စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးရည်ရွယ်ချက်ပြည်ပလေ့လာသူတွေသုံးသပ်

ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2022.07.15
စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးရည်ရွယ်ချက်ပြည်ပလေ့လာသူတွေသုံးသပ် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အကြီးအကဲများ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: Myanmar Military

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ် ထားတဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့်၊ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို အလွတ်သဘော လာရောက်တဲ့ ခရီးအဖြစ် ဖော်ပြခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့ ရုရှားနိုင်ငံကို ဒုတိယအကြိမ် သွားရောက်တဲ့ ခရီးစဉ်အတွင်း မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မော်စကိုမြို့၊ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်မှာ ရွှေ စည်းခုံ ပုံတူစေတီ ထီးတော်တင်တာ၊ ရုရှား မြန်မာ ချစ်ကြည်ရေးအသင်း၊ ရုရှား အာဆီယံ စီးပွားရေး ကောင်စီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာတွေ လုပ်ခဲ့ပေမယ့်၊ ရုရှား ကာကွယ် ရေးဝန်ကြီး ဆာဂေး ရှိုဂူ တို့နဲ့တော့ တွေ့ဆုံခွင့်မရခဲ့ဘဲ ရုရှား ဒုတိယကာကွယ်ရေး ဝန်ကြီး အလက်ဇန်းဒါး ဖိုမင်နဲ့သာ တွေ့ဆုံခဲ့ရပါတယ်။

"အရင်စစ်အစိုးရတွေဟာ ၂၀၀၀ ပြည့်နှစ်လောက်ကတည်းက ရုရှားဆီက နျူကလီးယား နည်းပညာရဖို့ စပြီးကြိုးစားခဲ့ပါတယ်"

ဝါရှင်တန်ဒီစီ အမျိုးသား စစ်တက္ကသိုလ်က အရှေ့တောင်အာရှ ရေးရာ လေ့လာသုံးသပ်သူ ပါမောက္ခ Zachary Abuza က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ ရုရှား ခရီးစဉ်ဟာ မြန်မာ ပြည်တွင်းက အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့ စစ်လက်နက်နဲ့ နည်း ပညာတွေ ရယူဖို့တင်မက၊ သူ့အနေနဲ့ အရှေ့တောင်အာရှ ဒေသအပြင်ဘက်က နိုင်ငံတွေကို ယုံကြည်မှုရှိရှိနဲ့ ခရီးသွားလို့ရတယ်ဆိုတာ ပြသချင်တာဖြစ်တယ်လို့ တွစ်တာမှာ ရေးသား လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း အရပ်သား ပြည်သူတွေအပေါ် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ကျယ်ကျယ်ပြန့် ပြန့် ပြောဆိုထားကြပြီး၊ မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ်ကလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သတ်မှတ်ခံထားရတာပါ။ လက်ရှိ ICJ ICC တရားရုံးတွေနဲ့ universal jurisdiction အရ အခြားနိုင်ငံ တရားရုံးတွေမှာ စွဲဆိုထားတဲ့ အမှုတွေအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရမယ်ဆိုရင် မြန်မာနိုင်ငံ နယ်နမိတ် ပြင်ပကို ထွက်ခွာတာနဲ့ ဖမ်းဆီးခွင့်ရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ရုရှားနိုင်ငံက သူ့ကိုလက်ခံတယ်ဆိုတာ ပြသချင်တာလည်း ဖြစ်တယ်လို့ Zachary Abuza က သုံးသပ် ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်းမှာ ရုရှား အာကာသ အေဂျင်စီနဲ့ နိုင်ငံပိုင် ရုရှား နျူကလီးယား အေဂျင်စီ Rosatom ကိုသွားရောက်ခဲ့ပြီး၊ မြန်မာ နိုင်ငံမှာ နျူကလီးယား စွမ်းအင် အသုံးချရေး ကျွမ်းကျင်မှုနဲ့ သင်တန်းတွေ ပို့ချရေးအတွက် စစ်ကောင်စီရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ထိုးခဲ့ပါသေးတယ်။

တိုကျို တက္ကသိုလ်က မြန်မာ့အရေး သုတေသီ Sam Baron ကတော့ ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင်ဟာ ရုရှားဆီက နျူက လီးယား နည်းပညာရယူဖို့ သဘောတူ လက်မှတ်ရေးထိုးလိုက်တာကို နိုင်ငံတကာနဲ့ အပေးအယူ လုပ်စရာ အကြောင်းတစ်ခုကို ဖန်တီးဖို့ ကြိုးစားနေတာလို့ သုံးသပ်ပါတယ်။

“အခုလို စစ်ခေါင်းဆောင်က ရုရှားဆီကနေ နျူကလီးယား နည်းပညာ ရယူဖို့ကြိုးစား တာဟာ အနောက်နိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းတဲ့နေရာမှာ အပေးအယူလုပ်စရာ အကြောင်းတစ်ခုရှိလာအောင် ဖန်တီးတာဖြစ်နိုင်ပါတယ်။ စစ်ကောင်စီအနေနဲ့ နျူကလီးယား နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လက်တွေ့ကျကျ အသုံးချနိုင်တဲ့ အခြေအနေ မရှိသေးပေမယ့်၊ ဒီလိုအခြေအနေရှိလာခဲ့ရင် နိုင်ငံတကာအနေနဲ့ စစ် ခေါင်းဆောင်နဲ့ ညှိနှိုင်းဆွေးနွေးတဲ့ နေရာမှာ ဒီကိစ္စကို ထည့်စဉ်းစားရတော့မှာ ဖြစ် ပါတယ်။ အရင်ကလည်း မြန်မာ စစ်ခေါင်းဆောင်တွေဟာ အခုလို အကျပ်အတည်း ကြုံလာရတဲ့အခါ ဒီနည်းလမ်းကို ရလိုရငြားသုံးဖို့ ကြိုးစားခဲ့ဖူးတာတွေ့နိုင်ပါတယ်။ အရင်စစ်အစိုးရတွေဟာ ၂၀၀၀ ပြည့်နှစ်လောက်ကတည်းက ရုရှားဆီက နျူကလီးယား နည်းပညာ ရဖို့ စပြီး ကြိုးစားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ စီးပွားရေး ကျပ်တည်းမှုတွေနဲ့ နိုင်ငံတကာ ဖိအားတွေ ကြုံလာရတဲ့အချိန်မှာ ဒီရုရှား နျူကလီးယား အေဂျင်စီ Rostom နဲ့ပဲ နျူကလီးယား နည်းပညာ အသုံးချရေး သဘောတူညီချက် တစ်ခုကို အခုလိုပဲ လက်မှတ်ထိုးခဲ့ဖူးတာ တွေ့နိုင်ပါတယ်”

minaung-russia.jpg
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အကြီးအကဲများ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ဆုံခဲ့စဉ် (Photo: Myanmar Military)

သြစတြေးလျ အမျိုးသား တက္ကသိုလ်က မြန်မာနိုင်ငံအရေး သုတေသန ပြုနေတဲ့ ပါရဂူဘွဲ့ ကျောင်းသား Hunter Marston ကတော့ မြန်မာ စစ်ခေါင်းဆောင်ဟာ ပြည်တွင်းမှာ စီးပွား ရေး အကျပ်အတည်းနဲ့ စွမ်းအင် ပြတ်လပ်မှုတွေ ရင်ဆိုင်နေရတာကို ဖြေရှင်းနိုင်ဖို့အပြင်၊ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ မထိရောက်ဘူးဆိုတာ ပြသဖို့အတွက် ရုရှား နိုင်ငံကို ခရီးထွက်ခဲ့တာလို့ သုံးသပ်ပါတယ်။

ရုရှားအရှေ့ဖျား ဖက်ဒရယ် တက္ကသိုလ်က သုံးသပ်သူ Artyom Lukin ကတော့ မြန်မာ စစ် ခေါင်းဆောင်ကို ရုရှား ထိပ်ပိုင်းခေါင်းဆောင်တွေက လက်ခံတွေ့ဆုံခဲ့တာ မရှိတာကို ကြည့် ခြင်းအားဖြင့်၊ အရေးပါတဲ့ မဟာမိတ် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်ဆံရေးထက်၊ ရုရှားလုပ် စစ်လက်နက် ပစ္စည်းတွေ အမြောက်အများ ဝယ်ယူနေတဲ့အတွက် ဖောက်သည်တစ်ဦးကို စိတ်ကျေနပ်အောင် လာရောက်ခွင့်ပေးတဲ့ သဘောသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံအပေါ် သစ္စာရှိတဲ့ မဟာ မိတ် တစ်ဦးအဖြစ် သက်သေပြဖို့ ကြိုးစားခဲ့ပေမယ့်၊ အခု ရုရှားနိုင်ငံ ခရီးစဉ်အတွင်းမှာ နိုင်ငံခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ကြိုဆိုတာ မခံခဲ့ရဘဲ စစ်ဦးစီးချုပ် တစ်ဦးအဖြစ် သာ လက်ခံကြိုဆိုခဲ့တဲ့အကြောင်း၊ ရုရှားသတင်းမီဒီယာတွေကလည်း မြန်မာစစ်ခေါင်း ဆောင်အဖြစ်နဲ့သာ ရေးသား ဖော်ပြကြပြီး ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့လည်း တွေ့ဆုံခွင့်မရခဲ့တဲ့အကြောင်း သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။