မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ရေး စစ်ကောင်စီ ကြိုးပမ်း

2021.09.28
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ရေး စစ်ကောင်စီ ကြိုးပမ်း ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ သင်္ဘောတစ်စီးကို ၂၀၁၇ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းကြောင့် အချိန်နှစ်လကျော်ကြာပိတ်ထားခဲ့ရတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို မကြာခင်ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက RFA ကို ဒီကနေ့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်သေဆုံးမှုတွေ လျော့ကျလာတာကြောင့် စစ်တွေနဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ပြည်ထောင်စုကို တင်ပြထားတယ်လို့လည်း ဦးလှသိန်း က ဆိုပါတယ်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ် ကျန်းမာရေးနဲ့ ကုသရေးဦးစီဌာနကိုလည်း နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်မယ်ဆို ရင် ဖွင့်လို့ရနိုင်ခြေရှိ မရှိ သဘောထားကိုတောင်းပါတယ်။ ဆိုတော့ ကျန်းမာရေးဘက် ကလည်း ခေတ်စကားနဲ့ ပြောမယ်ဆိုလို့ရှိရင် မီးစိမ်းပြတယ် ပြောရမှာပေါ့နော်။ ဆိုတော့ အခြေအနေ အရပ်ရပ်တွေ ကောင်းတဲ့အတွက်ကြောင့် ကျွန်တော်တို့ သုံးသပ်ချက်တွေနဲ့အတူ ပြည်ထောင်စုကို တင်ပြထားပါတယ်”

လက်ရှိမှာတော့ ပြည်ထောင်စုရဲ့  ပြန်ကြားချက်ကို စောင့်နေပြီး ခွင့်ပြုချက်ရရင် ကုန်သွယ်ရေးစခန်းတွေကို ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။

မောင်တော ကညင်ချောင်းနဲ့ စစ်တွေ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ် ဒုတိယလှိုင်းကာလကလည်း ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ ပြန်လည်ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ဖွင့်ပြီး သုံးလလောက်အကြာမှာပဲ ကိုဗစ်ကူးစက်ခံရမှုတွေ ထပ်မံမြင့်တက်လာတဲ့အတွက် ဇူလိုင်လ ၁၅ ရက်နေ့စပြီး ထပ်ရပ်ဆိုင်းထားခဲ့တာ အခုဆိုရင် အချိန်နှစ်လကျော်အထိ ကြာလာခဲ့ပါပြီ။

မောင်တော နယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း ကတော့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်ဖွင့်ခွင့်ရရေး မျှော်လင့်နေတယ်လို့ ပြောပါတယ်။

“ပြင်ဆင်ထားတာကတော့ ကွာရန်တင်းစင်တာလိုသဘောမျိုး။ စက်လှေကပ်မယ့်ဆိပ်ကမ်းနားမှာ အဲဒီလို မျိုးတွေလုပ်ထားပါတယ်။ နှစ်နိုင်ငံဆက်သွယ်တဲ့အခါမှကျရင် ကျွန်တော်ကပြောထားတယ် ဘင်္ဂလားဒေ့ရှ် က ကိုဗစ်ကူးလာရင်လည်း မောင်တောမှာ မကူးရအောင် အသေအချာစီစစ်မယ်။ ကိုယ့်နိုင်ငံကိုမကူးဖို့ဘဲ ကျွန်တော်တို့ထိန်းရမယ်။ ဆိုတော့ နှစ်ဖက်လုံးက အမှန်တကယ် ကျွန်တော်တို့ရေးဆွဲထားတဲ့ စည်းမျည်း စည်းကမ်းနဲ့အညီ နယ်စပ်ကုန်သွယ်ရေးကို ဖွင့်လိုက်မယ်ဆိုရင်တော့ ကောင်းတယ်လို့ ထင်ပါတယ်”

မောင်တော နယ်စပ ကုန်သွယ်ရေးစခန်းကနေ အရင်က တစ်လကို အနည်းဆုံး အမေရိကန်ဒေါ်လာ ဆယ်သိန်းကျော်ဖိုးလောက်အထိ ကုန်ပို့နိုင်ခဲ့ပြီး အခုလိုကိုဗစ်တတိယလှိုင်းကြောင့် ပိတ်ထားတဲ့ကာလမှာ မြန်မာနိုင်ငံကို ဝင်လာမယ့် ဒေါ်လာ သိန်းလေးဆယ်လောက်အထိ နစ်နာခဲ့ရတယ်လို့ဆိုပါတယ်။

စစ်တွေ ရွှေမင်းဂံနယ်စပ် ကုန်သွယ်ရေးစခန်းကလည်း တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တစ်လကို အမေရိကန် ဒေါ်လာ ဆယ်သန်းကျော်ဖိုးလောက်အထိ ကုန်သွယ်နိုင်ခဲ့ပြီး အခုလို ကိုဗစ်ကာလမှာ ကုန်သွယ်ရေးစခန်းကို ရပ်နားထားတဲ့အတွက် နစ်နာမှုတွေရှိနေတယ်လို့ ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းက ပြောပါတယ်။

"ဒီဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး နှစ်ခုကပဲ ပို့ကုန်အသာစီးရတဲ့ ထွက်ပေါက်နှစ်ခုပါ"

မြန်မာနိုင်ငံမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲမှာ စစ်တွေနဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခုပဲ ပို့ကုန်အသာစီးရနေတဲ့ လမ်းကြောင်းတွေဖြစ်တာကြောင့် အချိန်ကြာကြာပိတ်ထားရင် ပို့ကုန်ပစ္စည်း တွေရဲ့ ဈေးကွက်ပျောက်သွားမှာကို စိုးရိမ်းရတယ်လို့လည်း ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦး က ပြောပါတယ်။

“မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးတွေထဲမှာမှ ဒီဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး နှစ်ခုကပဲ ပို့ကုန်အသာစီးရတဲ့ ထွက်ပေါက်နှစ်ခုပါ။ ဒီအထဲမှာ စစ်တွေရော၊ မောင်တောရောပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ပြန်ပြီးသွင်းရတဲ့ကုန်က မရှိသလောက်နည်းတယ်။ ကျွန်တော်တို့ဘက်ကပဲ ပို့တယ်။ အခုလို ပိတ်ထားတာကြာလာလို့ရှိရင်တော့ ကုန်သွယ်မှုက ပစ္စည်းတွေရဲ့ ဈေးကွက်တွေ ပျောက်သွားမှာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်”

စစ်တွေနဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုဟာ မြန်မာနိုင်ငံကထွက်တဲ့ ဆန်၊ ကြက်သွန်အပါဝင် လယ်ယာထုတ်ကုန်တွေ၊ ရေချိုငါး၊ ဂဏန်း၊ ပုစွန် စတဲ့ ရေထုတ်ကုန်တွေကို ၉၀ ရာခိုင်နှုန်းအထိ တင်ပို့နိုင် တာဖြစ်ပြီး တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဒယ်အိုးတွေ၊ သွပ်ထည်ပစ္စည်းတွေနဲ့ ပလက်စတစ် အစရှိတဲ့ ပစ္စည်း ၁၀ ရာခိုင်နှုန်းလောက်ပဲ မြန်မာပြည်ဘက်ကို ပြန်လည်တင်သွင်းတာလို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် ကျဆင်းနေတဲ့စီးပွားရေးကဏ္ဍကို နာလန်ထူဖို့ ဆောင်ရွက်ရာမှာ ဒီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်နိုင်ရင် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်လိမ့်မယ်လို့လည်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က RFA ကို ပြောပါတယ်။

maungtaw-border.jpg
(မောင်တော နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းကို ၂၀၁၆ ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်)

ဒါပေမဲ့ အခုလက်ရှိမှာ စစ်တွေနဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တဘက်ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တင်ပို့တဲ့ကုန်ပစ္စည်းတွေထဲမှာ ရခိုင်ပြည်နယ်ကထုတ်ကုန်တွေ နည်းပါးပြီး ပြည်မဘက်လာတဲ့ ထုတ်ကုန်တွေပဲဖြစ်နေတဲ့အတွက် ရခိုင်ပြည်သူလူထုကို ပိုပြီးအကျိုးပြုလာနိုင်အောင် ဆောင်ရွက်ဖို့ လိုကြောင်း ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်မယ်ဆိုရင် ကိုဗစ်ကာကွယ်ရေးကိုလည်း ပိုကောင်းတဲ့အစီအစဉ်တွေနဲ့ ဆောင်ရွက်သင့်တယ်လို့လည်း ရခိုင်စီးပွားရေးဦးဆောင် အများပိုင်ကုမ္ပဏီလီမိတက် (REIC) ရဲ့ ဒုဥက္ကဋ္ဌ ဦးခင်မောင်ကြီး က ပြောပါတယ်။

“ပြောချင်တာကတော့လေ ကိုဗစ်အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ အရင်နယ်စပ်ကုန်သွယ်ရေးမှာလုပ်ခဲ့တဲ့ ကိုဗစ်ကာကွယ်ရေး၊ ထိန်းသိမ်းရေးအစီအစဉ်တွေထက် ပိုကောင်းတဲ့အစီအစဉ်လေးတွေနဲ့လုပ်ရင် ကောင်း မယ်လို့ထင်တယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်လို့တော့ အာဏာပိုင်တွေကိုရော၊ နယ်စပ်ကုန်သွယ် ရေးနဲ့ လုပ်တဲ့လူတွေကိုရော အခုရှိနေတဲ့အနေအထားထက် ပိုပြီးတော့ကျယ်ကျယ်ပြန့်ပြန့်ပေါ့နော်။ ရခိုင် ပြည်သူလူထုကို ပိုပြီးအကျိုးပြုလာနိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း လုပ်ငန်းကျယ်ပြန့်ဖို့ အတိုင်း အတာကို ကြိုးစားပြီး လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်”

လက်ရှိမှာ ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခ၊ ကိုဗစ်ကပ်ဘေးတွေနဲ့ စစ်အာဏာသိမ်းမှု ဂယက်တွေကြောင့် စီးပွားရေးကဏ္ဍမှာ ၃၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းနေတယ်လို့လည်း ဦးခင်မောင်ကြီးက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းကို ပြီးခဲ့တဲ့မေလက အဲဒီနယ်စပ်ကုန်သွယ်ရေးကနေ စတင်တွေ့ရှိခဲ့ တာပါ။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ အဲဒီနယ်စပ်ကုန်သွယ်ရေးကနေ ကုန်ကူးသွားလာနေသူ ၁၀၀ ကျော် ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။