စစ်အာဏာသိမ်းမှုကို ကမ္ဘာ့ခေါင်းဆောင်တွေ ဘယ်လိုရှုမြင်ကြသလဲ

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.02.22

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖြစ်ရပ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံအသီးသီးက တုံ့ပြန်ပြောဆိုမှုတွေဟာ အာဏာသိမ်း အစိုးရက ရှေ့ဆက်မယ့် လုပ်ဆောင်ချက်တွေအတွက် ကြီးမားတဲ့ သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် တွေကို ဖိနှိပ်တာတွေကို ရပ်တန့်ပြီး၊ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြတောင်းဆိုသူတွေအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက် ပြီး ဝင်ရောက် ဖြေရှင်းပေးဖို့ နိုင်ငံတကာကို ပစ်မှတ်ထားပြီး တောင်းဆိုတာတွေ တိုးပွားလာနေပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက ဘယ်လို တုံ့ပြန်လုပ်ဆောင်ချက်တွေ ရှိနေသလဲ ကြည့်လိုက်ရအောင်ပါ။

တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အာဏာသိမ်းမှုဖြစ်ရပ်တွေကို နုတ်ဆိတ်နေခြင်းအားဖြင့် အားပေးထောက်ခံနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေကို မမှန်ကန်ကြောင်း တရုတ်နိုင်ငံခြားရေ ဝန်ကြီး ဝမ် ဝန်ဘင်းက ဖေဖော်ဝါရီလ ၃ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းမိတ်ဆွေကောင်း နိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဝိဝါဒကွဲပြားမှုတွကို အဆုံးသတ်ပြီး နိုင်ငံရေး လူမှုရေးတည်ငြိမ်မှုတွေ ရဖို့ မျှော်လင့်ကြောင်း သူက ပြောသွားပါတယ်။

ဖေဖော်ဝါရီလ ၅ရက်နေ့က အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီ နဲ့ မလေးရှားဝန်ကြီးချုပ် မူဟာရဒင် ရာစင်တို့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံအရေးဟာ စိုးရိမ်ပူပန်စရာဖြစ်ပြီး၊ အရှေ့တောင်အာရှဒေသတွင်းက တည်ငြိမ်မှုကို ထိခိုက်လာနိုင်ကြောင်းနဲ့ အာဆီယံ နိုင်ငံတွေအနေနဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ကြားဝင်စွက်ဖက်မှု မပြုရေးမူကို မချိုးဖောက်ဘဲ မြန်မာနိုင်ငံက အခြေအနေတွေကို ဥပဒေနဲ့ အညီ ကူညီဖြေရှင်းသွားဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကို တိုက်တွန်းကြောင်း ပြောသွားပါတယ်။

အမေရိကန် နိုင်ငံကတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး၊ စိုးရိမ်ပူပန်ကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းခံ အရပ်သားခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ အိမ်ဖြူတော် ပြောခွင့် ရ ပုဂ္ဂိုလ်တွေက ထုတ်ဖော်ပြောဆိုခဲ့ကြပြီး၊ ဖေဖော်ဝါရီလ ၁၀ရက်မှာ သမ္မတ ဂျိုးဘိုင်ဒင်ကိုယ်တိုင်က မြန်မာ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမယ့် အစီအစဉ်တွေကို ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ကတော့ နယူးဇီလန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံရေးနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ဂျာစင်ဒါ အာဒန်က နယူးဇီလန်အနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်အစိုးရကို တရားဝင်အသိအမှတ်မပြုကြောင်း ပြသတဲ့အနေနဲ့ ခုလို ဆက်ဆံရေး ဖြတ်တောက်လိုက်တာလို့ ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ အာဏာသိမ်းခေါင်းဆောင်နဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကတော့ သူ့အနေနဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ တောင်းခံထားတဲ့ စာတစ်စောင်ကို မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တွေဆီကနေ လက်ခံရရှိခဲ့တယ်လို့ ပြောပါတယ်။

သူက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းက ထောက်ခံပေမယ့်၊ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ကတော့ အာဏာသိမ်း ခေါင်းဆောင်တွေရဲ့ သဘောအတိုင်းသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေးနဲ့ နှစ်နိုင်ငံ ပြည်သူတွေအပေါ်မှာ သက်ရောက်မှု ရှိတဲ့အတွက် နှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင် ထိန်းထားဖို့ လိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းကြောင်း ကြေညာလိုက်ပြီးတဲ့နောက် ဗြိတိန်နဲ့ ဥရောပသမဂ္ ဂနိုင်ငံတွေဟာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံအရေးအတွက် အထူးအစည်းအဝေး ခေါ်ယူဖို့ စတင်ပြီး နိုးဆော်ခဲ့ကြတာပါ။ အကျိုးဆက်အနေနဲ့ ဖေဖော်ဝါရီလ ၁၂ရက်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေး ကျင်းပနိုင်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ နဲ့ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေ မလုပ်ဖို့ တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့က ကျင်းပတဲ့ ဥရောပသမဂ္ဂညီလာခံ မတိုင်ခင်မှာတော့ ဥရောပသမဂ္ဂ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ အခြေအနေ ပိုဆိုးသွားမှာကို မလိုလားတဲ့အတွက် မြန်မာနိုင်ငံမှာ ဖြစ်ပွား နေတဲ့ အာဏာသိမ်းမှုနဲ့ ပြည်သူတွေရဲ့ ဆန္ဒပြတာကို အကြမ်းဖက်နှိမ်နင်းတာနဲ့ ပတ်သက်ပြီး အဆိုးဆုံး အနေရောက်လာမှသာ ပိတ်ဆို့အရေးယူမှုတွေ စတင်ချမှတ်သွားမယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဟဲခို မာ့စ်က ပြောသွားတာ တွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၂၀ရက်က ဆန္ဒပြ ပြည်သူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်နှိမ်နှင်းမှုတွေကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချကြောင်း ဂျပန်ပါလီမန် အတွင်းရေးမှူး ကတ်တို ကာဆူနိုဘူက ပြောလိုက်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို လက်နက်နဲ့ ပစ်ခတ်နှိမ်နှင်းတာ လက်ခံနိုင်စရာမရှိဘူးလို့လည်းသူကပြောပါတယ်။

အလားတူပဲ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံး လုပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ စင်ကာပူ နိုင်ငံကတော့ မြန်မာနိုင်ငံက အခြေအနေတွေဟာ စိုးရိမ်ပူပန်စရာကောင်းပေမဲ့ ကျယ်ပြန့်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဖို့ မလိုဘူးလို့ အစပိုင်းမှာ ပြောထားခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်နိုမ်နှင်းမှုနဲ့ ပတ်သက်ပြီးတော့ ဒါဟာ ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ ပြောဆိုသွားတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။