မြန်မာစစ်တပ် ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း IIMM ပြော
2023.08.11

မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွအဖွဲ့တွေဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ အကြိမ်အရေအတွက် ပိုများလာရုံတင် မကဘဲ အရှက်အကြောက်ကင်းမဲ့စွာနဲ့ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်တဲ့ နှစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
IIMM က ရရှိထားတဲ့ အထောက်အထားတွေအရ မြန်မာစစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ပြီးခဲ့တဲ့ ဧပြီလက စစ်ကိုင်းတိုင်းမှာ လူပေါင်း ၁၅၅ ဦးထက်မနည်း သေဆုံးစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အလွန်အကျွံ အင်အားသုံး လေကြောင်းတိုက်ခိုက်မှုတွေ ပါဝင်တဲ့အကြောင်း၊ ဒါ့အပြင် မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေနဲ့ ဖမ်းဆီးရမိတဲ့ အတိုက်အခံတပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အရပ်သား ပြည်သူတွေရဲ့ နေအိမ်နဲ့ ကျေးရွာတွေကို တမင်တကာ မီးရှို့ဖျက်ဆီးပြီး ရွာလုံးကျွတ် ဖျက်ဆီးပစ်တာ စတဲ့လုပ်ရပ်တွေကိုလည်း ကျူးလွန်မှု တိုးလာနေတဲ့အကြောင်း ဖော်ပြထားပါတယ်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာစစ်တပ်ရဲ့ အမိန့်ပေးစေခိုင်းမှုအဆင့်ဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိတဲ့အတွက် မြန်မာစစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှာ သေချာပါတယ်"
မြန်မာနိုင်ငံက အသက်သေဆုံးမှုတိုင်းက စိတ်ထိခိုက်စရာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ရွာမီးရှို့မှုတွေကြောင့် လူ့အသိုက်အမြုံတစ်ခုလုံး ပျက်စီးသွားရတဲ့ အခြေအနေတွေက ထိတ်လန့်စရာကောင်းပါတယ်။ ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ သက်သေအထောက်အထားတွေအရ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ တိုးလာနေတာကို ညွှန်ပြနေပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ တာဝန်ရှိသူတွေကို တရားရုံးမှာ ရုံးတင်စစ်ဆေးတဲ့အခါ အသုံးပြုနိုင်ဖို့ အမှုတွဲတွေ တည်ဆောက်နေပါတယ်လို့ IIMM ရဲ့ အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် က အစီရင်ခံစာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
IIMM အဖွဲ့ဟာ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို မျက်မြင်ကြုံခဲ့သူ ၂၀၀ ကျော်အပါအဝင် အရင်းအမြစ်ပေါင်း ၇ဝဝ ကျော်ဆီကနေ သတင်းအချက်အလက်တွေ စုဆောင်းခဲ့ပြီး ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်း၊ မြေပုံ၊ ဂြိုဟ်တု ဓာတ်ပုံနဲ့ ဆိုရှယ်မီဒီယာ ပို့စ်ပေါင်းများစွာကို သက်သေအထောက်အထားဖြစ် စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။
IIMM ရဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ ညွှန်ကြာရေးမှူး Phil Robertson က အခုလို သုံးသပ်ပါတယ်။
“IIMM ရဲ့ အစီရင်ခံစာမှာ အဓိက အပိုင်းသုံးပိုင်း ပါဝင်ပါတယ်။ အရပ်သားပြည်သူတွေကို လေကြောင်းကနေ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်မှုတွေ၊ စစ်ဆင်ရေးအတွင်းမှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှုတွေနဲ့ ကျေးရွာနဲ့ နေအိမ်တွေကို တမင်တကာ မီးရှို့ဖျက်ဆီးမှုတွေအကြောင်း အဓိက ဖော်ပြထားပါတယ်။ IIMM ကို စတင်ဖွဲ့စည်းခဲ့တဲ့အချိန်က ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်ဆင်ရေးတွေကို အဓိကထားပြီး စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံ အခြားဒေသက ဖြစ်ရပ်တွေကိုပါ စုံစမ်းစစ်ဆေးမှုတွေ တိုးလာတာ တွေ့ရပါတယ်။”
မြန်မာစစ်တပ်ဟာ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတို့လို့ အရပ်သားပစ်မှတ်တွေကို ရန်သူပစ်မှတ်အဖြစ် အကြောင်းပြပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အကြောင်းနဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့တိုက်ခိုက်တဲ့ ပစ်မှတ်နေရာတွေမှာ အရပ်သားပြည်သူ အမြောက်အမြား ခိုအောင်းနေမှာကိုလည်း သိထားလျက်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အကြောင်း အထောက်အထားတွေလည်း ရထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
နိုင်ငံတကာ ဥပဒေအရဆိုရင် စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူသူတွေဟာ လက်အောက်က စစ်တပ်အရာရှိတွေရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို အရေးယူအပြစ်ပေးဖို့ တာဝန်ရှိတဲ့အကြောင်းနဲ့ ဒီလိုအရေးယူအပြစ်ပေးဖို့ ပျက်ကွက်နေရင် စစ်ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် စစ်ဦးစီးချုပ်တွေမှာ တာဝန်ရှိတယ်လို့ IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ခေါင်းဆောင်တွေက အပြစ်ပေးအရေးယူဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တာကို ကြည့်ရင် စစ်ခေါင်းဆောင်တွေကိုယ်တိုင်က ဒီစစ်ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ ကိုယ်တိုင်အမိန့်စေခိုင်းခဲ့တာ ဖြစ်နိုင်တဲ့အကြောင်း ညွှန်ပြနေတယ်လို့ IIMM အဖွဲ့က သုံးသပ်ထားပါတယ်။
IIMM ရဲ့ အစီရင်ခံစာထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေရဲ့ တာဝန်ရှိမှုကို ညွှန်ပြတဲ့ အထောက်အထားတွေ ပါဝင်မှု ရှိမရှိဆိုတာကို HRW အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြာရေးမှုး Phil Robertson က အခုလို သုံးသပ်ပါတယ်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာစစ်တပ်ရဲ့ အမိန့်ပေးစေခိုင်းမှုအဆင့်ဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိတဲ့အတွက် မြန်မာစစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိမှာ သေချာပါတယ်။ မြန်မာစစ်တပ်ရဲ့ နေ့စဉ်နဲ့အမျှ လုပ်ငန်းဆောင်ရွက်မှုအားလုံးအတွက်လည်း သူ့မှာ တာဝန်ရှိပါတယ်။ IIMM ဟာ သက်သေအထောက်အထား စုဆောင်းဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အစီရင်ခံစာထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်အမှုအတွက် တာဝန်ရှိတယ်လို့ အတိအကျပြောထားတာ မရှိသေးပါဘူး။ IIMM ရဲ့ အစီရင်ခံစာထဲမှာ အနာဂတ်မှာ တရားစွဲဆို ရုံးတင်စစ်ဆေးမှုတွေအတွက် အမှုတွဲတွေ တည်ဆောက်နေတယ်လို့ ပြောထားပါတယ်။ နောင်တစ်ချိန်မှာ ICC တရားရုံးက ဖြစ်ဖြစ် Universal Jurisdictions သဘောတရားအရ တရားစွဲဆိုထားတဲ့ နိုင်ငံတွေက တရားရုံးတွေမှာပဲဖြစ်ဖြစ် IIMM က စုဆောင်းထားတဲ့ အထောက်အထားတွေကို အသုံးပြုပြီး စစ်ဆေးတဲ့အခါမှာ အဖြစ်မှန်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။”
ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားကြတဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေက မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရှင်းလင်းရေး စစ်ဆင်ရေးတွေ ပြုလုပ်စဉ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကိုလည်း ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာမှုခင်းတွေဟာ IIMM က စုံစမ်းစစ်ဆေးနေတဲ့အထဲမှာ အဆိုးဝါးဆုံးဖြစ်တယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပြီး လက်ရှိ ICC၊ ICJ နဲ့ အာဂျင်တီးနားတရားရုံးတွေက စစ်ဆေးမှုတွေမှာ အသုံးပြုဖို့အတွက်၊ IIMM အဖွဲ့ကနေ သက်သေ အထောက်အထားနဲ့ လေ့လာသုံးသပ်ချက် အစီရင်ခံစာတွေ မျှဝေသွားမယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ကို မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံတကာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်မှုတွေအတွက် အထောက်အထားတွေ စုဆောင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။