ချင်းပြည်နယ်ရဲ့ နယ်မြေ ၈၅ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထား

စစ်ကောင်စီကို ခုခံတော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်နယ်မှာ မြို့နယ် ကိုးမြို့နယ်ရှိပြီး အဲဒီထဲက ငါးမြို့နယ်ကို ချင်းတော်လှန်ရေးအဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) တို့က အသီးသီး သိမ်းပိုက်ထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် CDF တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Yaw Mang Photo

Updated 4:58 PM Dec 23, 2024

စစ်ကောင်စီကို ခုခံတော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်နယ်မှာ မြို့နယ် ကိုးမြို့နယ်ရှိပြီး အဲဒီထဲက ငါးမြို့နယ်ကို ချင်းတော်လှန်ရေးအဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) တို့က အသီးသီး သိမ်းပိုက်ထားပါတယ်။

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားသလို မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထားပြီး တွန်းဇံမြို့ကို ချင်းပြည်ကောင်စီတပ်က သိမ်းပိုက်ထားပါတယ်။

ဒါကြောင့် ချင်းပြည်နယ်ရဲ့ ၈၅ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်တယ်လို့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ချင်းညီနောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။

"ဖလမ်းကို ထိုးစစ်ဆင်နေတယ်။ ကျွန်တော်တို့ ချင်းညီနောင်အနေနဲ့လည်း အဲဒါကို လုံးဝအားဖြည့်ပြီးမှ ဒီထက် ဆတက်ထမ်းပိုး ပြင်းပြင်းထန်ထန် ဆက်လက် ထိုးစစ်ဆင်သွားဖို့ရှိတယ်။ ဖလမ်းကိုလည်း မကြာမီလွတ်မြောက်ဖို့ မျှော်လင့်တယ်။ အဲဒါပြီးတော့ ကျွန်တော်တို့ ညီနောင်အနေနဲ့ ကျန်မှာက တီးတိန်မြို့ပဲ ကျန်တော့မယ်၊ ချင်းပြည်မှာပေါ့နော်။ ဒီဘက်မှာကျတော့ ထန်တလန်နဲ့ ဟားခါး ကျန်ဦးမယ်။ လောလောဆယ် ကျန်တာကတော့ လေးမြို့ရှိတယ်။ တစ်မြို့ကတော့ ထိုးစစ်ဆင်နေတယ်၊ ဆက်လက်ပြီးမှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်သွားမယ်ဆိုရင် တီးတိန်ပဲ ကျန်တော့မယ်ဆိုတော့ ချင်းပြည်မှာရှိတဲ့ အရေအတွက်အားဖြင့်ဆိုရင် ကျွန်တော်တို့ ၈၀ ရာခိုင်နှုန်း၊ ၈၅ ရာခိုင်နှုန်းတော့ လုံးဝ လွတ်မြောက်သွားပြီလို့ ပြောလို့ရတယ်"

ကန်ပက်လက်မြို့ကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာလည်း ချင်းညီနောင်အဖွဲ့က မြို့သိမ်းဖို့ စတင်ကြောင်း ကြေညာခဲ့ပြီးနောက် ကန်ပက်လက်မြို့ ရဲစခန်းနဲ့ မြို့ထဲနေရာတချို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ကန်ပက်လက်အဖွဲ့က ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းနေတယ်လို့ CDF ကန်ပက်လက်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းက ပြောပါတယ်။

"ပြင်ဆင်နေတဲ့ အတောအတွင်းမှာ ပိတ်ဆို့ပြီးတော့မှ စခန်းထဲက မထွက်နိုင်အောင် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ ပြင်ဆင်ချိန်နဲ့ဆိုရင် ကျွန်တော်တို့ ငါးလလောက်ပေါ့နော်၊ ပိတ်ဆို့ထားခဲ့တာပါ။ သူတို့ လုံးဝ မထွက်နိုင်အောင် ပိတ်ဆို့ပြီးတော့ ငါးလလောက်၊ အပြင်ထွက်လာတာရှိရင် ကျွန်တော်တို့က မှည့်ခြွေစနစ်နဲ့ပေါ့နော်၊ လုပ်နေတာ ရှိပါတယ်။ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ အခြေနေမျိုးမှာပဲ သူတို့ ထွက်ပြေးသွားတာပေါ့။ ကန်ပက်လက်ကနေပြီး ထွက်ပြေးသွားတာဖြစ်ပါတယ်။ ထွက်ပြေးသွားတဲ့ဟာတွေကို လိုက်လံရှင်းလင်းနေတာ ရှိပါတယ်"

ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်ကနေ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်သား တစ်ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသားနှစ်ဦးနဲ့ အကျဉ်းသား စုစုပေါင်း လေးဦးကို ကယ်ထုတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖလမ်းမြို့ပေါ်က စစ်ကောင်စီရဲ့ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးတွေ အပါအဝင် မြို့အနှံ့ကို ထိန်းချုပ်ထားနိုင်ပြီး နောက်ဆုံးကျန်နေတဲ့ ခလရ (၂၆၈) တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ Chin Defence Force -Kanpetlet)

မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေမှာ မိုင်းရှင်းလင်းရေးနဲ့ နယ်မြေရှင်းလင်းရေး လုပ်ပြီးမှ ဒေသခံတွေ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (CDF) မင်းတပ်က ပြောပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ မြို့တွေကို ထိန်းသိမ်းနိုင်ရေး ပြင်ဆင်ထားတယ်လို့ CDF မင်းတပ်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

"ကျွန်တော်တို့က မြို့တစ်ခုကို သိမ်းတာက လွယ်သလောက် မြို့တစ်ခုကို ပြန်ထိန်းဖို့ဆိုတာက အခက်အခဲတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေအတွက် ကျွန်တော်တို့ ကြိုပြီးတော့ ပြင်ဆင်ထားပါတယ်။ နောက်ထပ်လည်း တည်ဆောက်စရာ အများကြီးရှိပါတယ်။ နောက်ထပ် ပြင်ဆင်စရာတွေလည်း အများကြီးရှိပါတယ်။ ၂၀၂၁ မေလတုန်းက ကျွန်တော်တို့ရဲ့ အခြေအနေနဲ့ လက်ရှိ ကျွန်တော်တို့ရဲ့ အခြေအနေကတော့ မတူညီတော့ဘူးလို့ ပြောလို့ရတာပေ့ါလေ။ မြို့ကို ထိန်းသိမ်းနိုင်အောင် ဆက်ပြီးတော့ ရန်သူလက်ထဲမကျအောင် ကျွန်တော်တို့ အများကြီး ကြိုးစားပြီး ဆောင်ရွက်နေပါတယ်"

မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေမှာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ မင်းတပ်မြို့ထဲကို ၀င်ထွက်ခွင့်လုပ်ဖို့ CDF မင်းတပ်အဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

"မရှိမဲ့ရှိမဲ့ အိမ်ငှားနေပြီးမှ ‌သုံးနှစ်အတွင်းမှာ အများကြီး ကုန်ခဲ့ပြီးပြီ။ ခက်ခက်ခဲခဲနဲ့ ရုန်းကန်ပြီးတော့မှ စစ်‌ဘေးရှောင်နေရတာ၊ ပြန်လို့ရရင် မနက်ဖြန်တောင် ထပြန်ချင်တယ်"

မြို့ထဲမှာ နေထိုင်လို့ရပြီလို့ သက်ဆိုင်အဖွဲ့အစည်းတွေက ထုတ်ပြန်ရင် ချက်ချင်းနေရပ်ပြန်ချင်တယ်လို့ မင်းတပ်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"ကိုယ့်အိမ်ကိုယ့်ရာ ပစ်ထားခဲ့ပြီးမှ သွားနေရတာ။ မရှိမဲ့ရှိမဲ့ အိမ်ငှားနေပြီးမှ ‌သုံးနှစ်အတွင်းမှာ အများကြီး ကုန်ခဲ့ပြီးပြီ။ ခက်ခက်ခဲခဲနဲ့ ရုန်းကန်ပြီးတော့မှ စစ်‌ဘေးရှောင်နေရတာ၊ ပြန်လို့ရရင် မနက်ဖြန်တောင် ထပြန်ချင်တယ်။ လူနေလို့ရပြီလို့ တာ၀န်ရှိတဲ့ အဖွဲ့အစည်းဘက်ကနေ အာမခံချက်နဲ့ ထုတ်ပြန်လာမှ ကိုယ်က မနက်ဖြန်လည်း ထပြန်မှာပေါ့နော်"

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂၃ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ခလရ (၂၇၄) တပ်ရင်းကနေ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အတူ မိသားစုဝင် ၁၆၀ ဝန်းကျင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကိုလည်း နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေတွေကို ကိုးကားပြီး ပြဋ္ဌာန်းထားတဲ့ ချင်းညီနောင်ရဲ့ စစ်သုံ့ပန်းဥပဒေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလည်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ချင်းညီနောင်အဖွဲ့က ကယ်ထုတ်ခဲ့ပြီး ဆေးကုသပေးပြီးနောက် နေရပ်ကို ပြန်ပို့ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးကတော့ ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှုအားနည်းတဲ့ ချင်းတောင်ဒေသ နေရာအနှံ့မှာ လွတ်မြောက်ရေး ခေါင်းစဉ်နဲ့ တိုက်ခိုက်နေတာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး ဒီလိုတိုက်ခိုက်နေမှုက အမှန်တကယ် အေးချမ်းမှုကို ရနိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။

"ဗြိတိသျှအစိုးရကနေ မြန်မာအစိုးရ အဆက်ဆက် ချင်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်အနေနဲ့ တောင်တန်းဒေသတွေမှာ လက်နက်ဥပဒေကနေပြီးတော့မှ ကင်းလွတ်ခွင့်ပေးပြီးတော့ တိုင်းရင်းသားတွေအတွက် အခွင့်အရေး ပေးထားတာပါ။ အဲဒါကို တူမီးနဲ့ စတော်လှန်ပြီး ဒီအခြေအနေ ဒီလိုရောက်လာတာဟာ ချင်းတောင်တစ်ခုတည်းအတွက်ရော အဆင်ပြေပါ့မလား။ ဒါရသွားတော့ရော သူက အေးပါ့မလား။ အဲဒါတွေက အမှားပဲဖြစ်တယ်။ အခုကနေပြီးတော့ မသင့်သောအကြံကို မကြံကြဖို့ အဲဒီလိုပဲ ကျွန်တော်က မေတ္တာရပ်ခံတယ်"


ဆက်နွှယ်သောသတင်းများ

မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို ချင်းညီနောင်အဖွဲ့သိမ်းယူ

လေကြောင်းရန်ကြောင့် လူစုလူဝေး မလုပ်ဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြော

ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီစခန်းအားလုံးကို CNF သိမ်းယူ


ချင်းပြည်နယ်တောင်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းတော်လှန်ရေးတပ်တွေနဲ့အတူ Yaw Defense Force (YDF)၊ Yaw Army (YA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင်တပ်ရင်း (၃) တို့က ပူးပေါင်းပါဝင်ခဲ့ပြီး အာရက္ခတပ်တော် (AA) က လက်နက်ခဲယမ်းနဲ့ စစ်ရေးအကူအညီတွေ ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို သိမ်းပိုက်နိုင်တာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကို ဆက်သွယ်ဖို့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပေါ်ပေါက်လာပြီး စီးပွားရေးအတွက်လည်း အဆင်ပြေလာနိုင်မှာ ဖြစ်သလို မကွေးတိုင်း၊ ယောဒေသအတွက် စစ်ရေးအရ အရေးပါမှာဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဆလိုင်းယောမန်က ပြောပါတယ်။

အိန္ဒိယနဲ့ ထိစပ်နေတဲ့ မြို့တွေကို သိမ်းပိုက်ထားတာကြောင့် ချင်းညီနောင်အဖွဲ့အနေနဲ့ အနီးစပ်ဆုံး ဆက်ဆံရေးအကောင်းဆုံး တည်ဆောက်သွားဖို့ ကြိုးစားသွားမယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

(မှတ်ချက် - ဤသတင်းတွင် CDF ကန်ပက်လက်၏ စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၊ CDF မင်းတပ်၏ စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ၊ မင်းတပ်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးနှင့် စစ်တပ်အရာရှိဟောင်းတစ်ဦးတို့ရဲ့ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org