စစ်အာဏာသိမ်း ၁၁ လအတွင်း NLD ပါတီဝင် ၅၀၀ နီးပါး အဖမ်းခံထားရ

2022.01.03
စစ်အာဏာသိမ်း ၁၁ လအတွင်း NLD ပါတီဝင် ၅၀၀ နီးပါး အဖမ်းခံထားရ ဖမ်းဆီးထောင်ချခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တွေကို တွေ့ရစဥ်
Photo: Zaw Myint Maung's Facebook

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ၁၁ လတာကာလအတွင်း  နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် တစ်နိုင်ငံလုံးက NLD ပါတီဝင် ၆၄၉ ယောက် အဖမ်းခံခဲ့ရပြီး တချို့ပြန်လွတ်လာပါတယ်။ အဲဒီအထဲက ၄၈၉ ယောက်ကတော့ အခုချိန်ထိ နိုင်ငံတစ်ဝှမ်းက အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရဆဲလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လုပ် ငန်းကော်မတီက ဇန်နဝါရီ ၁ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေဟာ အာဏာစသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံ ထားရပြီး၊ လွှတ်တော်အမတ်တွေနဲ့ ကျန်တဲ့ပါတီဝင်တချို့ကတော့ တိမ်းရှောင်နေစဉ် အဖမ်းခံရတာလို့ NLD ဗဟိုကော်မတီဝင် ဦးကျော်ထွေး က RFA ကို ပြောပါတယ်။

နိုင်ငံတော်အကြီးအကဲတွေလည်းဖြစ်တဲ့ ပါတီရဲ့ခေါင်းဆောင်တွေလည်းဖြစ်တဲ့ သမ္မတကြီး ဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ ဇော်မြင့်မောင်နဲ့ ပြည်ထောင်စုဝန်ကြီး တွေ အကုန်လုံးကိုတော့ အာဏာသိမ်းတဲ့နေ့ကတည်းက နေအိမ်မှာပဲ တခါတည်း ဖမ်းဆီးလိုက်တာပါ။ ပါတီဝင်အများစုကတော့ ဆန္ဒပြတာတွေမှာ ပါဝင်တယ်ဆိုပြီး တိမ်းရှောင်တဲ့နေအိမ်တွေမှာ ဖမ်းဆီးခံရ တာတွေလည်းရှိပါတယ်။ သူတို့ကို စစ်ကြောရေးစခန်းတွေ၊ ရဲအချုပ်ခန်းတွေ၊ အကျဉ်းထောင်တွေမှာ ထားရှိတယ်လို့လည်း သိရပါတယ်။ အချို့ကိုတော့ နေအိမ်အကျယ်ချုပ်ချထားပါတယ်

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဆန္ဒပြမှုတွေ၊ NUG၊ CRPH နဲ့ ပတ်သက်သူတွေကိုသာ အဓိကဖမ်းတာဖြစ်ပြီး ပါတီဝင်အနည်းစုကိုသာ ဖမ်းထားတာလို့ တုံ့ပြန်ပါတယ်။

သူတို့ပါတီကို ဦးတည်ပြီး ဖမ်းနေတာလည်း မဟုတ်ဘူး။ ဖမ်းစရာလည်း အကြောင်းမရှိဘူး။ အဲဒီအထဲမှာ ကျနော်တို့ ဖမ်းဆီးတာမှန်သမျှ ထိန်းသိမ်းတာမှန်သမျှ ဆူပူဆန္ဒပြမှုတွေ အကြမ်းဖက်မှုတွေနဲ့ ပတ်သက် တဲ့သူတွေ၊ NUG၊ CRPH နဲ့ ပတ်သက်တဲ့သူတွေ ဖမ်းတာဖြစ်ပါတယ်။ ပတ်သက်တဲ့သူအများစုက NLD ပါတီဝင် အများစု ဖြစ်တဲ့အတွက်ကြောင့်မိုလို့ NLD ပါတီဝင်အများစု အဖမ်းခံရတယ်လို့ပဲ ကျနော်ပြောချင် ပါတယ်။ သာမာန်ပါတီဝင်ကို ကျနော်မပြောဘူး။ NLD ပါတီကနေ ရွေးကောက်ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေ ရှိတယ်။ အခု ၂၀၂၀ မှာ ရွေးကောက်ခံရတာပေါ့နော်။ လွှတ်တော်ကိုယ်စား လှယ်ဟောင်းတွေရဲ့ လေးပုံ သုံးပုံသည် သူတို့နဲ့ မပတ်သက်တဲ့ အပြင်မှာပဲ ကောင်းမွန်စွာရှိပါတယ်။ NUG၊ CRPH အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်တာ လေးပုံတစ်ပုံပဲရှိတယ်။ ကျနော်တို့ အမှုဖွင့်ထားတာ လေးပုံ တစ်ပုံပဲရှိတယ်

အဖမ်းခံထားရသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နိုင်တဲ့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ - ၁၂၂၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ - ၅၅၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ-၁၇ (၁)၊ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ - ၅၀၅ (က)၊ (ခ) နဲ့ သဘာဝဘေးပုဒ်မ - ၂၅ စတဲ့ ပုဒ်မမျိုးစုံနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

အာဏာသိမ်းလိုက်တာကိုက တရားမဝင်တဲ့လုပ်ရပ်ဖြစ်သလို၊ အာဏာသိမ်းပြီးမှ အခုလိုပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးတရားစွဲဟာလည်း  တရားမဝင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ NLD ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုဦး က ထောက်ပြဝေဖန်ပါတယ်။

တရားမဝင် အာဏာသိမ်းမှုစကတည်းကနေပြီးတော့ သူတို့လုပ်ရပ်တွေအားလုံးဟာ တရားမဝင်တဲ့ အလုပ်တွေဆိုတာကို သက်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော်ကလည်း ထုတ်ပြန်ထားပြီးသားရှိပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောပါဆိုလို့ရှိရင် သူတို့စပြီးတော့ ဖေဖော်ဝါရီ ရက်နေ့နောက် ပိုင်းမှာ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူအားလုံးကို ပုဒ်မမျိုးစုံနဲ့ အခုလိုမျိုး လုပ်နေတာတွေက တရားမဝင်ဘူးဆိုတဲ့ စကားလုံးတစ်လုံးနဲ့ပဲ ကျနော်ပြော ချင်တယ်

NLD ပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၉၂ ဦးက လက်ရှိအချိန်ထိ ဖမ်းဆီးခံထား ရဆဲဖြစ်ပြီး၊ နောက်ထပ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတော့ စစ်ကြောရေးမှာရခဲ့တဲ့ ဒဏ်ရာတွေနဲ့ အကျဉ်းကျနေစဉ်မှာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

"သူတို့ လက်ရှိပစ်မှတ်က ပါတီဖျက်သိမ်းရေးပဲလုပ်မှာပဲလေ။ အဓိကပါတီဝင်တွေက တောင့်ခံနိုင်ဖို့ပဲလိုတာပါ။"

ဖမ်းဆီးခံထားရစဉ် စစ်ကြောရေးနဲ့ အကျဉ်းထောင်အတွင်း သေဆုံးခဲ့သူ NLD ပါတီဝင် ၁၄ ဦးထိရှိနေပြီး၊ အဲဒီထဲမှာ ရန်ကုန် ပန်းဘဲတန်းက NLD ပါတီဝင် ဦးခင်မောင်လတ်၊ ရွှေပြည်သာ စု-အသက်မွေးဝမ်းကျောင်း သိပ္ပံက ဦးဇော်သက်လင်းနဲ့ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း တို့ ပါဝင်ပါတယ်။ NLD ဗဟိုပြန်ကြားရေးအတွင်းရေးမှူး မုံရွာအောင်ရှင် ကတော့ အကျဉ်းထောင်က ပြန်လွတ်လာပြီး တစ်လကျော် အကြာမှာ ကွယ်လွန်သွားတာပါ။

အာဏာသိမ်း ၁၁ လအတွင်း ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က NLD ပါတီဌာနချုပ်အပါအဝင် တိုင်း၊ ပြည်နယ်နဲ့ မြို့နယ်အသီးသီးက NLD ပါတီရုံးတွေ ဗုံးခွဲတိုက်ခိုက်မှု၊ ဖျက်ဆီးခံရမှု အကြိမ်ပေါင်း ၈၆ ကြိမ်ရှိခဲ့တယ်လို့ လည်း ပါတီလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်က ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို တွေ့ရစဉ်
စစ်တပ်က ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို တွေ့ရစဉ်

ဒီလိုဖိနှိပ်မှုတွေကြောင့် NLD ပါတီဝင်အားလုံးနီးပါး ပြည်တွင်းမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ပေါ်ပေါ်ထင်ထင် မလုပ်နိုင်တော့ဘဲ ဘေးလွတ်ရာကို ရှောင်တိမ်းပြီး အလုပ်လုပ်နေရတယ်လို့ ရန်ကုန်မြို့က ပါတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ကျမတို့ပါတီဝင်တွေကလည်း အခုချိန်မှာ သိုသိုသိပ်သိပ်နဲ့နေတယ်။ ပေါ်ပေါ်တင်တင်ကတော့ လက်ရှိမှာ ပါတီခေါင်းဆောင်တွေပါတာ၊ များသောအားဖြင့်ပေါ့လေ။ ဖြစ်နေတော့ ပေါ်တင်ကြီးတော့ မရှိဘူးပေါ့။ အွန်လိုင်းမှာပဲ လုပ်ရတာမျိုးတွေရှိတယ်။ အပြင်မှာ ပေါ်ပေါ်တင်တင်နဲ့ လုပ်တာမရှိဘူး။ သူတို့ လက်ရှိ ပစ်မှတ်က ပါတီဖျက်သိမ်းရေးပဲလုပ်မှာပဲလေ။ အဓိကပါတီဝင်တွေက တောင့်ခံနိုင်ဖို့ပဲ လိုတာပါ။ ကျမတို့ ဒီလိုပဲ ကိုယ့်ကိုယ်ကို သုံးသပ်ထားတယ်။ မဖမ်းသေးသရွေ့ကတော့ လုပ်နေမှာပဲ။ ဖမ်းတဲ့နေ့ ဖမ်းခံရမှာပဲ ဒါပဲရှင်းရှင်းလေးပဲ။ ကျမတို့ကတော့ ရှေ့လျှောက်ကိုယ့်ဟာကိုယ်ပဲ လုံလုံခြုံခြုံနေရမှာပဲ။ ကိုယ့်လုံခြုံရေး ကိုယ့်ဟာကိုယ်ယူ ကိုယ့်ဟာကိုယ်ကြည့်ရှောင်ပေါ့။ စကစနဲ့ မတိုးအောင်ပေါ့။ ကိုယ်လုပ်ရမယ့်တာဝန် ပေးအပ်တာတာဝန် ကိုယ့်ဟာကိုယ်လုပ်ပေါ့။ အဲလိုမျိုး တစ်ပိုင်တစ်နိုင် နိုင်သလောက်ပေါ့

NLD ပါတီဝင်တွေကို စွဲထားတဲ့အမှုတွေထဲမှာ မခိုင်လုံဘဲ တရားစွဲထားတာရှိနေပြီး အကြောင်းပြချက် မခိုင်လုံဘူးဆိုရင် ပြန်လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က တိုက်တွန်းပါတယ်။

တချို့သော အမှုတွေကတော့ ကြားသိရသလောက်ကတော့ သိပ်ပြီးတော့ စွပ်စွဲချက်တွေက မခိုင်လုံ ဘူးပေါ့နော်။ မခိုင်လုံတဲ့အတွက်ကြောင့်မလို့ တမင်ရှာကြံပြီးတော့ အဲဒီလိုမျိုး စွဲတဲ့အမှုတွေဟာ သက်ဆိုင်ရာ တရားသူကြီးတွေရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေါ့နော်။ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ခွင့် ကိုတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့နော်။ ကျနော့်ထင်တာက တချို့ မခိုင်လုံတဲ့ဟာတွေ မဖြစ်သင့်တဲ့ တရားစွဲဆိုမှုတွေကတော့ တရားသူကြီးတွေက လွှတ်ပေးသင့်တယ်လို့ထင်တယ်။ ဒါတရားသူကြီးတွေရဲ့ အမျှော်အမြင်ပေါ်မှာ တည်မှာပေါ့လေ

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NLD ပါတီဝင် ၅၀၀ နီးပါး အဖမ်းခံထားရတယ်ဆိုတဲ့ အချက်အလက်ဟာ သူတို့လက်လှမ်းမီသလောက် ကောက်ယူထားတာသာဖြစ်ပြီး၊ သူတို့လက်လှမ်းမမီဘဲ အဖမ်းခံထားရသူတွေ လည်း ကျန်ရှိနေနိုင်ကြောင်း NLD ပါတီ ဗဟိုလုပ်ငန်းကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။