မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို ချင်းညီနောင်အဖွဲ့သိမ်းယူ

RFA Burmese
2024.12.22
မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို ချင်းညီနောင်အဖွဲ့သိမ်းယူ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များမှ မင်းတပ်မြို့အခြေစိုက် အမှတ် (၂၇၄) ခြေလျင်တပ်ရင်းကို သိမ်းပိုက်အပြီး ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည့်ပုံ။
Photo: Chin Defence Force - Mindat

ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ချင်းညီနောင်မဟာမိတ်အဖွဲ့က ပြောပါတယ်။

မင်းတပ်မြို့မှာ နောက်ဆုံးကျန်ရှိတဲ့ အမှတ် (၂၇၄) ခြေလျင်တပ်ရင်းကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က RFA ကို ပြောပါတယ်။

"ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ မင်းတပ်မြို့ကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲဘော်တွေရဲ့ အသက်တွေနဲ့ ရင်းပြီး တိုက်ယူခဲ့ရတာပါ။ လောလောဆယ်တော့ အဲဒီလောက်ပဲ ပြောလို့ရပါသေးတယ်"

ကန်ပက်လက်မြို့ကို သိမ်းယူဖို့လည်း ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်နေ့က ကြိုးစားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် သေနတ်မဖောက်လိုက်ရဘဲ သိမ်းယူနိုင်ခဲ့တယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းညီနောင်အဖွဲ့က လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေ သိမ်းယူခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ချင်းညီနောင်အဖွဲ့က မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို နိုဝင်ဘာ ၉ ရက်နေ့က စတင်ခဲ့ပြီး တစ်လခွဲနီးပါးအကြာမှာ မင်းတပ်မြို့ကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖလမ်းမြို့ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) ကလည်း လက်နက်၊ ခဲယမ်း၊ စစ်ကူတွေ ပေးပို့ခဲ့တဲ့အပြင် စစ်ရေးဆိုင်ရာ အကြံဥာဏ်တွေနဲ့ လိုအပ်တဲ့အကူအညီတွေ ပေးခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်မှု အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိဘဲ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း အသက်ပေးခဲ့ရသူတွေကို လေးစားဂုဏ်ပြုကြောင်း ချင်းညီနောင်အဖွဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ချင်းပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီစခန်းတွေ သိမ်းပိုက်နိုင်ရေးကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ချင်းပြည်နယ်မှာ မတူပီမြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့၊ ကျီခါးမြို့၊ ရိဒ်ခေါ်ဒါရ်မြို့၊ လိုင်လင်းပီမြို့၊ ကျင်ဒွေးမြို့၊ မကွီးအိမ်နူးမြို့၊ နှာရိန်မြို့၊ ရေဇွာမြို့၊ ဝေဘူလမြို့၊ ဆူခွာမြို့ တွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ပလက်၀မြို့နယ်ကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။