အာဏာသိမ်း ၁၀ လ စစ်တပ်ကျူးလွန်တဲ့ မုဒိမ်းမှုနဲ့ လိင်အကြမ်းဖက်မှု ၁၀ ခုရှိ

2021.11.29
အာဏာသိမ်း ၁၀ လ စစ်တပ်ကျူးလွန်တဲ့ မုဒိမ်းမှုနဲ့ လိင်အကြမ်းဖက်မှု ၁၀ ခုရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန် ၁၀ လနီးပါးကာလအတွင်း စစ်ကိုင်းတိုင်း၊ ရန်ကုန် တိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်ကောင်စီတပ်သားတွေ ကျူးလွန်တဲ့ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၀ ခုအထိရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် - မြန်မာနိုင်ငံ (WLB) က RFA ကို ပြောပါတယ်။

ဒီကျူးလွန်မှုတွေဟာ အာဏာသိမ်းပြီးနောက် ခပ်စိပ်စိပ်ဖြစ်လာနေတာလို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ နိုင်ငံ) ရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ သိသိသာသာကြီးကို ကျယ်ကျယ်ပြန့်ပြန့် ဒီလိုမျိုး ဘာမှကို ဂရုမစိုက်တော့ဘဲ ကြုံရင်ကြုံသလို မြို့ကြီးပြကြီး၊ လူနေရပ်ကွက်၊ ရွာ နေ့ခင်းကြောင်တောင်က အစ ပေါ့လေ ကျူးလွန်တာကို ကျမတို့ ပိုပြီးတော့တွေ့ရတယ်။ အရင်တုန်းကဆိုရင် တိုင်းရင်းသား ဒေသတွေမှာ စစ်ဖြစ်တဲ့နေရာတွေမှ ပိုပြီးတော့များတာပေါ့နော်။ စစ်ဖြစ်ပြီဟေ့ဆိုရင်ထားပါတော့ တအာင်းပလောင်နဲ့ သူတို့နဲ့ တိုက်ပြီဆိုလို့ရှိရင် ကြားရပြီ။ အဲဒီနေရာ ရှမ်းနဲ့ဖြစ်ပြီဆိုရင် ကြားရပြီ။ အဲဒီလိုဟာမျိုးပေါ့ အခုက နေရာတော်တော်နှံ့နှံ့ ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးတော့ သိသိသာသာ တိုးလာတာ ကျမတို့ မြင်ရတယ်ရှင့်"

အမျိုးသမီးများအဖွဲ့ချုပ် (WLB) က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်း က စစ်ကြောရေးစခန်းမှာ အမျိုးသမီးငယ်တစ်ယောက်ကို ရဲနဲ့ စစ်တပ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တစ်ခု၊ ကချင်ပြည်နယ် မိုးမောက်မြို့ နွယ်လန်းရွာမှာ ဇူလိုင်လအတွင်းကဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်သတ်ဖြတ် ခံရမှု တစ်ခု၊ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ နမ့်ဖက်ကာကျေးရွာနဲ့ နမ့်ဖလွန်ကျေးရွာမှာ အဓမ္မပြုကျင့်မှု နှစ်ခု၊ စစ်ကိုင်းတိုင်း ကနီမြို့နယ် မိကျောင်းတွင်း၊ လက်ပံစုနဲ့ မိုးကောင်းရွာတွေမှာ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်နဲ့ စစ်တင်ဘာ လတွေအတွင်း‌ကဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်မှု လေးခု၊ ချင်းပြည်နယ် အာလွယ်ကျေးရွာမှာ နိုဝင်ဘာလအတွင်း ကဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်မှု နှစ်ခုရှိခဲ့တာလို့ ဆိုပါတယ်။

"မွေးကင်းစကနေ ပြောရမယ်ဆိုရင် သေခါနီးအဖွားကြီးအထိ လုံခြုံမှုမရှိဘူးပေါ့လေ"

ကျုးလွန်ခံရသူတွေဟာ အသက်မပြည့်သေးတဲ့ အသက် ၁၄ နှစ်အရွယ်ကနေ အသက် ၆၂ နှစ်အရွယ် သက်ကြီးရွယ်အိုတွေအထိ ပါဝင်နေပါတယ်။

အဲဒီအထဲက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်ခုကတော့ ပြီးခဲ့တဲ့ ဧပြီလအတွင်း ရန်ကင်းဗုံးခွဲမှုနဲ့ စွပ်စွဲ အဖမ်းခံခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးဟာ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ နှုတ်နဲ့စော်ကားပြောဆိုမှုနဲ့ မိန်းမကိုယ်နေရာကို ကိုယ်ထိလက်ရောက် ကျုးလွန်တာ ခံခဲ့ရပါတယ်။

စစ်ကြောရေးစခန်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ နောက်ထပ်အမျိုးသမီး တစ်ဦးကတော့ ရွှေပြည်သာ စစ်ကြောရေးမှာ စစ်ဆေးနေစဉ် ရဲနဲ့စစ်သားတွေက သူ့ရဲ့ပေါင်ကို ကားခိုင်းပြီး မိန်းမကိုယ်နေရာကို သွေးကျတဲ့အထိ စစ်ဖိနပ်နဲ့ အကန်ခံခဲ့ရတယ်၊ ရင်သားတွေ ယောင်ရမ်းတဲ့အထိ ရိုက်နှက်ခံခဲ့ရတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (WLB) က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်နဲ့ စက်တင်ဘာလတွေမှာ အဓမ္မပြုကျင့်မှု ကျူးလွန်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ် မိကျောင်းတွင်း၊ လက်ပံစုနဲ့ မိုးကောင်းရွာက မုဒိမ်းမှု လေးခုမှာတော့ ကျူးလွန်ခံရသူတွေဟာ အသက် ၁၄ နှစ်၊ ၂၃ နှစ်၊ ၃၇ နှစ် နှစ်နဲ့ ၄၀ နှစ်အရွယ် အမျိုးသမီးတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ မှန်ကန်တဲ့အကြောင်း ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေကို အကူအညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို အတည်ပြုပါတယ်။

"စစ်ကြောင်းထိုးတဲ့အချိန်မှာ လူတွေက ရွာတွေက ပြေးကြတာလေ။ တချို့ကျတော့လည်း မလွတ်တာပေါ့၊ မလွတ်တဲ့ မိန်းကလေးတွေပေါ့၊ လွတ်အောင်မပြေးနိုင်တဲ့ မိန်းကလေးတွေ အဲလိုခံရတာပေါ့။ အဓမ္မပြု ကျင့်ခံရတယ် တချို့ကျတော့ သတ်ဖြတ်ခံရတာပေါ့နော်။ ယောကျ်ားလေးတွေဆိုရင်တော့ အများစုက သတ်ဖြတ် ခံရတာပါ။ အကြောင်းအရာတွေကတော့ လုံးဝကွန်ဖမ်းဖြစ်တယ်။ အားလုံး သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ဘာတွေနဲ့ ဆေးကုသမှုတွေ ခံယူပြီးတော့ လုပ်ထားတဲ့အကြောင်းအရာတွေ ဖြစ်တာပေါ့ နော်။ သူတို့ရဲ့ ပါဆင်နယ် လုံခြုံရေးပေါ့နော်၊ ဒါတွေက နာမည်ထုတ်လိုက်လို့ရှိရင် နောက်ကြောင်းရာဇဝင် လိုက်လာပြီးတော့ ပြဿနာလည်း ထပ်ရှာမှာလည်း စိုးရသေးတာပေါ့နော်။ သူနဲ့ ဆက်စပ်ပတ်သက်တဲ့ သူတွေရော အားလုံးကအစပေါ့နော်"

ကနီမြို့နယ်ဟာ စစ်တပ်ကို ရရာလက်နက်နဲ့ တော်လှန်တိုက်ခိုက်မှုကြောင့် စစ်တပ်က အင်အားသုံး ထိုးစစ်ဆင်ခံနေရတဲ့ ဒေသတစ်ခုဖြစ်ပြီး အင်တာနက်ဖြတ်တောက်ခံထားရတာနဲ့ ကျုးလွန်ခံရသူတွေရဲ့ လုံခြုံရေးအခြေအနေတွေအရ ထုတ်ဖော်မပြောရဲကြတာကြောင့် ဒီအမှုတွေဟာ လူသိနည်းနေတာလို့ ကနီမြို့နယ် ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် နွယ်လန်းကျေးရွာက အမျိုးသမီး တစ်ဦးကတော့ မုဒိမ်းမှုကျူးလွန်ခံရပြီးနောက် ဓားနဲ့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွယ်လန်းရွာက သတ်ဖြတ်ခံခဲ့ရတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဖြစ်စဉ်အတွက် စိတ်မကောင်းကြောင်း ကို စစ်တပ်က လာတောင်းပန်ခဲ့ပေမယ့် မုဒိမ်းမှုကျုးလွန်တဲ့ကိစ္စကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့သာ ပြော သွားတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။

“လာတောင်းပန်တာတော့ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး စိတ်မကောင်းပါဘူး။ အဓမ္မကိစ္စကတော့ စစ်ဆေး နေတယ်လို့ပဲ အဲဒါပဲပြောတယ်“

စစ်ကောင်စီတပ်သားတွေက မုဒိမ်းမှုကျူးလွန်ခဲ့ပြီးနောက် အသက်ရှင်ကျန်ခဲ့တဲ့ အမျိုးသမီးတွေမှာလည်း ထိတ်လန့်ချောက်ချားပြီး ဒီနေ့အထိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကို ခံစားနေကြရဆဲဖြစ်ပါတယ်။

army-shan.jpg
(ရှမ်းပြည်နယ် ကွတ်ခိုင်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်)

နိုဝင်ဘာ ၁၁ ရက်နေ့ညက ချင်းပြည်နယ် တီးတိန်မြို့နယ် အာလွယ်ကျေးရွာက အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၂၉ နှစ်အရွယ် မီးဖွားပြီးခါစ တစ်လခွဲကလေးရဲ့ မိခင်ကတော့ ဒီအဖြစ်ဆိုးဟာ သူ့ဘဝမှာ ဘယ်တော့မှ မေ့ပျောက်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အခု ကျွန်မတို့နေတဲ့ အိန္ဒိယမှာ ဆေးခန်းသွားတယ်။ အခု ကျန်းမာရေးအခြေနေကတော့ ကောင်းပါ တယ်။ အရင်ကထက်ပေါ့ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာမျိုးဟာ ကျွန်မဘဝမှာ ဘယ်တော့မှ ပျောက်ကွယ်သွားနိုင် တဲ့အရာ မဟုတ်တော့ဘူး။ သူတို့ရဲ့ ညီကိုမောင်နှစ်မတွေ အဲလိုမျိုး နှိပ်စက်ခံခဲ့ရင် ကျေနပ်မှာလားပေါ့။ ဒီလိုမျိုး သူတို့ ညီကိုမောင်နှစ်မတွေ ခံခဲ့ရင် ကျေနပ်မလား။ အဲဒါကြောင့် သေဒဏ်တွေပေးစေဖို့ ကျွန်မ ကတော့ လိုချင်တယ်”

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖလွန်ကျေးအုပ်စု ပါချစ်ကျေးရွာမှာ အသက် ၆၂ နှစ်ရွယ် ခြံစောင့်နေတဲ့ အဖွားတစ်ဦးကို စစ်ကောင်စီတပ်သား တစ်ဦးက အဓမ္မပြုကျင့်ခဲ့မှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ စစ်တပ်ကလည်း ဝန်ခံခဲ့ပြီး ကျေးရွာမှာ ကချင်ရိုးရာဓလေ့တွေအတိုင်း ဝန်ချတောင်း ပန်ခဲ့သလို စစ်ခုံရုံးနဲ့ဖွဲ့ပြီး စစ်ဆေးအရေးယူတာတွေ လုပ်နေတယ်လို့ အဲဒီအဖွားအိုကို ကူညီဆောင်ရွက်ပေး နေသူတွေက ပြောပါတယ်။

အဖွားအရွယ် သက်ကြီးရွယ်အို တစ်ယောက်ကိုတောင် မုဒိမ်းမှုကျူးလွန်နိုင်တဲ့အတွက် အမျိုးသမီးမှန်သမျှ အသက်ရွယ်မရွေး လုံခြုံမှုမရှိဘူးလို့ ရှမ်းပြည်နယ် ကချင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ အမျိုးသမီးဌာန ဒုဥက္ကဋ္ဌ ဒေါ်ရွယ်ဆိုင်က ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် စံပြနမူနာအနေနဲ့ ဒီလိုအသက်ကြီးတဲ့ သူ့အဖွားအရွယ်ပေါ့လေ။ အသက် ၆၂ နှစ်ဆိုတော့ ဒီလိုမျိုး စော်ကားတယ်ဆိုတော့။ ဘုရားလည်းမသိ၊ တရားလည်းမရှိ မဖြစ်စေချင်ဘူး ဒါကြောင့်မို့ ထိထိရောက်ရောက် အရေးယူပေးတာကိုပဲ ဘယ်သူဘယ်ဝါဆိုတာ ပုဂ္ဂိုလ်စွဲ လူမျိုးစွဲမရှိဘူး အန်တီတို့က။ ဒီလိုပေါ့ပေါ့ထားလို့ရှိရင် ကျန်တဲ့အမျိုးသမီးတွေ မွေးကင်းစကနေ ပြောရမယ်ဆိုရင် သေခါနီးအဖွားကြီး အထိ လုံခြုံမှုမရှိဘူးပေါ့လေ ဒီဥစ္စာကို ပေါ့ပေါ့ဆဆထားလို့ရှိရင်”

စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီလိုကျုးလွန်တာတွေကို တပ်မတော်က လက်မခံဘဲ ကျုးလွန်တဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ဘက်၊ အရပ်ဘက် တရားစီရင်ရေးတွေနဲ့ အရေးယူမှာဖြစ်တယ် လို့ ပြောပါတယ်။

"တပ်မတော်အနေနဲ့က မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ စရိုက်အရ တပ်မတော်ရဲ့ စစ်ရေးစည်းကမ်းအရ ဒီလိုမျိုးကိစ္စတွေ ထုံးစံလည်းမရှိဘူး၊ လက်လည်းလက် မခံဘူး။ ဒါမျိုးဖြစ်လာတယ်ဆိုလို့ရှိရင်လည်း ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးတာရှိတယ်။ နယ် ဘက်ဥပဒေအရရော စစ်ဘက်ဥပဒေအရရော နှစ်ထပ်ကွမ်းခံရတာရှိတယ်။ မှန်တယ်၊ မမှန်ဘူးဆိုတာ စုံစမ်းပြီးရင် ဆက်လက်ထုတ်ပြန်ပေးသွားမယ်။ လုပ်စရာရှိတာ ကျနော်တို့ ဆက်လုပ်သွားမယ်”

shan-army.jpg
(ရှမ်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်)

ဒါပေမဲ့ စစ်ကောင်စီတပ်တွေ စစ်ဆင်ရေးဝင်ရောက်နေတဲ့ ကျေးရွာတွေ၊ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေနဲ့ လုံခြုံရေးကြောင့် ထုတ်ဖော်မပြောနိုင်တဲ့ အခြေအနေတွေကြောင့် ဒီလိုအဓမ္မမှုကျူးလွန်တဲ့ ကိစ္စတွေဟာ ဖော်ထုတ်နိုင်ဖို့ အခက်ခဲတွေရှိနေတယ်လို့လည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဟာ သက်တမ်း ၂၂ နှစ်ရှိနေပြီဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်တွေမှာ အဖွဲ့ခွဲ ၁၃ ခုကနေ စစ်တပ်ကကျူးလွန်တဲ့ လိင်အကြမ်းဖက်မှုနဲ့ အဓမ္မမှုအကြောင်း သတင်းအချက်လက် ရယူ ထားတာတွေ၊ သတင်းမီဒီယာတွေကနေ ရရှိထားတဲ့ အချက်လက်တွေကို စုဆောင်းနေတာဖြစ်ပါတယ်။

စစ်တပ်ကကျူးလွန်တဲ့ အဓမ္မမှုတွေနဲ့ ရပ်တန့်အောင် ဒီအချက်လက်တွေကို သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်တာ၊ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းတွေမှာ ပါဝင်သွားမှာဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။