ရခိုင်ပြည်နယ် တောင်ပိုင်းဒေသအထိ တိုက်ပွဲကျယ်ပြန့်လာ

2022.09.21
ရခိုင်ပြည်နယ် တောင်ပိုင်းဒေသအထိ တိုက်ပွဲကျယ်ပြန့်လာ ရခိုင်ပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: Reuters

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တို့အကြား တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန် လာနေပြီး ရခိုင်ပြည်နယ် တောင်ဘက်အထိ တိုက်ပွဲတွေ ကျယ်ပြန့်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက မောင်တောမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ရက္ခိုင့် တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ စတင်ခဲ့ပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်စတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေအပြင် ရခိုင် ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်တွေအထိ တိုက်ပွဲဧရိယာကျယ်ပြန့်လာနေတာပါ။

စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်မှုတွေလည်း တိုးလာနေပြီး စက်တင်ဘာလ ၂၀ ရက် မနေ့ညနေပိုင်းက ကျောက်တော်မြို့နယ် နဂရာကျေးရွာကို ကျောက်တော်မြို့နယ် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မိသားစု လေးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရခိုင်ပြည်နယ်တောင်ပိုင်းတောက်လျှောက် တိုက်ပွဲတွေဖြစ်လာမယ်လို့ လူတိုင်းက ခန့်မှန်းနေကြတယ်"

အိမ်မှာနေရင်း လက်နက်ကြီးကျည် သုံးလုံးကျလို့ မိသားစုလုံး ဒဏ်ရာရသွားတာလို့ ဒဏ်ရာရသူ ဒေါ်မြယဉ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီးက ကျမက အိမ်ထဲမှာ သံဗူးကိုရေဆေးနေတုန်းက လာကျတာ။ အိမ်ပေါ် မှာ ကျမမြေးလေး စာဖတ်နေတာ သူမှာလည်း ဒဏ်ရာရတယ်။ အောက်မှာနေတဲ့ မြေး မှာလည်း ဒဏ်ရာရတယ်။ ကျမရဲ့ သမီးလေးမှာလည်း ဒဏ်ရာရတယ်။ ကျမမှာတော့ ခါးမှာဒဏ်ရာရသွားတယ်”

ဒေါ်မြယဉ်ဦးရဲ့ သမီးဖြစ်သူ ဒေါ်ဦးယဉ်သန်းက လက်မှာဒဏ်ရာသွားပြီး မြေးနှစ်ဦဖြစ်တဲ့ ဆယ်တန်း ကျောင်းသား မောင်မျိုးနိုင်ဝင်းနဲ့ မောင်မင်းအေးစိုးတို့မှာလည်း နောက်ကျောနဲ့ ဦးခေါင်းမှာ ဒဏ်ရာသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ကုလားတန်မြစ်မှာ ပလက်ဝဒေသကို စစ်ကူပို့မယ့် စစ်သားတွေနဲ့ ရိက္ခာတွေတင်ဆောင်လာတဲ့ စစ်ကောင်စီ ဇက်ရေယာဉ်နှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့မှာ အဲဒီစစ်ရေယာဉ်တွေ ပြန်လည်ဆုတ်ခွာသွားပြီး ကျောက်တော် မြို့နယ် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ် လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဒီဇင်ဘာကနေ ၂၀၂၀ ခုနှစ် နိုဝင်ဘာအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းမှာသာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အခု စစ်ကောင်စီတပ်နဲ့ တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲမှာတော့ ရခိုင်ပြည်နယ် တောင်ပိုင်း အထိ ကျယ်ပြန့်လာနေတာပါ။

တောင်ကုတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ် ပွားခဲ့ပြီး နောက်ထပ်လည်း ရခိုင်ပြည်နယ် တောင်ပိုင်းတလျှောက်မှာ တိုက်ပွဲတွေထပ်ဖြစ် လာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ တောင်ကုတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့ တောင်ကုတ်မြို့နားမှာ တိုက်ပွဲတစ်ခေါက်ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ တောင်ကုန်သင်္ဘောဆိပ်နားမှာ တိုက်ပွဲတစ်ခေါက်ဖြစ်တယ်။ ထပ်ပြီးတော့လည်း ရခိုင်ပြည်နယ်တောင်ပိုင်းတောက်လျှောက် တိုက်ပွဲတွေဖြစ်လာမယ်လို့ လူတိုင်းက ခန့်မှန်းနေကြတယ်။ ပြီးတော့ မြန်မာစစ်တပ်က လမ်းမှာသွားလာနေတာတွေ၊ စစ် ဆေးတာတွေရှိတဲ့အတွက် ပြည်သူတွေ နေရင်းထိုင်ရင်းနဲ့ အကြောက်တရားဝင်နေကြတဲ့ အခြေအနေဖြစ်နေတယ်”

တောင်ကုတ်မြို့နယ်အတွင်း နှစ်ဘက်တိုက်ပွဲတွေဟာ ဩဂုတ်လ ၂၆ ရက်နေ့က ကြိမ်တော ချောင်းကျေးရွာအနီးမှာ တစ်ကြိမ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က တောင်ကုတ်မြို့ရဲ့ အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာမှာ တစ်ကြိမ်ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲ ပြည်လည်စတင်ခဲ့တဲ့ မောင်တောမြို့နယ် မြောက်ပိုင်းနဲ့ ပလက်ဝမြို့နယ်တွေမှာ တော့ အခုအချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရဆဲဖြစ်ပြီး တိုက်လေ ယာဉ်တွေနဲ့လည်း ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီမောင်တောမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ခမရ (၃၅၂) စခန်းနဲ့ သြဂုတ်လ ၃၁ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် အမှတ် ၄၀ အနီးက စစ်ကောင်စီ နယ်ခြားစောင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့ တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ တပ်သား တွေကိုလည်း ဖမ်းဆီးရမိထားတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သိမ်းပိုက်ခံလိုက်ရတဲ့ စခန်းတွေကို ပြန်လည်ရယူရေးအတွက် ဆောင်ရွက်နေပြီး တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“AA နဲ့ပတ်သက်ပြီးတော့ ဘီပီ ၄၀ နယ်ခြားစောင့်စခန်းကို တိုက်ပြီးတဲ့နောက်မှာ တပ်မတော်အနေနဲ့ လိုအပ်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ငြိမ်းချမ်းရေး လမ်းကို မလျှောက်လှမ်းချင်တော့မို့လို့ အင်အားနည်းတဲ့ နယ်ခြားစောင့် ရဲကင်းစခန်း တွေကို ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်။ ဝင်ရောက်တိုက်ခိုက်တဲ့ နောက်ကွယ်မှာ လည်း အကြံအစဉ်များစွာရှိပါတယ်။ အဲဒီအကြံအစည်တွေကိုလည်း ကျနော်တို့ သိပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ လိုအပ်တဲ့တုံ့ပြန်မှု ဆောင်ရွက်သွားမှာဖြစ် ပါတယ်”

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကတော့ စစ်ကောင်စီတပ်က ပိတ်ဆို့မှုတွေ၊ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး တခြားနေရာတွေမှာလည်း ထိုး စစ်ဆင်လာရင် တန်ပြန်ချေမှုန်းသွားမယ်လို့ စက်တင်ဘာလ ၁၉ ရက်နေ့ ဗီဒီယိုအွန်လိုင်း စနစ်နဲ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“မြန်မာစစ်တပ်က ပိတ်ဆို့မှုတွေများတဲ့ နေရာတွေမှာ ကျနော်တို့ ရက္ခိုင့်တပ်တော် ဘက်ကလည်း အလားတူ တုံ့ပြန်ရတာတွေရှိတယ်။ သူတို့က ထိုးစစ်ဆင်ရင် ကျနော် တို့ကလည်း တန်ပြန်ချေမှုန်းရေး လုပ်ရတယ်။ အဲဒါကြောင့် အဲဒီနေရာတွေမှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ တခြားနေရာတွေမှာလည်း ထိုးစစ်ဆင်လာရင် တော့ တန်ပြန်ချေမှုန်းရေးနဲ့ ကြုံရမှာပဲ။ ဒါဟာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်အပေါ်မှာသာ မူတည်တယ်။ တခြားကိစ္စတွေနဲ့ မဆိုင်ဘူးဆိုတာကို ပြောချင်ပါတယ်”

လက်ရှိ စစ်ကောင်စီတပ်ဟာ မောင်တောမြို့နယ် တစ်ခုလုံးမှာ စစ်ကောင်စီတပ်သား အင်အားတစ်သောင်းလောက်အထိ စစ်အင်အားတိုးချထားပြီး ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်သည်အင်းအား အများအပြား တိုးချထားတယ်လို့လည်း ဆိုပါတယ်။

maungtaw-refugees.JPG
မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာနှင့် တရိန်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင် လာကြသူများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

AA အဖွဲ့ဟာ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ARSA အာဆာအဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက် နေတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုထားပြီး ရက္ခိုင့်တပ်တော် (AA) ကတော့ သူတို့ဟာ ရခိုင်အမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်လို့ ARSA အာဆာ အဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်တာ မရှိဘူးလို့လည်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခက တုံ့ပြန်ပါတယ်။

အခုပြင်းထန်လာတဲ့ တိုက်ပွဲတွေမှာ ရက္ခိုင့်တပ်တော် (AA) ဟာ လွတ်မြောက်နယ်မြေ တစ်ခုရဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြပါတယ်။

“အခုအခြေအနေမှာတော့ ULA/AA ရဲ့တပ်တွေဟာ အနှံ့အပြားမှာနေရာယူမှုတွေ ရှိလာတယ်။ အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးယန္တရားတွေကို အခိုင်အမာတည် ဆောက်လာတယ်။ ခံစစ်ကနေထိုးစစ်၊ စခန်းသိမ်းတိုက်ပွဲအထိ လုပ်ဆောင်လာတယ် လို့မြင်တယ်။ ဒါကြောင့် အခု ULA/AA လုပ်နေတာက မောင်တောက နယ်ခြားစောင့် စခန်းတွေကို စသိမ်းတယ်။ အဲဒီကနေ မောင်တောမြို့နယ်၊ ပလက်ဝမြို့နယ် တဖြေး ဖြေးတိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီးတော့ လွတ်မြောက်နယ်မြေတစ်ခုရဖို့ သူတို့ ကြိုးစားနေတယ်လို့မြင်တယ်”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာ အခုဆိုရင် နှစ်လကျော်အထိရှိသွားပြီဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် မောင်တော၊ ရသေ့တောင်၊ မြောက်ဦးစတဲ့ မြို့နယ်တွေမှာ အိုးအိမ် စွန့်ခွာထွက်ပြေးရသူ တစ်သောင်းကျော်အထိ ရှိနေပါတယ်။ ဒီနှစ်လတာအတွင်း စစ်ကောင် စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မြောက်ဦးမြို့နယ်မှာ ကလေးတစ်ဦး အပါအဝင် ဒေသခံ သုံးဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရာသူတွေဟာလည်း မနေ့ကအထိ ၁၁ ဦး အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။