စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများ
2022.02.12
လေထဲမှာ ရပ်တန့်နေနိုင်တဲ့အပြင် ပြေးလမ်းမလိုဘဲ နေရာဒေသမရွေး သွားနိုင်တဲ့ ရဟတ် ယာဉ်တွေကို ကယ်ဆယ်ရေးနဲ့ တိုက်ခိုက်ရေးမှာအသုံးချနိုင်ပြီး စစ်ကောင်စီကတော့ တိုက် ခိုက်ရေးမှာ အသုံးပြုနေပါတယ်။
အရင်ကဆို တိုင်းရင်းသား လက်နက်ကိုင်တွေရှိတဲ့ ဒေသတွေမှာသာ လေကြောင်းက တိုက်ခိုက်ခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာတဲ့အခါ ပြည်မမှာပါ တိုက်ခိုက်လာပါတယ်။
"တအားပစ်တော့ ချုံပုတ်သေးသေးလေးတွေမှာ ပုန်းပြီးပြေးကြရတာ”
PDF ခေါင်းဆောင် ဗိုလ်နဂါးရှိတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကို စစ်ကောင်စီက ပစ်မှတ် ထားပြီး ပုထိုးသာရွာဝန်းကျင်မှာ ဒီနှစ် ဇန်နဝါရီ ၁၄ ရက်က လာရောက်ပစ်ခတ်ချိန်တုန်းက သားသမီး သုံးယောက်နဲ့ လွတ်ရာပြေးရတာကို ဒေသခံတစ်ယောက်က ပြောပြပါတယ်။
“လူမဆန်ဘူးလို့ ပြောချင်တယ်။ ဘာစကားမှကို မပြောနိုင်ဘူး၊ တစ်ယောက်နဲ့ တစ် ယောက်၊ လွတ်အောင်ပြေး၊ ပုစဉ်းခေါင်း ဒီဘက်လှည့်လာပြီ ဝပ်ဝပ်၊ ဝပ်ကြပြန်ရော၊ လစ်ရင် ပြေးကြပြန်ရော၊ မြေပြန့်လွင်ပြင် ဆိုတော့၊ တောအုပ်အုပ်လေးဆိုရင်ကို မပြေးရဲဘူး၊ အဲဒီနေရာတွေ တအားပစ်တော့ ချုံပုတ်သေးသေးလေးတွေမှာ ပုန်းပြီးပြေး ကြရတာ”
အရပ်စကား ပုစဉ်းခေါင်းဟာ ဟယ်ရီကော့ပတာ ဒါမှမဟုတ် chopper ဒါမှမဟုတ် ရဟတ်ယာဉ်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းမှာတင်မက မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်။ ကရင်ပြည်နယ်တွေမှာပါ လေကြောင်းက တိုက်နေ တာပါ။
ဒီလိုတိုက်နိုင်ဖို့ စစ်ကောင်စီသုံးနေတဲ့ ရဟတ်ယာဉ်တွေအကြောင်း လေတပ်ကနေ CDM အနုနည်းနဲ့ အာဏာဖီဆန်ရေးမှာ ပါဝင်ပြီး လွတ်မြောက်နယ်မြေ ရောက်လာတဲ့ ဗိုလ်လေးမိုးညိုက ပြောပြပါတယ်။
ရဟတ်ယာဉ်နဲ့ လိုက်ပစ်တဲ့နေရာမှာ Mi 35 , MIG 29, Mi 2 သုံးတယ်လို့ ပြောပါတယ်။ Mi17 က လူ ၂၀ ကနေ ၃၀ တင်နိုင်ပြီး လူတွေချပေးတယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးနယ် မြေသွားပြီး အပေါ်ကနေ ရဟတ်ယာဉ်နဲ့ စိုးမိုးထားတဲ့နေရာမှာ လူချတယ်၊ ဒီလိုနည်းနဲ့ ပစ်ခတ်နေတာလို့ ပြောပါတယ်။
လေတပ်စွမ်းရည် မြှင့်တင်ဖို့ ရုရှားကနေ ၁၉၉၉ က ၂၀၁၈ အတွင်း အမေရိကန် ဒေါ်လာ တစ်ဘီလီယံခွဲဖိုး လက်နက်ဝယ်ယူခဲ့တယ်လို့ Stockholm International Peace Research Institute (SIPRI) စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့က ပြောပါတယ်။
မနှစ်က ဖေဖော်ဝါရီမှာ ရုရှားကနေ ရေဒါပစ္စည်းတွေ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်းဖိုးတင်သွင်းတယ်လို့လည်း Moscow Times သတင်းက ဖော်ပြပါတယ်။ စစ်အာဏာ မသိမ်းခင် သီတင်းတစ်ပတ်အလို မနှစ်က ဇန်နဝါရီမှာ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နေပြည်တော် ရောက်လာပြီး မြန်မာစစ်တပ်ကို မြေပြင်ကဝေဟင်ပစ် ဒုံးကျည် စနစ်၊ ထောက်လှမ်းရေးသုံး မောင်းသူမဲ့လေယာဉ် ဒရုန်းနဲ့ ရေဒါဆိုင်ရာ ပစ္စည်းတွေတင်ပို့ဖို့ သဘောတူခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ လက်နက်အရောင်းအဝယ်ကိစ္စ သဘောတူပြီးမကြာခင် စစ်အာဏာ သိမ်းပါတယ်။
ဒါကို မကျေနပ်လို့ ခုခံတော်လှန်သူတွေ ပေါ်ပေါက်လာတဲ့အခါ အရပ်သားတွေကိုပါ လေ ကြောင်းက တိုက်ခိုက်ပါတယ်။ စစ်အစိုးရ အဆက်ဆက် တရုတ်လက်နက်ပဲ အားထားနေ ရာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၀၀ ဝန်းကျင်မှာ မြန်မာ-ရုရှား လက်နက်အ ရောင်းအဝယ် စတင်ပါတယ်။ ဒါကြောင့်လည်း ခုသုံးနေတဲ့ ရဟတ်ယာဉ်တွေဟာ ရုရှားက ချည်းပဲလို့ ဗိုလ်လေးမိုးညိုက ပြောပါတယ်။ Mi အုပ်စုတွေက အားလုံး ရုရှားက ထုတ်လုပ် တာဖြစ်ပြီး ဝေဟင်က တင့်ကားလို့တောင် တင်စားပြောရအောင် မာကျောတယ်။ လေတပ် မှာ စစ်ကစားတဲ့နေရာမှာ ကောင်းတယ်လို့ နာမည်ရတဲ့အကြောင်း ပြောပါတယ်။ တရုတ် လေယာဉ်တွေကတော့ ပျက်တာများလို့ စစ်ဆင်ရေးမှာ မသုံးဘူးလို့ ပြောပါတယ်။ သက်တမ်းတွေလည်းလွန်ပြီး တရုတ်က စရောင်းကတည်းက တပတ်ရစ်သာသာတွေ ရောင်းတာလို့ ပြောပါတယ်။

မီ 35 လို့ခေါ်ခေါ် အမ်အိုင် 35 လို့ပြောပြော ဒီစစ်ရဟတ်ယာဉ်တွေနေရာ အနှံ့သွားတိုက် ခိုက်နိုင်ဖို့ ဗိုလ်မှူးတွေ ဒု-ဗိုလ်မှူးကြီးတွေက မောင်းနှင်တယ်လို့ ပြောပါတယ်။
တစ်ချိန်က သူ့အထက်အရာရှိတွေ လေကြောင်းက တိုက်နေချိန်မှာ တပ်ထဲနေရင် အခွင့် အရေးတွေရပေမယ့် လက်လွှတ်လိုက်ပြီး လွတ်မြောက်မြေတစ်နေရာရောက်နေတဲ့ ဗိုလ်လေးမိုးညို ရင်ဖွင့်တာကတော့ ကိုယ့်တိုင်းရင်းသားတွေနဲ့ မဖြစ်သင့်ဘူးလို့ ပြောပါ တယ်။ အမှန်နဲ့ အမှား ကွဲကွဲပြားပြားနားလည်ပါလျှက် လိုလိုလားလားနဲ့ မတရားတဲ့ဘက် ကပါပြီး လုပ်နေကြတာလို့ ပြောပါတယ်။ ရဟတ်ယဉ်တွေနဲ့ ပေါပေါများများနဲ့ ကိုယ့်စောင့် ရှောက်ရမယ့် ပြည်သူတွေကို သတ်နေတာ မခံစားနိုင်ဘူးလို့ ပြောပါတယ်။
ဗိုလ်လေးမိုးညိုက လက်မခံနိုင်လို့ စွန့်ခွာခဲ့တဲ့ မြန်မာ့လေတပ်ကတော့ စွမ်းရည်မြှင့်တင်နေ ပါတယ်။