နိုင်ငံအခြေအနေ စစ်ခေါင်းဆောင်ပြောဆိုချက် လက်တွေ့နဲ့ ကွဲလွဲ

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.06.12
နိုင်ငံအခြေအနေ စစ်ခေါင်းဆောင်ပြောဆိုချက် လက်တွေ့နဲ့ ကွဲလွဲ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ကျင်းပသည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။
Myanmar Military

ဇွန်လ ၇ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ လက်ရှိ နိုင်ငံစီးပွားရေးနဲ့ လုံခြုံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်တွေဟာ လက်တွေ့မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်သူတွေက ဝေဖန်ကြပါတယ်။

လက်ရှိတိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေအားလုံးရဲ့ တရားခံဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်း က ပြောပါတယ်။

“အာဏာသိမ်းမှုကို လုံးဝမလိုလားတဲ့ သူပြောတဲ့ နိုင်ငံသားဆိုတာ နိုင်ငံသားအားလုံးက တစ်ဖက်ဖြစ်သွားပြီးတော့ ပွတ်တိုက်မှုကနေပြီးတော့ ထိပ်တိုက်တိုးတယ်၊ ထိပ်တိုက်တိုး ကနေပြီးတော့ တိုက်ခိုက်တဲ့အဆင့်ကို ရောက်ပြီးတော့ အခုလိုဖြစ်သွားတာ အားလုံးရဲ့ တရားခံက သူပဲလို့ ကျွန်တော်ပြောချင်တယ်“

စစ်ခေါင်းဆောင် ပြောဆိုချက်တွေထဲမှာ နိုင်ငံ ပျက်စီးအောင် အဖျက်သမားစိတ်ဓာတ်ရှိတဲ့ နိုင်ငံသားတွေက အဓိကလုပ်နေပြီး လက်ရှိ တိုင်းနဲ့ ပြည်နယ်တွေမှာ ဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ အဲဒီဒေသတွေမှာနေထိုင်တဲ့ ဒေသခံအကြမ်းဖက်တွေက လုပ်နေတာလို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် အဲဒီဒေသခံအကြမ်းဖက်သမားတွေကို “သားရေပေါ်အိပ်၊ သားရေနားစား” သူတွေဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV သတင်းမှာ ထည့်သွင်းကြေညာခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အဲဒီလိုပြောဆိုချက်ဟာ ပြည်သူတွေကို ကျေးဇူးကန်းတာပဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဝေဖန်ပါတယ်။

“သူ့ရဲ့အတွင်းစိတ်ထဲမှာ ပြည်သူတွေကို ဘယ်လောက်တောင်မုန်းတီးနေလဲဆိုတာ သူပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်တဲ့သဘောပဲ၊ နောက်ပြီး ကျေးဇူးကန်းတာပေါ့ဗျာ၊ သူ့မိသားစုတွေ ခုလောက်ထိ ကျိကျိတက်ချမ်းသာနေတာ ပြည်သူ့ပိုက်ဆံတွေနဲ့ ချမ်းသာနေတာပေါ့နော်၊ တကယ်တမ်း “သားရေပေါ်အိပ်၊ သားရေနားစား” တဲ့ဟာက သူသာလျှင် ဖြစ်တာပေါ့နော်”

ပြီးခဲ့တဲ့ ဧပြီလအတွင်း ရွှေဈေးနဲ့ ငွေဈေးတွေ အဆမတန်ပြောင်းလဲလာတာဟာ ဝိသမ စီးပွားရေး သမားတွေက ကမောက်ကမဖြစ်အောင် လုပ်တာဖြစ်ကြောင်း၊ အဲဒါတွေကို အရေးယူပြီး အခြေအနေကို ထိန်းသိမ်းခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတက်ရောက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။ (Photo : Myanmar Military)
၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတက်ရောက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။ (Photo : Myanmar Military)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ် ကတော့ ဒီလိုဖမ်းဆီးအရေးယူရုံနဲ့ ပြေလည်မှာမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

“လက်နက်ပြပြီး ပြည်သူလူထုကို အကြောက်တရားသွင်းပြီးတော့ပဲ သူတို့က အုပ်ချုပ်တတ်တာလေ၊ ငါ့ကြောင့်ဖြစ်တာ မဟုတ်ဘူး၊ သူ့ကြောင့် သူ့ကြောင့် ဖြစ်တာဆိုပြီးတော့ ဟိုလူ့ဖမ်း ဒီလူ့ဖမ်း ဟိုလူ့ကြောင့် ဒီလူ့ကြောင့် လက်ညှိုးတွေထိုး စွပ်စွဲ လျှောက်ပြီး အဲလိုတွေဖမ်းနေတဲ့ဟာက ဘယ်လိုမှ ဒီတိုင်းပြည်ရဲ့ လက်ရှိဖြစ်ပျက်နေတာတွေကို ပြေလည်သွားစရာအကြောင်းမရှိဘူး”

စစ်ခေါင်းဆောင်က ငွေကြေးကမောက်ကမဖြစ်ပြီး တိုင်းပြည် စီးပွားရေးကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာတွေ ကြုံခဲ့ရပေမဲ့ နိုင်ငံ့ စီးပွားရေး အတိုင်းအတာတစ်ခုအထိ ပြန်ဦးမော့လာအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါဟာ ပကတိမြေပြင်အခြေအနေတွေနဲ့ ကွဲလွဲနေတယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်း က ထောက်ပြပါတယ်။

“ဈေးတွေလည်း ကြီးနေတာ သူလည်းသိတာပေါ့၊ သိလို့ပဲ နိုင်ငံသားတွေကို လွှဲချနေတာလေ၊ သူ့မှာက လက်လွန်ခြေကျွံတွေ ဖြစ်ပြီးတော့ သူဒါတွေအားလုံးကို တာဝန်ယူရမယ့် အနေအထားကြီးကို ပြန်ရောက်သွား မှာ စိုးလို့ သူက ဖိထားတာကြီးကို ဆက်ဖိထားမှ ရမယ်ဆိုတဲ့အတွေးနဲ့ သူကသိရဲ့သားနဲ့လုပ်တာ၊ သိသိနဲ့ ကိုသူ မိုက်ဇာတ်ခင်းနေတာလို့ ကျွန်တော်ပြောချင်တာဗျ“

စစ်တပ် အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သားကို ၁၃ သိန်းခန့်သာရှိခဲ့တဲ့ အခေါက်ရွှေဈေးဟာ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ၅၈ သိန်းအထိ လေးဆနီးပါး မြင့်တက်ခဲ့ပါတယ်။ ဒေါ်လာစျေးကလည်း အာဏာမသိမ်းခင် ၁၃ဝဝ ခန့်ကနေ ၄၈ဝဝ ကျပ်အထိ သုံးဆကျော် မြင့်တက်ခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ ဇွန် ၁၂ ရက်နေ့ထုတ် အစီရင်ခံစာအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ဆင်းရဲနွမ်းပါးသူဦးရေဟာ ကိုဗစ်ကပ်ရောဂါကာလ မတိုင်ခင်ကထက် ခုနစ်သန်း တိုးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။