တစ်နှစ်ကျော်အတွင်း ဘာသာရေးအဆောက်အအုံ ၁၃၀ ကျော် ဖျက်ဆီးခံရ

2022.06.30
တစ်နှစ်ကျော်အတွင်း ဘာသာရေးအဆောက်အအုံ ၁၃၀ ကျော် ဖျက်ဆီးခံရ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ​ဒေါ​ညေးခူ​ကျေးရွာရှိ ကက်သလစ် ဘုရားရှိခိုး​ကျောင်းကို တွေ့ရစဥ်
Photo: KNDF

ဒေသခံတွေရဲ့ ပြောဆိုချက်၊ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ကနေ အခု ၂၀၂၂ ဇွန်လ ၂၇ ရက်နေ့အထိ စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော် အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ဘာသာရေး အဆောက်အအုံ ၁၃၂ ခု မီးရှို့မှုအပါအဝင် ပုံစံအမျိုးမျိုးနဲ့ ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၂၈ ကျောင်း၊ သီလရှင်စာသင်ကျောင်း တစ်ကျောင်း၊ ဗလီ နှစ်ခုနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း နှစ်ကျောင်း စုစုပေါင်း ဘာသာရေး အဆောက်အအုံ ၃၃ ခု ဖျက်ဆီးခံခဲ့ရပါတယ်။

မကွေးတိုင်းမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၁၁ ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း၊ ချင်းပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်း ၆၆ ကျောင်း၊ ကယား (ကရင်နီ) ပြည်နယ်မှာ ခရစ်ယာန် ဘုရားကျောင်း ၂၀ နဲ့ မွတ်စလင်ဗလီ တစ်လုံး မီးရှို့မှုနဲ့ ရိုက်ချိုး ဖျက်ဆီးမှု အပါအဝင် ပုံစံမျိုးစုံနဲ့ ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းမှာ ပုလဲမြို့နယ်ဟာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်း အများဆုံး ဆုံးရှုံးခဲ့ရတဲ့ မြို့နယ်ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အေးအေးချမ်းချမ်း သာသနာမပြုနိုင်တော့ဘဲ နေ့စဥ် အသက်ရှင်အောင်သာ ကြိုးစားရုန်းကန်နေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလဲမြို့နယ်က ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

“ကျောင်းတွေမှာ မီးရှို့ဖျက်ဆီးသွားတာတွေကတော့ ဒကာကြီးရယ် ဒါက ဒကာ၊ ဒကာမတွေက ဆောက်ပေးလို့ ဦးပဥ္ဇင်းတို့က ကျောင်းတွေမှာ နေကြရတယ်။ အခု ရွာတွေမှာရော၊ ကျောင်းတွေမှာရော မီးရှို့သွားတယ် ဆိုတာကျတော့ ဦးပဥ္ဇင်းတို့ ဘုန်းကြီးတွေမှာ သာသနာရေး၊ ဘာသာရေး လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ အခုဥစ္စာက ကိုယ့်အသက်ကိုမှ လွတ်အောင် တော်တော်ပြေးနေရတဲ့ ဘဝမျိုး ဖြစ်နေ တာကိုး ဒကာကြီးရဲ့”

ပုလဲမြို့နယ်ထဲက သူ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်သားတွေရောက် လာပြီး ကျောင်းမှာရှိတဲ့ ဘုရားငွေ၊ ဆရာတော်ကြီးငွေနဲ့ ကျောင်းလူမှုရေးအသင်းပိုင်ငွေ အားလုံးကို ယူဆောင်သွားသလို နှစ်ပေါင်း ၂၀၀ ခန့် သက်တမ်းရှိ ပတ္တမြားမြှုပ်ထားတဲ့ ရွှေဆင်းတုတော်တစ်ဆူကိုလည်း စစ်သားတွေက ယူသွားကြတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

စစ်ကိုင်းတိုင်း ကျေးရွာတချို့က ရွာဦးဘုရားစေတီတွေမှာဆိုရင် ပြည်တွင်းစစ်ရဲ့ ပြယုဂ် ကျည်ဆန်ရာ၊ ဗုံး ဒဏ်ရာတွေကို မြင်တွေ့ရတဲ့အတွက် ဝမ်းနည်းစိတ်ထိခိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းထဲက လက်နက်ကိုင် ခုခံမှုအားကောင်းတဲ့ ပေါက်၊ မြိုင်၊ ရေစကြို၊ ဆော စတဲ့မြို့နယ်တွေမှာလည်း ဘုန်းကြီးကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်က ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီး တာဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆောဒေသခံတစ်ဦးက ပြောပါတယ်။

“ဒါက သူတို့ရဲ့လုပ်ရိုးလုပ်စဉ်လို ဖြစ်နေတော့တာကိုးဗျ။ သူတို့အတွက်က ဘာသာ တရားလို့လည်း မရှိတော့ဘူးဆိုတော့ အဓိကကတော့ သူတို့တပ်ဖွဲ့ဝင်တွေ၊ စစ်ခွေးတွေ ခံရတဲ့အခါတွေမှာ အရပ်သားတွေကို သတ်တယ်။ ဘာသာရေး အဆောက်အအုံလည်း မညှာတော့ဘူး။ ခင်ဦးကိစ္စလိုပေါ့ဗျာ။ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေ အပြင် ဘုန်းကြီးကျောင်းထဲမှာ တန်ဖိုးကြီးပစ္စည်းတွေ၊ ဘာတွေ တွေ့တာကို ယူသွား တယ်။ အဲဒါတွေက ပုံမှန်လို ဖြစ်နေတော့ သူတို့နောက်က အရင်ကလို ထောက်ပို့တွေက မရှိဘူးဆိုတော့ တွေ့ရာယူပြီးတော့ အဲဒါမျိုးတွေ လုပ်တော့တာပေါ့”

ချင်းပြည်နယ်ဟာလည်း အာဏာသိမ်း တစ်နှစ်ကျော်အတွင်း ခရစ်ယာန်ဘုရားကျောင်းတွေ ဖျက်ဆီးခံရမှု အများဆုံးဒေသ ဖြစ်ပါတယ်။

ချင်းရေးရာအဖွဲ့ချုပ်ရဲ့ ၂၀၂၂ ဇွန်လ ၂၇ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းတစ်နှစ် ကျော်အတွင်း ချင်းပြည်နယ်တစ်ခုလုံးမှာ ခရစ်ယာန်ဘာသာရေး အဆောက်အအုံ ၆၆ ခု ဖျက်ဆီးခံခဲ့ရပါတယ်။ ခရစ်ယာန် ဘုရားကျောင်းတွေဟာ ထန်တလန်၊ ဟားခါး၊ တီးတိန်၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်နဲ့ မတူပီ မြို့နယ်တွေက ဖြစ်ပါတယ်။

ချင်းပြည်နယ်က ဘာသာရေးအဆောက်အအုံတွေဟာ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံနေရ တာလို့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သိက္ခာတော်ရဆရာတော် Dennis Ngun Thang Mang က RFA ကို ပြောပါတယ်။

“ဘာသာရေးအဆောက်အအုံကျတော့ အထွတ်အမြတ် အထားဆုံးပေါ့။ ထားတဲ့ အဆောက်အအုံတွေ ဖြစ်တဲ့အတွက်ကြောင့် တော်တော်လေး ဝမ်းနည်းတယ်။ စိတ်လည်း မကောင်းဘူး။ အဲဒါတွေကို ပစ်မှတ်ထားပြီး လုပ်တဲ့ သဘောမျိုး သက်ရောက်တယ်လို့ပဲ ခံစားရတဲ့အတွက်ကြောင့် လုံးဝ အဲဒါ မဖြစ်သင့်တဲ့အရာလို့ ကန့်ကွက် မှတ်ချက်ချထားတယ်ပေါ့။ မတော်တဆ ဆိုတာကတော့ ၁၀၀ မှာ ၅ ရာခိုင်နှုန်းလောက်တောင် ရှိမလားလို့ပဲ အဲဒီလိုပဲ မြင်တယ်။ မတော်တဆ သဘော မဟုတ်ဘဲ တကယ့်ကို ပစ်မှတ်ထားပြီး လုပ်တဲ့သဘောလို့ပဲ အဲဒီလို ယူဆတယ် ပေါ့နော်”

ဘုရားကျောင်းတစ်ခု ဖြစ်မြောက်ဖို့အတွက် အချိန်နဲ့ ငွေကြေး များစွာအသုံးပြုခဲ့ရတာမို့ အခုလို ခရစ်ယာန်ဘာသာရေးအဆောက်အအုံတွေ ဆုံးရှုံးရတာဟာ ပိုပြီးတန်ဖိုးကြီးတယ် လို့လည်း သူက ဆိုပါတယ်။

ဘုရားကျောင်းတွေ ဖျက်ဆီးခံရတဲ့အပြင် ခရစ်ယာန်ဓမ္မဆရာ အယောက် ၂၀ လည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက လေးယောက် သေဆုံးခဲ့ကြောင်း၊ ၁၂ ဦး ပြန်လွတ်လာပေမယ့် ကျန်လေးဦး အခုချိန်အထိ အဖမ်းခံထားရကြောင်း ပြီးခဲ့တဲ့ မတ်လ ၂၂ ရက် ချင်းရေးရာ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

"မလွှဲသာမရှောင်သာလို့ ထိခိုက်မိတဲ့ဟာတွေက နားလည်လို့ရပေမယ့်လည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ဟာမျိုးတွေကတော့ လုံးဝမဖြစ်သင့်ဘူး"

ကယား (ကရင်နီ) ပြည်နယ်မှာလည်း စစ်တပ်ရဲ့ လက်ချက်ကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ဇွန်လ ၂၇ ရက်နေ့အထိ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေက ဘာသာရေး အဆောက်အအုံ ၂၁ ခု ထိခိုက် ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) ရဲ့ ပြောခွင့်ရသူတစ်ဦးက RFA ကို ပြောပါတယ်။

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့က ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦး ကတော့ ခရစ်ယာန်ဘာသာရေးအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာမျိုး ဟာ မလုပ်သင့်တဲ့ကိစ္စလို့ ထောက်ပြဝေဖန်ပါတယ်။

“ဘုရားကျောင်းကန်လေးတွေ၊ စာသင်ကျောင်းတွေ၊ ဆေးခန်းလေးတွေ တိုက်ခိုက်မှု အဲဒီဟာတွေက စစ်ပွဲဘယ်လောက်ပဲ ပြင်းထန်ပါစေ ဒါတွေက တိုက်ခိုက်လို့ မရဘူးလေ။ ဒါလည်း ဟိုကျည်ဆန်ဆိုတော့လည်း သွားချင်တဲ့ဟာသွားတာဆိုတော့ နားတော့နား လည်တာပေါ့။ ဒီတော့ အစောပိုင်းက ပြောခဲ့သလို မလွှဲသာမရှောင်သာလို့ ထိခိုက်မိတဲ့ ဟာတွေက နားလည်လို့ရပေမယ့်လည်း Intentionally (ရည်ရွယ်ချက်ရှိရှိ) တိုက်ခိုက် တဲ့ဟာမျိုးတွေ၊ မီးရှို့ဖျက်ဆီးတဲ့ဟာမျိုးတွေ၊ ပျက်စီးရာပျက်စီးကြောင်း လုပ်တဲ့ဟာမျိုး တွေကတော့ လုံးဝမဖြစ်သင့်ဘူးလို့ ထင်ပါတယ်”

စစ်တပ်က ဘာသာရေးအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

အရင်အကြိမ်တွေတုန်းကတော့ စစ်တပ်အနေနဲ့ ဘယ်လို ဘာသာရေးအဆောက်အအုံကိုမှ ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ငြင်းဆိုခဲ့ဖူးပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ စစ်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာရှိ ခရစ်ယာန်သီလရှင်ကျောင်းမှ အဆောက်အအုံတွေ ပျက်စီးခဲ့စဥ် (Photo: CJ)
၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ စစ်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာရှိ ခရစ်ယာန်သီလရှင်ကျောင်းမှ အဆောက်အအုံတွေ ပျက်စီးခဲ့စဥ် (Photo: CJ)

NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကတော့ ဒီပြစ်မှုတွေကို နောင် တစ်ချိန်မှာ ပြန်အရေးယူနိုင်ဖို့အတွက် ဒေသခံတွေအနေနဲ့ အခုကတည်းက ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့တကွ မှတ်တမ်းတင်ထားသင့်တယ်လို့ တိုက်တွန်း ပါတယ်။

“ဒီကိစ္စတွေကို စနစ်တကျ မှတ်တမ်းတင်ဖို့က အရေးကြီးပါတယ်။ ဒီအချိန်မှာ ဒီကိစ္စကို မှတ်တမ်းမတင်တဲ့အခါ တစ်ချိန်ချိန်မှာ ဒီကိစ္စကို အရေးယူဆောင်ရွက်ဖို့ ဒါနဲ့ပတ်သက် လို့ အမှန်တရား ဖော်ဆောင်ဖို့အတွက် သက်သေလိုတဲ့အခါမှာ သက်သေအထောက် အထား မခိုင်လုံလို့ မရပါဘူး။ ဒါကြောင့် ချိုးဖောက်မှုတွေ၊ ရက်စက်မှုတွေ၊ ရာဇဝတ်မှု တွေအားလုံးကို ရင်နာနာနဲ့ပဲ အချက်အလက်တွေ စုဆောင်းပေးပါ။ ဖြစ်ပျက်တဲ့ အဖြစ်အပျက်နဲ့ အတိအကျ စုဆောင်းပေးပါ။ ကျူးလွန်တဲ့သူတွေကို ဘယ်တပ်ရင်း တပ်ဖွဲ့လဲဆိုတာကို စနစ်တကျ မှတ်တမ်းတင်ပေးပါ။ တစ်ချိန်မှာ သက်သေခံ အထောက်အထားတွေ ဖြစ်လာအောင် ကြိုးပမ်းပေးဖို့အတွက် တိုက်တွန်းလိုပါတယ်”

ဂျီနီဗာကွန်ဗန်းရှင်းလို့ ခေါ်တဲ့ စစ်ပွဲများဆိုင်ရာ နိုင်ငံတကာဥပဒေတွေမှာ ဘယ်ဘာသာရေး အဆောက်အအုံကို မှ တိုက်ခိုက်ဖျက်ဆီးခြင်း မလုပ်ရလို့ တားမြစ်ထားပေမယ့် စစ်ကောင်စီ တပ်ကတော့ သူတို့ကို လက်နက်ကိုင် ဆန့်ကျင်သူတွေကို ချေမှုန်းရာမှာ ဘာသာရေး အဆောက်အအုံတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာ တွေ့ရတယ်လို့လည်း ဦးအောင်မျိုးမင်းက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖျက်ဆီးခံရတဲ့ ဘာသာရေးအဆောက်အအုံ ၁၃၂ ခုမှာ အများစုက မီးရှို့ ဖျက်ဆီးခံရတာဖြစ်ပါတယ်။ တချို့ကတော့ လက်နက်ကြီးထိတာ၊ စစ်သားတွေက အဆောက်အအုံတွေထဲအထိ ဝင်ရောက်ပြီး ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုး ဖျက်ဆီးတာတွေ ပါဝင်ကြောင်း RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေသခံတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက ပြောပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။