အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အခုလတ်တလော ဆုံးဖြတ်ချက်ဟာ၊ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခံခဲ့ကြရသူတွေအတွက် တရားရေး လမ်းကြောင်းတစ်ခု ဖြစ်လာဖွယ်ရှိပါတယ်။ ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းအပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရ က မြန်မာနိုင်ငံမှာ ၂၀၀၂ ခုနှစ်ကစပြီး ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုအားလုံးကို စစ်ဆေးဖို့ လက်ခံလိုက်တာရဲ့ မူဝါဒ အပြောင်းအလဲအကြောင်း ဩဂုတ်လ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။
NUG အနေနဲ့ မတ်လ ကတည်းက ဒီလမ်းကြောင်းကို ရွေးချယ်ဖို့ စဉ်းစာဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့်၊ Rome Statute ခေါ် ရောမ ဥပဒေ အရ၊ အခုမှ အဝေးရောက်အစိုးရအဖြစ် တရားဝင်ကြေညာခဲ့တာပါ။ မကြေညာခင် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights က သံတမန်ရေး နဲ့ ဥပဒေဆိုင်ရာ ကြေညာချက် စာတမ်းရှည်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်မှာ အချက်လေးချက် ပါဝင်ပါတယ်။
ပထမအချက်အနေနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC နဲ့ ပတ်သက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရင် NLD အစိုးရ ရဲ့ အဓိက မူဝါဒ အပြောင်းအလဲဖြစ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သို့မဟုတ် နိုင်ငံတကာ တရားရုံး ICJ တို့ရဲ့ ကမကထပြု ဆောင်ရွက်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရက ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့ကြောင်း သတင်းတွေက ဖော်ပြ ပါတယ်။
ဒုတိယအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ် စုံစမ်းစစ်ဆေးရေးနဲ့ ၂၀၀၂ ခုနှစ်က စလို့ တိုင်းရင်းသားလူမျိုးစု နယ်မြေတွေမှာ ကျူးလွန်ခဲ့တာတွေ ဖြစ်ပါတယ်။ ၂၀၁၉ နိုဝင်ဘာလကစပြီး ICC ရှေ့နေက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုငံတွင်းမှာ အဲဒီ ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေကို တရားစွဲဆို အရေးမယူနိုင်ခဲ့ပါဘူး။
ဒါ့ပြင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ အတွင်း န.ယ်စပ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၊ ထွက်ပြေးခဲ့ကြတဲ့ ဖြစ်ရပ်တွေကိုသာ မှတ်တမ်းယူနိုင်ခဲ့ပါတယ်။
တတိယအနေနဲ့ စစ်တပ်က အာဏာသိမ်းခဲ့စဉ်အတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ နိုင်ငံရေး အတိုက်အခံတွေအပေါ် ဖိနှိပ်နေတာတွေနဲ့ ပတ်သက်လို့လည်း တရားစွဲဆိုခွင့် ပြုနိုင်ပါတယ်။ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး အခုထိ ဆန့်ကျင်သူ တစ်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရပြီး၊ ခြောက်ထောင်ကျော် ဖမ်းဆီးခံခဲ့ရ၊ နှစ်ထောင်ကျော် ပုန်းအောင်း တိမ်းရှောင်နေကြရပါတယ်။
စတုတ္တအနေနဲ့ ရိုဟင်ဂျာ တွေရဲ့ ကာလကြာရှည် ဒုက္ခတွေကိစ္စ ဖြစ်ပါတယ်။ အရင် အစိုးရကတော့ ရခိုင်ပြည်နယ်မှာ စစ်တပ်က စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာဟာ မွတ်စလင် စစ်သွေးကြွတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ကြောင်း ပြောဆိုပေမယ့်၊ တကယ့်လက်တွေ့ အဖြစ်အပျက်တွေက ဆန့်ကျင်ဘက် တလွဲစီ ဖြစ်နေကြောင်းလည်း ဖော်ပြပါတယ်။
ဇွန်လ အစောပိုင်းကတော့ NUG အစိုးရက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ရုပ်သိမ်းမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုး ကို လည်း NIG ရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီးဌာနမှာ အကြံပေးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
NUG ရဲ့ နောက်ခြေလှမ်း တစ်ရပ်ကတော့ Rome Statute ရောမ ဥပဒေမှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်ကတော့ ရှုပ်ထွေးပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့လည်း လက်ရှိ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တရားရင်ဆိုင်ခံရမယ့် အဖြစ်ကို လိုလားမှာ မဟုတ်ပါဘူး။ ဒါဆိုရင် စစ်အစိုးရကို ဆွေ့ဆုံဆွေးနွေးရေး စားပွဲဆီ ခေါ်ဆောင်နိုင်ဖွယ် ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။
NUG အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နဲ့ နိုင်ငံတကာလူ့အခွင့်အရေး နှုန်းစံတွေအပေါ် လေးစားမှု ရှိလေလေ၊ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ နှုန်းစံတွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်မှာဖြစ်ကြောင်း လည်း ပြောဆိုကြပါတယ်။