထန်တလန်မြို့မှာ နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် မီးရှို့သွားတဲ့ နေအိမ်တွေကို မီးငြှိမ်းဖို့အသွားမှာ သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း ပစ်သတ်ခံခဲ့ရပြီး သူ့ရဲ့လက်တွေကိုဖြတ်ပြီး နာရီ၊ ဖုန်းနဲ့ ရွှေလက်စွပ်တွေ လုယူခံခဲ့ရပါတယ်။

အသတ်ခံခဲ့ရတဲ့ သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်းရဲ့ ဦးလေးဖြစ်သူ ထန်တလန်မြို့သား ဦးငွန်းထောင်းလျန်က စစ်ခေါင်းဆောင်တွေကို တိုင်ကြားခဲ့တဲ့ တရားလို ငါးဦးထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

"ထန်တလန်သား လူငါးယောက်ကို CHRO အစီအစဉ်နဲ့ ကျွန်တော်တို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို သွားပြီးတော့ စစ်ကောင်စီ မင်းအောင်လှိုင်ကနေ စပြီး လူဆယ်ယောက် နာမည်ကိုတင်သွင်းပြီးတော့ တရားရုံးမှာ သူတို့ကို တရားစွဲဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်က ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးပြီးတော့ ကျွန်တော်တို့ ထန်တလန်သား ကိုယ့်မြို့ကိုလည်း မီးရှို့ခံရတယ်၊ နောက်ပြီးတော့ ကျွန်တော်ဆိုရင် ကျွန်တော်တူလေး အသတ်ခံရတယ်၊ နောက်ပြီးတော့ ကျွန်တော့်သူငယ်ချင်းဆိုရင် သူ့အဖေ အသတ်ခံရတယ် အဲဒီအချက်တွေကို ကျွန်တော်တို့ တရားစွဲဆိုတာဖြစ်ပါတယ်"

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ ရာဇ၀တ်မှုတွေကို လျစ်လျူရှုရင် ပြစ်မှုတွေ ပိုပြီးကျူးလွန်လာနိုင်ပြီး အပြစ်မဲ့ ပြည်သူတွေ ပိုနစ်နာလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက သုံးသပ်ပါတယ်။

"ဒီအတိုင်းပဲ အရေးယူနိုင်လောက်တဲ့ ကိစ္စမဟုတ်ဘူးဆိုပြီး လျစ်လျူရှူလိုက်ရင်တော့ ဒီပြစ်မှုတွေက ပိုပြီးတော့ ကြီးထွားလာနိုင်တယ်။ ပြည်သူတွေအနေနဲ့လည်း ပိုပြီးဖိအားတွေဖြစ်လာနိုင်တယ်။ ဒါကြောင့် ဆိုင်ရာ ဆိုင်ရာ ပြည်နယ်နဲ့တိုင်းက တိုင်းရင်းသားတွေ ပြည်ထောင်စုသားတွေက ဒါကို စစ်ရာဇဝတ်မှုအဖြစ်အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ NUG အစိုးရနဲ့ ပူးပေါင်းပြီးတော့ အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲဆိုဖို့ လိုအပ်ပါတယ်။ အဲလိုတရားစွဲဆိုမှလည်းပဲ ဒါတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေဆိုးတွေကို အလေးနက်ထားလာပြီးတော့ ဒါ တစ်ခုခု ထိရောက်တဲ့ အခြေအနေတစ်ရပ်ကို ရောက်လာလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်"

၂၀၂၁ ခုနှစ် အောက်တိုဘာလက ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်းအနည်းဆုံး ၂၅၀ သတ်ဖြတ်ခံခဲ့ရပြီး နေအိမ် နှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့နောက် ချင်းတိုင်းရင်းသား ခြောက်သောင်းကျော် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Myanmar Accountability Project (MAP) က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်ချက်နဲ့ လက်နက်ကြီးထိမှန်တာ၊ လေကြောင်းဗုံးကြဲမှုတာ၊ မီးရှို့ခံရတာကြောင့် နေအိမ်အဆောက်အအုံတွေ အားလုံး ပျက်စီးခဲ့ပြီး တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရသူတွေဟာ နေရပ်ကို အခုချိန်ထိ မပြန်နိုင်ကြသေးဘဲ ထန်တလန်မြို့ဟာ မြို့ပျက်ကြီးဖြစ်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။