လားရှိုးမြို့တွင်းတိုက်ပွဲ ပြင်းထန်နေ
2024.07.24

စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်က အကျဉ်းထောင်၊ ဝန်တင်တပ်၊ ခလရ-၆၈ တပ်ရင်းအနီးရွာတွေနဲ့ လူနေရပ်ကွက်တွေထဲမှာ ဇူလိုင်လ ၂၃ ရက် မနေ့ညနေကတည်းက ဒီနေ့အထိ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်နက်ထိမှန်သေဆုံးသူ သုံးဦးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခမရ-၅၀၇ တပ်ရင်းရှိတဲ့ ရပ်ကွက် (၅) မိုင်အိုင်ကုန်း၊ ခလရ-၄၁ တပ်ရှိတဲ့ ရပ်ကွက် (၄) နေရာအချို့နဲ့ ခလရ-၆၈ တပ်အနီးက ရပ်ကွက်(၁၂)၊ လားရှိုးအကျဉ်းထောင်အနီးက ကချင်ကုန်း၊ ရှမ်းကုန်း၊ ဆုန်ကွယ်ရွာ စတဲ့နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်နေတာပါ။
"တိုက်ပွဲကြောင့် လမ်းမှာမလုံခြုံတာနဲ့၊ ပိတ်မိတာနဲ့ ထွက်မရလို့ ပြန်လာကြတဲ့ လူလောက်ပဲရှိတော့တယ်"
ဆုန်ကွယ်ရွာမှာတော့ မနေ့ညက တိုက်ပွဲကြောင့် အမျိုးသားတစ်ဦး လက်နက်ထိမှန်သေဆုံးခဲ့သလို ဒီနေ့မနက်ပိုင်း မှာလည်း တိုက်ပွဲကြောင့် မြိုပေါ်ကို ထွက်ပြေးလာတဲ့ အမျိုးသားနှစ်ဦး လက်နက်ထိမှန် သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ဆီက ရွာထဲကလူတွေက ထွက်ပြေးတာပေါ့ ဒီမနက်မှာ။ ထွက်ပြေးတော့ လားရှိုးကြီး မီးပွိုင့်နားမှာ ပစ်လိုက်တာ ဦးအောင်ဆန်းဆိုတဲ့ သားအဖ နှစ်ယောက်လုံး။ ကျွန်တော်တို့ဆီမှာ သာရေး၊ နာရေးအသင်းတွေမှာ ထမင်းဟင်း ချက်ပေးနေတဲ့ လက်သမား ဆရာကြီးပေါ့ဗျာ။ ရှေးကတည်းက လက်သမားဆရာကြီး။ အဲဒါ သားအဖနှစ် ယောက်လုံးက လစ် (သေ) ရော။ လားရှိုးကြီး ရပ်ကွက် ၁၂ ရုံး အောင်သာယာ ရွှေဆိုင်အရှေ့မှာဖြစ်တာ”
တိုက်ပွဲဖြစ်တဲ့ အဲဒီကျေးရွာတွေက ဒေသခံတွေဟာ မြို့ထဲက ဘေးကင်းတဲ့ နေရာတွေကို ထပ်ပြီးထွက်ပြေးနေကြတယ်လို့လည်း သူက ပြောပါတယ်။
လားရှိုးမြို့အဝင်မှာရှိတဲ့ ခလရ - ၄၁ တပ်စခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဇူလိုင်လ ၂၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အတွင်းပိုင်းအထိ ဝင်ရောက်လာနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၂၃ ရက် မနေ့ညနေပိုင်းမှာတော့ ခလရ-၄၁ တပ်နဲ့ တစ်ဆက်တည်းရှိနေတဲ့ စစ်ကောင်စီရဲ့ စရဖ စစ်ကြောရေးစခန်းမှာ ဖမ်းဆီးခံထားရသူတချို့ ပြန်လွတ်လာတယ်လို့ ပြန်လွတ်လာသူတွေနဲ့ နီးစပ်သူအချို့က ပြောပါတယ်။ အဲဒီထဲမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက လက်နက်အမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦး၊ စုစုပေါင်း လေးဦးလည်း ပါဝင်ပါတယ်။
ဆက်နွှယ်သောသတင်းများ
လားရှိုးစစ်ကြောရေးမှာ ဖမ်းဆီးခံထားရသူတချို့ ပြန်လွတ်လာ
အပစ်ရပ် ကြေညာထားပေမဲ့ လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်
စစ်ကောင်စီတပ်သား သုံးရာကျော် လက်နက်ချတဲ့ ဗီဒီယို MNDAA ထုတ်ပြန်
ပြန်လွတ်လာသူတွေထဲမှာ တခြားနိုင်ငံရေးအမှုနဲ့ ဆက်စပ်ဖမ်းဆီးခံရသူတွေလည်း ပါဝင်ပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
လားရှိုးအကျဉ်းထောင်အနီး တိုက်ပွဲပြင်းထန်နေပေမယ့် လားရှိုးထောင်ကိုတော့ MNDAA တပ်ဖွဲ့တွေက ဒီနေ့ နေ့လယ်ပိုင်းအထိ သိမ်းပိုက်နိုင်တာမရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လားရှိုးကနေ နမ္မတူမြို့ဘက်အထွက် မြို့ရှောင်လမ်း စစ်ဆေးရေးဂိတ်အနီးမှာလည်း တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရပ်ကွက် (၉) ဘူတာဘက်ကို ရွှေ့လာရာကနေ အဲဒီရပ်ကွက်က ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဆင်တောင်ဘက်အခြမ်း ဆူးပုတ်တောင်ကြော နေရာဘက်က စစ်သားတွေ ဆုတ်ပြီးပြေးလာတဲ့အခါကျတော့ ကိုးကန့်တပ်ဖွဲ့တွေက လမ်းကိုပိတ်ပြီး လိုက်တက်လာတော့ တောင်ကြောပေါ်ကို ရောက်သွားတော့ စိုးရိမ်ပြီး ပြေးကြတာ အဲဘက်က လူတွေက”
မြို့အတွင်းမှာ တိုက်ပွဲပိုပြင်းထန်လာတာကြောင့် မြို့ခံ အနည်းဆုံး သုံးရာကျော် ဒီနေ့ မြို့ကို စွန့်ခွာသွားကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ဟာ ရှမ်းပြည်မြောက်ပိုင်းအတွင်း အကြီးဆုံး မြို့ကြီးဖြစ်ပြီး လူဦးရေ နှစ်သိန်းခွဲကျော် နေထိုင်တာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က လားရှိုးမြို့အနီး တိုက်ပွဲတွေ စဖြစ်ကတည်းက မြို့ခံတွေဟာ နီးစပ်ရာ နမ့်လန်း၊ မိုင်းရယ်၊ တန့်ယန်း၊ ပန်ဆန်း၊ ဟိုပန်၊ တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ စတဲ့မြို့တွေကို တိမ်းရှောင်နေကြရပါတယ်။
လက်ရှိမြို့ထဲမှာ လူဦးရေ သုံးသောင်းကျော်လောက် ကျန်နေပြီး မြို့အဝင် လမ်းကြောင်းတွေ အပိတ်ခံထားရတာကြောင့် ရေရှည်မှာ စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိနိုင်တယ်လို့ လားရှိုးမြို့အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“ကျန်တဲ့လူကလည်း ပိုက်ဆံလုံးဝမရှိလို့ ကျန်နေတဲ့လူလောက်ပဲရှိတာ။ တချို့ထွက်တဲ့ လူတွေလည်း ထွက်နေတယ်။ ထွက်ပြီးပြန်လာကြတဲ့ သူတွေဆိုတာကလည်း တိုက်ပွဲကြောင့် လမ်းမှာမလုံခြုံတာနဲ့၊ ပိတ်မိတာနဲ့ ထွက်မရလို့ ပြန်လာကြတဲ့ လူလောက်ပဲရှိတော့တယ်။ အဝင်အထွက်လည်း ပိတ်ထားတယ်ပေါ့နော်။ လောလောဆယ်မှာ ကုန်ဈေးနှုန်းကြီးမာတဲ့ ဒဏ်နဲ့ပေါ့နော်။ လတ်တလော ပရဟိတအဖွဲ့တွေက ဆန်တို့၊ ဆီတို့ဝေတာရှိတယ်။ အဲထဲမှာပဲ တချို့ရပ်ကွက်တွေဆိုရင် မြို့တွင်းတိုက်ပွဲကြောင့် ပိတ်ထားတဲ့ ရပ်ကွက်တွေရှိတယ်။ ရပ်ကွက် (၄) တို့ ဘာတို့ဆိုရင် ဝင်လို့မရလို့ ပိတ်နေတဲ့ဟာမျိုးဆိုတော့ စားစရာတောင် အခက်အခဲရှိနေတယ် ဆိုတာမျိုး တွေ့နေရတယ်”
လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ခံစစ်စည်းတွေ ပေါက်သွားပြီဆိုပေမဲ့ မြို့အတွင်းပိုင်း တိုင်းစစ်ဌာနချုပ် အနီးမှာရှိတဲ့ ထပရ-၆၂၆ တပ်၊ ဆက်သွယ်ရေးတပ်၊ အမြောက်တပ်၊ ယာဉ်သိုလှောင်ရေးနဲ့ သံချပ်ကာတပ်၊ စိုက်ပျိုးရေးတပ်၊ ဆောက်လုပ်ရေးတပ် စတာတွေကတော့ ဆက်ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်နေရာ အချို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခံစစ်အနေအထားနဲ့ ဆက်ပြီးခုခံနေဆဲဖြစ်တယ်လို့လည်း ပြောကြပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော် မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ အလားတူ MNDAA ပြောခွင့်ရသူ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်ကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ မန္တလေတိုင်း မိုးကုတ်မြို့နယ်အတွင်းမှာ ဇွန်လ ၂၅ ရက်နေ့စပြီး စစ်ကောင်းစီတပ်နဲ့ မြောက်ပိုင်းနောင်သုံးဖွဲ့တို့ တိုက်ပွဲပြန်ဖြစ်ခဲ့တာပါ။
ဇူလိုင်လ ၂၂ ရက်နေ့အထိ တိုက်ပွဲကာလ ၂၈ ရက်အတွင်းမှာ အရပ်သား ၁၀၉ ဦး သေဆုံးခဲ့ပြီး ၁၃၆ ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင်လ ၂၃ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။