ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုတွေ နေပြည်တော်မှာ စတင်လာ

RFA Burmese
2023.10.30
ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုတွေ နေပြည်တော်မှာ စတင်လာ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီများအား အီလက်ထရွန်နစ်မဲပေးစက်အကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး ရှင်းလင်းနေစဉ်။
AFP

စစ်ကောင်စီဟာ ဘယ်အချိန်မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ အတိအကျ မပြောပေမယ့် မဲပေးတာကို အီလက်ထရွန်နစ်စနစ်နဲ့ လုပ်မယ်ဆိုပြီး တချို့နေရာတွေမှာ စမ်းသပ်ပြင်ဆင်လေ့လာတာတွေ ခပ်စိပ်စိပ် လုပ်လာတာတွေ့ရပါတယ်။

အခု အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က Myanmar Electronic Voting Machine လို့ခေါ်တဲ့ မဲပေးစက်ကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် နေပြည်တော်က မြို့နယ် ရှစ်မြို့နယ်မှာ လုပ်မယ်လို့ အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်ပါတယ်။

အစောပိုင်းကတော့ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနနဲ့ရုံးတွေက ဝန်ထမ်းတွေကို အဲဒီမဲပေးစက်နဲ့ ပတ်သက်လို့ စမ်းသပ်မဲပေးစေတာ၊ စက်အကြောင်း ရှင်းလင်းတာတွေ လုပ်ခဲ့ပါတယ်။

“နယ်မြေ တည်ငြိမ်တဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ဖြစ်နိုင်လိမ့်မယ်”

အခုတော့ အရပ်သား ပြည်သူကြားမှာ ဒီမဲပေးစက်အကြောင်း ပထမဆုံး အသိပေး ရှင်းလင်းမှာလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ ဥတ္တရသီရိမြို့နယ်မှာ မဲပေးစက်အကြောင်း ရှင်းလင်းပြောပြ နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။

“ခရိုင်အဆင့်က ပြီးသွားပြီ၊ ဝန်ကြီးဌာနက ပြီးသွားပြီ။ Election ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အဲဒီလိုပြတာပဲ ရှိတာပေါ့။ သရုပ်ပြတာပေါ့နော်။ မြို့နယ် အဆင့်ကိုတော့ ရပ်ကျေးတွေ ဘယ်နှယောက်၊ ဘယ်နှယောက်ဆိုပြီး ခေါ်ပြီးတော့လုပ်ဖို့ အစီအစဉ် ရှိတယ် ဆိုတဲ့အကြောင်း ပြောတယ်။ မြို့နယ်အဆင့်ဆိုရင် ရပ်ကျေးကနေ လာကြရမှာ။ အုပ်စုတွေပေါ့၊ ဘယ်အုပ်စု ဘယ်ရွာပေါ့။ အဲလိုမျိုးခေါ်ပြီး စုစည်းပြီးတော့မှာ Election ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သရုပ်ပြမယ့်ပုံစံမျိုးပေါ့”

အရင် ရွေးကောက်ပွဲတွေတုန်းက မဲကိုစာရွက်ပေါ်မှာ ပေးရတဲ့စနစ် ဖြစ်ပါတယ်။ အခုစမ်းသပ်နေတဲ့ အီလက်ထရွန်နစ် မဲပေးစနစ်မှာတော့ ကိုယ်စားလှယ်လောင်း အရေအတွက်အလိုက် မဲပေးရမယ့် ခလုတ်ခုံတွေပါမှာဖြစ်ပြီး ကိုယ်မဲပေးမယ့် ကိုယ်စားလှယ်လောင်းရဲ့ ခလုတ်ကိုနှိပ်ရမှာ ဖြစ်ပါတယ်။

မဲရေတွက်တာကိုလည်း မဲပေးစက်ကနေ ထိန်းချုပ်ထားတဲ့ ဒေတာ အချက်အလက် ကနေတစ်ဆင့် ပြန်ရေတွက်မှာပါ။

ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ နေပြည်တော် ကောင်စီနယ်မြေ တာဝန်ခံ ဒေါက်တာ မျိုးဆက်သွေးကတော့ အီလက်ထရွန်နစ် မဲပေးစနစ်နဲ့ပတ်သက်လို့ ပြည်သူအတွေအကြား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးတာတွေ လုပ်ရမယ်လို့ RFA ကို ပြောပါတယ်။

“အခုသူတို့ (ရွေးကောက်ပွဲ ကော်မရှင်) လုပ်နေတာက ခန်းမတွေပေါ့နော်။ Public Space အများပြည်သူ သွားလာရာ နေရာတွေမှာ လူတွေကိုခေါ်ပြီး ပြတာပေါ့နော်။ ဒါကကျတော့ ပြတဲ့အချိန် ကိုယ်ကအားမှ သွားကြည့်ပြီး လုပ်နိုင်တာပေါ့နော်။ စက်အသုံးပြုပုံကို ဥပမာ- ဗီဒီယိုရိုက်ပြီးတော့မှ ရုပ်မြင်သံကြားက လွှင့်တာမျိုး ဒါမှမဟုတ် အများမြင်သာတဲ့နေရာမှာ LED ဘုတ်တွေနဲ့ ပြတာမျိုးတွေပေါ့၊ တစ်ချိန်လုံး ပြနေရင်တော့ ဖြတ်သွားဖြတ်လာ ကြည့်ဖြစ်တာပေါ့”

လုံခြုံရေးအရ အမည်မ‌ဖော်လိုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တစ်ဦးကတော့ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ လှုပ်ရှားမှုတွေ ရှိနေပေမယ့်လည်း အမှန်တကယ် ရွေးကောက်ပွဲလုပ်နိုင်တဲ့ ဒေသတွေ နည်းလိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“အခုအခြေအနေအရဆိုရင် ရွေးကောက်ပွဲ ပြုလုပ်နိုင်တဲ့နေရာတွေ၊ ဒေသတွေဟာ တော်တော်လေး အကန့်အသတ်ရှိတယ်။ ရွေးကောက်ပွဲကို အပြည့်အဝ မကျင်းပနိုင်ဘဲနဲ့ နိုင်ငံအဆင့် ရွေးကောက်ပွဲ ကျင်းပတယ်ဆိုတဲ့ပုံစံမျိုး သူတို့ (စစ်ကောင်စီ) ပုံဖော်နိုင်မှာ မဟုတ်ဘူး။ ဒါက နိုင်ငံရေး ထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲကို ကြိုးစားဦးတော့ နိုင်ငံရေးထွက်ပေါက် ဖြစ်မလာတာမျိုး တစ်နိုင်ငံလုံးအနှံ့ ရွေးကောက်ပွဲ အောင်မြင်စွာ မကျင်းပနိုင်ဘူးဆိုရင် သူတို့ (စစ်ကောင်စီ) ရဲ့ လက်တွေ့ အကောင်အထည် ဖော်နိုင်စွမ်း ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်မယ်ပေါ့နော်”

ဒါ့ကြောင့် စစ်ကောင်စီက နယ်မြေ တည်ငြိမ်တဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ဖြစ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်ကတော့ စစ်ကောင်စီက နိုင်ငံတကာကို ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နေပါတယ်ဆိုတဲ့ သတင်းစကားပါးဖို့ လုပ်နေတာလို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီက နိုင်ငံတကာကို သူ့အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်း နေပါတယ် ဆိုတဲ့အချက်ကို ပြချင်တဲ့အနေနဲ့ ဒီလိုအချိုးမျိုးကို ချိုးတယ်လို့ပဲ ကျွန်တော်တို့က ယူဆတယ်။ နောက်တစ်ခါကျတော့ သူ့ရဲ့ သက်တမ်းကို တစ်နည်းတစ်ဖုံနဲ့ ဆွဲဆန့်တဲ့ အနေအထားမျိုးလည်းဖြစ်တယ်”

အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ မှတ်ပုံတင်ခွင့်ပြုတဲ့ နိုင်ငံရေးပါတီ ၃၇ ပါတီတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုထားတဲ့ ရက်ပေါင်း ၁၈၀ ပြည့်ကာနီး ပါတီတွေအနေနဲ့ သတ်မှတ်ကာလအတွင်းမှာ ပါတီရုံးခန်းတွေဖွင့်ဖို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက အဲဒီပွဲမှာပြောခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေမှာပဲ လုပ်နိုင်မယ်လို့ သုံးသပ်ပါတယ်။

“တခြားတိုင်းနဲ့ ပြည်နယ်မှာ ဘယ်နေရာမှာမှ လုံခြုံမှုမရှိဘူးလေ။ အခုက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို့ မြို့ကြီးသုံးမြို့မှာပဲ လုံခြုံမှုရှိတဲ့အခါကျတော့ သူတို့ (စစ်ကောင်စီ) ရဲ့ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီး သူတို့ကနေ ရွေးချယ်ပြီး လုပ်တာပေါ့။ တစ်ပြည်လုံးမှာလည်းပဲ ဒီနေရာက (နေပြည်တော်) ကပဲ လုံခြုံစိတ်ချ ရတယ်လို့ ဆိုနိုင်တဲ့နယ်မြေက ဒီနေရာပဲရှိတာကို အဲဒါကြောင့် လုပ်တယ်လို့ ထင်ပါတယ်”

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ပြီးမှ ရွေးကောက်ပွဲကို အစောဆုံးလုပ်မယ်လို့‌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတုန်းက ရှမ်းပြည်ခရီးစဉ်မှာ ပြောခဲ့ပါတယ်။

NUG အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်နေသူတွေနဲ့ မြို့ပြမှာ ဆန္ဒပြလှုပ်ရှားသူတွေက စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်နေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။