မြန်မာစစ်တပ်အတွက် တိုက်ပွဲပုံစံကွဲပြားလာ

စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2021.06.02

လွတ်လပ်ရေးရပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့သာ ရင်ဆိုင်တိုက်ပွဲဝင်တဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံအနှံ့ စစ်မျက်နှာ ဖွင့်ရမယ့် အနေအထားကို ရောက်လာပါတယ်။ ဒီလိုမျိုး မြန်မာ့သမိုင်းမှာ တခါမှ မရှိခဲ့ဖူးဘဲ ဒါကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြိုတင်စဉ်းစားခဲ့တာရှိ-မရှိလည်း မသိရပါဘူး။

နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးတွေရေးနေတဲ့ ဦးစည်သူအောင်မြင့်ကတော့ ...

"စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ရေးအခင်းအကျင်းနဲ့ ဗိုလ်ချုပ်မှုုးကြီး မင်းအောင်လှိုင်တို့ စစ်အင်အား ဖြည့်ဆည်းထားပုံက ကွက်တိဖြစ်မနေတာကို ထောက်ပြပါတယ်။ စစ်တပ် စစ်အင်အားက နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို တိုက်ဖို့ဖြစ်တယ်။ တင့်ကားတွေ စစ်ကားတွေကို နယ်စပ်မှာချပြီး အဝေးက ချဉ်းကပ်တိုက်တဲ့နည်း ဖြစ်တယ်"

ခုက ပြည်တွင်းမှာ တပ်စခန်းချရင် ပတ်ပတ်လည်မှာ ပြည်သူတွေပဲ။ စစ်ကိုမလိုလားပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ဖို့ လူငယ်လူရွယ်တွေ ပြည်သူတွေက လက်နက်ကိုင်လမ်းစဉ်ကို မလွှဲမရှောင်သာ ရွေးချယ်လိုက်ရပါတယ်။

တောင်သူလယ်သမားအကျိုးဆောင် မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးဇော်ရမ်းကတော့ အေးအေးချမ်းချမ်းနဲ့ ဆန္ဒပြပေမဲ့ လူသတ်၊ လုယက်၊ လမ်းပေါ်တင်မက အိမ်ပေါ်ကတက် အကြမ်းဖက်တော့ နောက်ဆုံးဒီလမ်းရွေးရတာလို့ပြောပါတယ်။

"CDM အနုနည်းနဲ့ မတရားမှုဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်သူက ပါဝင်၊ လက်နက်နဲ့ ရင်ဆိုင်တိုက်ပွဲဝင်သူက ဝင်၊ အကြမ်းဖက် နှိမ်နင်းနေတဲ့ကြားက ပြောက်ကျားဆန္ဒပြသူပြပြီး စစ်တပ်ဆီ ဘဏ္ဍာငွေမစီးဆင်းအောင် ထီတောင်မထိုးတော့တဲ့အထိ စစ်ကောင်စီကို လူထုက နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတာလည်းဖြစ်ပါတယ်"

kkk.jpg
စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေကြတဲ့ ကယားပြည်နယ်က လူငယ်များကို မေလနှောင်းပိုင်းက တွေ့ရစဉ်။(Photo: Citizen Journalist)

စစ်ဗိုလ်ချုပ်ဘဝက လူဝတ်လဲပြီး သမ္မတ ဦးသိန်းစိန်ဘဝနဲ့ ၂၀၁၁ မှာ ဂ ငယ်ကွေ့ကွေ့ ပြောင်းလဲလိုက်ချိန်နဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာချိန်မှာ အနာဂတ်အတွက် လူငယ်တွေ အားတက်လာပါတယ်။ ဒါပေမယ့် စစ်အာဏာ သိမ်းလိုက်တဲ့အတွက် အများစု ဘဝတဆစ်ချိုး ပြောင်းသွားပြီး လက်နက်ကိုင်မယ့်လမ်း ရွေးသူတွေ ရွေးတဲ့အခါ မိန်းကလေးတွေလည်း အားနွဲ့မနေတော့ဘဲ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒီထဲ လွတ်မြောက်နယ်မြေတနေရာမှာ စစ်သင်တန်းတက်ရောက်နေတဲ့ နဂိုဖျောက်ထားသူ မနှင်းဆီလည်းပါဝင်တာပါ။

"စစ်အာဏာသိမ်းလိုက်တော့ မှောင်ကျသွားတာပဲ၊ ကြိုးစားထားသမျှ ဘာဆက်လုပ်ရမှန်းမသိဘူး၊ ဒေါသလည်းထွက်ရတယ်"လို့ ပြောပါတယ်။

မနှင်းဆီတို့လို လူငယ်တွေနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ယဉ်ပြိုင်တိုက်ရမှာပါ။၂၀၂၁ မှာ မြန်မာစစ်တပ်အင်အားဟာ ကမ္ဘာ့နိုင်ငံ ၁၄၀ အနက် အဆင့် ၃၈ မှာ ရှိတယ်လို့ နိုင်ငံတကာ စစ်တပ်ရေးရာတွေကို သုတေသနလုပ်နေတဲ့ Global Fire Power က ဖော်ပြပါတယ်။ နိုင်ငံကသာ ကမ္ဘာ့အဆင်းရဲဆုံး တနိုင်ငံဖြစ်ပေမဲ့ စစ်အင်အားတောင့်တင်းတဲ့နေရာမှာ နောက်ကျမနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ လက်နက်တခါမှ မကိုင်ဖူးသူတွေ စစ်မြေပြင်မနင်းဖူးသူတွေ ထိပ်တိုက်တွေ့မယ့်ပွဲနဲ့ ပတ်သက်လို့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးဂျီအောင်ခမ်းကတော့ မြို့ပြတိုက်ပွဲ ရှည်ကြာမှာနဲ့ အသေအပျောက်ရှိမှာ စိုးရိမ်ရပါတယ်။ ဖြစ်လည်းမဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

နိုင်ငံရေးဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကတော့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်နေကျ ပုံသဏ္ဍာန်နဲ့ ခုရင်ဆိုင်ရမှာ ခြားနားသွားပြီလို့ ပြောပါတယ်။ မြို့ပြမှာ ဖြစ်လာဖွယ်ရှိတဲ့ ပြောက်ကျား စစ်ပွဲသဏ္ဍာန်ဟာ တိုက်ခိုက်ရေးနဲ့ ဝါဒဖြန့်ချိနည်းအဆင့်၊ မြို့ပြ ပြောက်ကျား အဖွဲ့အစည်း ကြီးထွားလာတဲ့ အဆင့်၊ မြို့ပြပြောက်ကျား ထိုးစစ်ဆင်ရေးအဆင့်၊ လူထုကို လှုံ့ဆော်စည်းရုံးရေးအဆင့်နဲ့ လူထုကိုယ်တိုင် ပါဝင်တဲ့အဆင့် ငါးဆင့်နဲ့ ပေါ်ထွန်းလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။